နိူင်ငံခြားလွှမ်းမိုးမှုများ

နိူင်ငံခြားလွှမ်းမိုးမှုများ

ဧရာဝတီမြစ်နှင့် ရှမ်းရိုးမတောင်တန်းတို့၏ အကြားတွင်ရှိသော ပြန့်ပြူးသာယာသည့် လွင်ပြင်ဝယ် နေပြည်တော်ကို တည်ဆောက်ထားပေသည်။ ကြာပွင့်များဖြင့် ပနံသင့်နေသည့် ကျုံးရေ၏ ကြေးမုံလွင်ပြင်တွင် နှင်းဆီနီရောင် သမ်းနေသော မြို့ရိုးကြီးသည် အရိပ်ထင်လျက် ရှိ၏။ ဦးနှင့် ပဲ့ပိုင်းတွင် လှပဝင့်ကြွားသော ပန်းပုရုပ်များဖြင့် တင့်တယ်နေသည့် ရွှေရောင် တဝင်းဝင်းနှင့် ဖောင်တော်များသည် ကျုံးရေပြင်တွင် တငြိမ့်ငြိမ့် လှုပ်မျောနေကြပေသည်။ ဖောင်တော်ပေါ်၌မူကား အခမ်းအနား သဘင်များအတွက် မျက်စိပဒေသာ ရှိစေရန် လှလှပပ ဆင်ယင် ခြယ်သထားလျက်ရှိသည်။

ရွှေဝါသင်္ကန်းကို ဆင်မြန်းထားသော ဘုန်းတော်ကြီးများ၊ အနီရောင် ဆင်တူဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ဆေးရောင် မှေးမှေး မှိန်မှိန် ရှိလှသော ဘုရင့်တပ်သားများ၊ တစ်ခေါင်းလုံးတွင် ပန်းတွေ ဝေဝေဆာဆာ ပန်ထားသော ဈေးသည်မလေးများ စသည်တို့သည် နေခြည်ဖွေးဖွေးတွင် လှုပ်ရှားသွားလာလျက် ရှိကြ၏။ သို့သော် ဤမြင်ကွင်းဝယ် ထူးဆန်းသော လူတချို့ကို တွေ့ရ၏။ နေကာ ဦးထုပ်ကြီး တစ်လုံးဆောင်းထားသော အနောက်တိုင်းသား မျက်နှာဖြူ တစ်ဦးသည် ဥရောပသူ မျက်နှာဖြူ အမျိုးသမီး တစ်ဦးနှင့် အတူ နွားဆွဲသော ဘီဒိုလှည်းကို စီး၍ သွားလာနေ၏။ သူတို့ကား နေပြည်တော်ရှိ နိူင်ငံခြား သံအဖွဲ့ဝင်များ ဖြစ်ကြသည်။ ဤသံအဖွဲ့ဝင်တို့တွင် ဗြိတိသျှနှင့် အခြားနိူင်ငံ အသီးသီးမှ သံအဖွဲ့ဝင်များ၊ ကုန်သည်များ၊ သာသနာပြု အဖွဲ့ဝင်များ ပါဝင် ကြလေသည်။

မန္တလေးသို့ လာရောက်သော နိုင်ငံခြားသားများကို မင်းတုန်းမင်းသည် အမြဲတမ်း ကြိုဆိုနေပေသည်။ နိူင်ငံခြားသား များကို လွှတ်တော်တွင် လည်းကောင်း၊ အခြားသူ ဆန္ဒရှိရာ တစ်နေရာရာတွင် လည်းကောင်း၊ အလုပ်အကိုင် နေရာ ချထားပေးသည်။ ပြင်သစ်နှင့် အီတလီနိူင်ငံမှ မှူးမတ်နွယ်ဝင် ပုဂ္ဂိုလ်များ၊ သင်္ဘောသားများ၊ ကုန်သည်ကလေးများ တို့သည် နေပြည်တော်၌ အလုပ်အကိုင် ထားရှိထားကြ၏။ ပြောစမှတ်ကြီး ဖြစ်နေသော လက်နက်ခဲယမ်း ပညာနှင့် ပတ်သတ်၍ တတ်ကျွမ်း နားလည်သူ ဖြစ်လျှင် ဘုရင့်လက်နက်တိုက်တွင် သူ့အတွက် အလုပ်နေရာ အမြဲတမ်း ရှိနေသည် ဟူ၏။

မင်းတုန်းမင်းကား အနောက်နိူင်ငံတို့၏ တိုးတက်ဖွံ့ဖြိုးမှုများကို အမြဲမပြတ် အကဲခတ်နေသူ ဖြစ်၏။ ထို့ပြင်လည်း ယင်းတို့၏ စက်မှု သိပ္ပံပညာ တိုးတက်ဖွံ့ဖြိုးမှုများကို မိမိတို့လက်ဝယ် ရောက်ရှိစေရန် အားထုတ် ကြိုးပမ်းမှုများကိုလည်း ပြုလုပ်ခဲ့ ပေသည်။ သူသည် မန္တလေးမြို့တွင် စက်ရုံများစွာကို တည်ဆောက်ရန် အားထုတ်ခဲ့သည်။ ထိုသို့အားထုတ်ရင်း အလိမ်မိခဲ့သည်လည်း ရှိ၏။ ဥပမာအားဖြင့် မိမိကိုယ်ကို မိမိ လက်နက်ပါရဂူ တစ်ဦးအဖြစ် ဘုရင့်ထံဝင်၍ လျှောက်ထားသူ တစ်ဦးထံမှ ဘာလက်နက်တစ်ခုမျှ ထွက်မလာသည့် ဖြစ်ရပ်မျိုး ဖြစ်သည်။ အချိန်တန်၍ လက်နက်အသစ်အဆန်း ထုတ်လုပ်မှု မရှိသောအခါ ပါရဂူဆိုသူသည် အကြောင်းပြချက် အသင့် ရှာထား၏။ စက်ပစ္စည်းများ မရှိသေး၍ ဥရောပတိုက်သို့ မှာကြားရဦးမည်…… စသည်ဖြင့် ………။ ဤသို့ဖြင့် လပေါင်း များစွာ ကြာသွားသောအခါတွင် နောက်ထပ် ဆင်ခြင်သစ် ပေးရန် ထိုသူသည် အသင့် စဉ်းစားပြီး ဖြစ်နေပြန်လေပြီ။

၁၈၆၁ ခုနစ်အထိ မြန်မာနိူင်ငံတွင် ငွေကြေးစနစ်ကို မသုံးစွဲ ဖြစ်သေးပေ။ ယခင်က ရှိပြီး စနစ်အတိုင်း ကုန်ပစ္စည်း အချင်းချင်း လဲလှယ်မှုဖြင့်သာ သုံးစွဲလုပ်ကိုင်ရ၏။ ဤသို့ဖြင့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရန် မြန်မာနိူင်ငံအတွက် တံခါးပိတ်လျက် ရှိလေသည်။ ထိုအချိန်တွင် ဗြိတိသျှပိုင် အောက်မြန်မာနိူင်ငံနှင့် အထက် မြန်မာနိူင်ငံ အကြား၌ ကုန်သွယ်မှု တိုးတက်ဆောင်ရွက်ရန် အခြေအနေ ပေးလျက်ရှိရာ တည်ငြိမ်ခိုင်မာသော ငွေကြေးစနစ်ကို အခြေခံထား၍ ဆောင်ရွက်ရန် လိုအပ်နေသည်။ ဤအခြေအနေကို ကောင်းစွာ နားလည်သော မင်းတုန်းဘုရင်သည် ငွေဒင်္ဂါးစနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ပြီး ငွေဒင်္ဂါးစက်ရုံကို တည်ဆောက် လေသည်။

အီတလီ သာသနာပြုအဖွဲ့ ဘုန်းတော်ကြီး ဖားသား စန်ဂျာမေနိုသည် ၁၈ရာစု ပြည့်လုနီးပါးသည် အထိ မြန်မာနိူင်ငံ၌ နေထိုင်ခဲ့သည်။ သူသည် ထင်ရှားသော စာရေးဆရာ တစ်ဦးလည်း ဖြစ်ပေသည်။ သူနေထိုင်ခဲ့စဉ်က မြန်မာနိူင်ငံ ဖြစ်ပေါ်နေသော ကုန်ပစ္စည်း ဖလှယ်မှု စနစ်ကို ဖားသားစန်ဂျာမေနိုက ဤသို့ဖော်ပြ၏။ “ မြန်မာများတွင် ဒင်္ဂါးစနစ် မရှိပေ။ သို့သော် သူတို့ စီးပွားကုန်သွယ်ရာတွင် ရွှေနှင့် ငွေစင်ကို ကိုယ်တွယ် သုံးစွဲကြသည်။ ဤသို့ဖြင့် ပေးဆပ်စရာ ရှိသည်ကို စနစ်တကျ တိုင်းထွာ၍ ပေးဆပ်ကြသည်။ ထိုသို့ ပေးဆပ်ရာ၌ ‘ကျပ်’ ကို အခြေခံထားသည်။ အလေးချိန် တစ်ကျပ်သည် အောင်စဝက်ခန့် ရှိသည်။ ရွှေနှင့် ငွေစင်တို့မှာ တစ်ခါတစ်ရံ၌ အလွန် သန့်စင်ပေသည်။ သို့သော် အများအားဖြင့် ယင်းတို့ကို သတ္တုအချို့ဖြင့် ရောစပ်လေ့ ရှိကြသည်။ ဤသို့ဖြင့် ယင်းတို့၏ သန့်စင်မှုကို အတိုင်းအတာပြု၍ ဈေးဆိုခြင်း ပြုကြပေသည်”

မင်းတုန်းမင်း၏ ခေတ်သို့ ရောက်သည့်တိုင် ကုန်သွယ်မှုတွင် အထက်ပါ အခြေအနေမှ မတိုးတက်သေးပေ။ ဤတွင် ဒင်္ဂါးစက်ရုံ တည်ဆောက်မှု ဖြစ်ပေါ်ခဲ့ပေသည်။ မင်းတုန်းမင်းသည် အနောက်တိုင်း ဆေးပညာနှင့် အနောက်တိုင်း ဆရာဝန်များကို အလေးထား၍ ဆက်ဆံမှု ပြုခဲ့၏။ သူ့ခေတ် သူ့အခါ တိုင်အောင်ပင် နိုင်ငံသားတို့သည် ခေတ်မမီတော့သော အတွေးအခေါ်များကို အားကိုးနေကြဆဲ ဖြစ်သည်။ ဤအခြေအနေတွင် ဘုရင်သည် နေပြည်တော် အတွင်းရှိ ရပ်ကွက်များ၌ ဇီဝိတဒါန ဆေးကုဌာန များနှင့် ဆေးရုံအများအပြား ဆောက်လုပ်ဖွင့်လှစ်စေခဲ့သည်။ ပင်မဆေးရုံကြီးတွင် ဂျာမန်အမျိုးသား ဆရာဝန်ကြီး ဒေါက်တာ မာဖဲလ်ကို ဆေးရုံအုပ်ကြီး အဖြစ် ခန့်ထားခဲ့၏။ မင်းတုန်းမင်းကား မြန်မာလူထုနှင့် အနောက်တိုင်း ဆေးပညာတို့ ရင်းနှီး ကျွမ်းဝင်အောင် အပတ်တကုတ် ကြိုးပမ်းမှု ပြုခဲ့သူ ဖြစ်လေသည်။

တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts