မိဖုရား

မိဖုရား ၊ ဝန်ကြီးနှင့် တရားသူကြီးများ

နန်းတော်သည် နိူင်ငံတော်၏ အချက်အချာဒေသ ဖြစ်ရုံမျှ မကသေး၊ ဘုရင့်စံအိမ်တော်လည်း ဖြစ်သည်။ ထို့ပြင် နိူင်ငံတော်၏ အဖိုးတန် ရတနာများကို စုစည်း သိမ်းဆည်းထားရာ ဘဏ္ဍာသိုက်ကြီးလည်း ဖြစ်၏။ တစ်ဖန် တကယ်ပစ်၍ ရသည် မရသည်ကို အပထား၊ ဘုရင့်အမြောက်၊ သေနတ်၊ မီးပေါက်၊ လက်နက်များကို စုဝေး သိမ်းဆည်းထားရာ နေရာဆိုကလည်း မမှားပါချေ။ 
နန်းတော်ဝင်း အတွင်း၌ပင် လွှတ်တော်ဆောင်နှင့် နိူင်ငံတော်၏ အရေးပါသော အရာရှိကြီးများ၏ စံအိမ်၊ ဘုရင့်တပ်မတော်သားတို့၏ နေအိမ်များကိုလည်း ထားရှိပေသေးသည်။ 

နန်းတော်အတွင်း၌ရှိသော ဤအဆောက်အအုံပေါင်း များစွာတို့ကို လေးဖက်ညီ နန်းမြို့ရိုး နှစ်ထပ် ကာရံထားပေသည်။ အပြင်မြို့ရိုးကို ကျွန်းသစ်လုံးများဖြင့် ဆောက်လုပ်ထားပြီး သစ်တပ်ဟု ခေါ်တွင်သည်။ ယင်းသစ်တပ်အတွင်း ပေခြောက်ဆယ်မျှ အကွာတွင် ဒုတိယမြို့ရိုးရှိသည်။ နန်းမြို့ရိုးတွင် ရှိသော အရှေ့ဘက်တံခါးသည် ဘုရင်နှင့် နန်းညွှန့်နန်းလျာ မဟာဆီ မဟာသွေးများသာ ဝင်ခွင့် ထွက်ခွင့် ရှိလေသည်။ အရှေ့တံခါး၏ဘေးမှ ပဟိုရ်စင်ရှိ ပဟိုရ်စည်ကြီးကို အစောင့်စစ်သားများက တီးခတ်၍ အချိန်နာရီ ကြေညာပေးလျက် ရှိပေသည်။ 

အရှေ့တံခါးမကြီးကို မျက်နှာမူ၍နေသော ခန်းမကြီးမှာ အရေးကြီးသော ညီလာခံ ခန်းမကြီးဖြစ်သည်။ ဤနေရာကား စကြာဝဠာ၏ ဗဟိုချက်မ ဖြစ်သည်ဟု ဂုဏ်ယူပြောဆိုသော ဂုဏ်သရေရှိ ညီလာခံ ခန်းမကြီးဖြစ်ပြီး သီဟာသနပလ္လင်တော် တည်ရှိရာ နေရာလည်း ဖြစ်ပေသည်။ တခြားသော အဆောင်ဆောင် အခန်းခန်းတို့တွင်လည်း ခုနစ်ခုထက်မနည်းသော အခြား ပလ္လင်တော်များ ရှိသေး၏။ ယင်းပလ္လင်များမှလည်း သူ့အကြောင်းအရာနှင့်သူ စည်းကမ်းနည်းလမ်းဖြင့် အခမ်းအနားသဘင်များ ကျင်းပရန် သတ်မှတ်ထား၏။ 
ဤပလ္လင်များတွင် ငန်းရုပ်ခံသော ပလ္လင်မှာ နိူင်ငံခြားသားများကို လက်ခံတွေ့ဆုံရန်နှင့် သင်္ကြန်နှစ်သစ်ကူး ရေသဘင်ပွဲ ကစားရန်အတွက်ဖြစ်ပြီး၊ ဆင်ရုပ်ခံပလ္လင်နှင့် သမင်ရုပ်ခံပလ္လင်တို့မှာ ဆင်ဖြူတော်နှင့် သက်ဆိုင်သော အခမ်းအနားများ ကျင်းပရန် ဖြစ်လေ၏။ ခရုရုပ်ခံပလ္လင်မှာ နန်းမွေနန်းလျာ သတ်မှတ်သော အခမ်းအနားအတွက်ဖြစ်၍ ဒေါင်းရုပ်ခံပလ္လင်နှင့် ကြာပွင့်ခံပလ္လင်တို့မှာမူ ဘုရင်ထံသို့ လာရောက်ဆက်သသော မိဖုရားများအတွက် အခမ်းအနားများ ကျင်းပရန် ဖြစ်လေသည်။ 
နန်းတော်တွင်း၌ အဆောင်ဆောင် အခန်းခန်းများစွာ ရှိပေရာ မိဖုရားများ၊ သားတော်၊ သမီးတော်များနှင့် ယင်းတို့၏ မောင်းမမိဿံ ခြွေရံသင်းပင်းတို့အတွက်ပါ နန်းဆောင် အသီးသီး သတ်မှတ်ပေးထားခဲ့ပေသည်။ 

နန်းတော်၏ အနောက်ပိုင်းတွင် မိဖုရား နှင့် ခြွေရံအပျိုတော်၊ ကိုယ်လုပ်တော်များအတွက် သီးသန့်နေရာ ဖြစ်သည်။ ဤအဆောင်များဆီသို့ ဘုရင်မင်းမြတ်မှ တစ်ပါး တခြားသော ယောကျာ်းဆို၍ မည်သူမျှ ကျူးကျော်ခွင့် မရှိပါချေ။ ဘုရင်သည် မိဖုရား အများအပြား ယူပိုင်ခွင့်ရှိ၏။ ဘုရင်က မိဖုရား ယူရာတွင် မည်မျှသာ ယူရမည်ဟု ကန့်သတ်ခွင့်မရှိ။ မိဖုရားခေါင်ကြီးမှာ အများအားဖြင့် ဘုရင်၏ ညီမတော် သို့မဟုတ် အဖေတူ အမေကွဲ ညီမတော်သူ ဖြစ်၏။ ဤမိဖုရားခေါင်ကြီးမှာ ဘုရင့်မိဖုရား မဖြစ်မီကပင် တပင်တိုင်မင်းသမီးအဖြစ် သီးသန့်နန်းတွင် စံမြန်းနေရ၏။ တပင်တိုင်မင်းသမီးမှာ ဘုရင်နန်းတတ်တော်မူသော အချိန်အထိ အပျိုစင်အဖြစ် သန့်စင်စွာ နေရပေသည်။ 

မိဖုရားခေါင်ကြီးကို နန်းမတော်ကြီးဟု လည်းကောင်း၊ တောင်နန်းမတော်ဟုလည်းကောင်း ခေါ်ဝေါ်၏။ မြောက်နန်းမိဖုရားနှင့် အနောက်နန်းမိဖုရားတို့သည်လည်း ပထမတန်း အခွင့်ထူးရ မိဖုရားများ ဖြစ်ကြ၏။ ထို့ပြင် ဒုတိယတန်းစား မိဖုရားနှင့် ကိုယ်လုပ်တော်များဟူ၍လည်း ဘုရင့်အတွက် သီးသန့်ရှိသေးသည်။ ဤမိဖုရားထဲမှ အတော်များများတို့မှာ သူတို့အတွက် သီးသန့် အခွန်အကောက် ကောက်ခံယူနိူင်ခွင့် ပြုထားသော မြို့များ၊ နယ်များကို အပိုင်စား ရရှိထားကြပေသည်။ 

မင်းတုန်းဘုရင်ကြီးတွင် မိဖုရားပေါင်း ၄၅ပါး ရှိသည်။ ယင်းတို့ထဲမှ အချို့မိဖုရားများမှာ မင်းတုန်းမင်းဘုရင် စိတ်တိုင်းကျ ရွေးကောက်ယူထားရသည်မဟုတ်။ လက်အောက်ခံနယ်စား ပယ်စားများထံမှ သစ္စာတော်ခံမြဲ ခံနေဆဲ ဟူသော အထိမ်းအမှတ်အဖြစ် သမီးကညာများ လာရောက်ဆက်သသောကြောင့် လက်ခံရယူထားခြင်း ဖြစ်၏။ 

မင်းတုန်းမင်းကြီး၏ မိဖုရားခေါင်ကြီးမှာ သူ့ထက်အသက် အနည်းငယ် ကြီးပေသည်။ ထို့ပြင် မင်းတုန်းမင်းကြီး ကဲ့သို့ပင် ဘာသာရေးတွင် အထူးစိတ်ဝင်စားသူလည်း ဖြစ်သည်။ တစ်ဖန် ပလ္လင်တော်ပေါ်တွင် ဘုရင့်ညာဘက်မှ ထိုင်ခွင့်ရသူ တစ်ဦးတည်းသော မိဖုရားခေါင်ကြီးလည်း ဖြစ်၏။ ထီးဖြူတစ်လက်ကို မိုးကာခွင့် ရသည့်အပြင် ဘုရင်အား ပြောဝံ့ ဆိုဝံ့ လျှောက်တင်ဝံ့သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်လေသည်။

မင်းတုန်းမင်း၏ မိဖုရားများစွာတို့တွင် မင်းမျိုးမင်းနွယ် ဖြစ်သော အလယ်နန်းမတော် မိဖုရားမှာ ဘုရင်၏ အရေးပေး အခံရဆုံး ဖြစ်သည်။ ဤမိဖုရားကား စိတ်နေမြင့်မားပြီး အလိုရမ္မက်လည်း ကြီးမားသူဖြစ်၏။ မင်းတုန်းမင်း၏ အခြားသော မိဖုရားများက မုန်းတီးခြင်းကို ခံရပြီး မကြာခဏလည်း မသင့်မတင့် ဖြစ်ခဲ့ရ၏။ 

မကွေးမိဖုရားမှာ အလယ်နန်းမတော်နှင့် မသင့်သူ ဖြစ်ရကား အလယ်နန်းမတော်က အဆိပ်ကျွေးသတ်မည့် အန္တရာယ်ကို ကြောက်နေရကြောင်းဖြင့် မင်းတုန်းမင်းကြီးအား လျှောက်တင်ခဲ့လေ၏။ မကွေးမိဖုရားက ဘုရင်အား မကြာခဏ နားပူနေသော ကိစ္စတစ်ရပ်ရှိသည်။ ယင်းမှာ မိမိအား နန်းတော်အတွင်းမှ ထွက်ခွာခွင့် ပေးပြီး မိမိ၏ ချစ်သူဟောင်းနှင့် ပြန်လည်ပေါင်းသင်းခွင့်ပြုရန် ဖြစ်သည်။ မိဖုရား၏ ချစ်သူဟောင်းမှာ ဧရာဝတီမြစ်ရိုးမှ သာမန် ကုန်သည်တစ်ဦးမျှသာ ဖြစ်သည်။ အံ့သြစရာ ကောင်းသည်မှာကား တောင်းပန်ချက်ကို လက်ခံပြီး မိဖုရားကို ရပ်ရွာသို့ ပြန်ခွင့်ပြုလိုက်၏။ မိဖုရားပိုင်ပစ္စည်းများကိုမူ ပြန်လည် သိမ်းယူ ထားလိုက်ပေသည်။ မိဖုရား၏ ချစ်သူမှာ မန္တလေးမြို့ဝန်၏ ဖမ်းဆီးခြင်းကို ခံနေရ၏။ သူ့ကို အရေးယူထားသော စွဲချက်မှာ နိုင်ငံတော် ပုန်ကန်မှု ဖြစ်၏။ ဖမ်းဆီးထားသူကို မင်းတုန်းမင်း၏ အမိန့်ဖြင့် လွှတ်လိုက်ရသည်။ ထိုသူမှာ မကွေးမိဖုရားနှင့် လက်ထပ်ရန် ခွင့်ပြုထားသူ ဖြစ်၍ လွှတ်လိုက်ရန် မင်းတုန်းမင်းက အမိန့်ချလေသည်။ 

မိဖုရားတစ်ပါး၏ ဖြစ်ရပ်တစ်ခုလည်း ရှိသေး၏။ မိဖုရားများတွင် ထိုမိဖုရားမှာ သတ္တမဆင့်တွင် ရှိပေသည်။ ဤမိဖုရားမှာ သာသနာပိုင် ဆရာတော်ကျောင်းမှ ပုဂ္ဂိုလ်တစ်ဦးနှင့် ငြိစွန်းခဲ့သည်ဟု ဆို၏။ ဤပြစ်မှုအတွက် မိဖုရားကို မယ်သီလရင်ကျောင်းသို့ ပို့အပ် ဒဏ်ခတ်လိုက်သည်။ သူနှင့် ငြိစွန်းသော ပုဂ္ဂိုလ်မှာမူ အကျဉ်းထောင်ထဲတွင်ပင် ရုတ်တရက် သေဆုံးသွားခဲ့လေသည်။ 
ဝန်ကြီးများထဲတွင် အထင်ရှားဆုံးမှာ ကင်းဝန်မင်းကြီး ဖြစ်၏။ မြန်မာဘုရင်များ အုပ်ချုပ်ပုံစနစ်မှာ ဝန်ကြီးချုပ်ရာထူးဟု မရှိသော်လည်း ကင်းဝန်မင်းကြီး၏ ရာထူးမှာ ဝန်ကြီးချုပ်ရာထူးမျိုးပင် ဖြစ်၏။ ကင်းဝန်မင်းကြီးသည်သည် နိူင်ငံခြားရေးဝန်ကြီးရာထူးကိုလည်း ပူးတွဲတာဝန်ယူရ၏။ အမှန်ဆိုသော် ဤတာဝန်မှာ “ကုလားဝန်” ၏ တာဝန်ဝတ္တရား ဖြစ်၏။ တစ်ကြိမ်က ကုလားဝန်မှာ အမေရိကန် အမျိုးသား မစ္စတာ မနွတ်ဖြစ်၏။ သူ။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို အထောက်အထားပြု၍ ဤရာထူးတွင် ခန့်ထားခဲ့ခြင်း ဖြစ်သည်။ 

ကင်းဝန်မင်းကြီးသည် ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် အချိန်အတော်ကြာ နေခဲ့ဖူး၏။ ထိုအရည်အသွေးကြောင့်ပင် ဘုရင်မင်းမြတ်က ဤရာထူးကို ခန့်ထားရန် မျက်စိကျခဲ့ခြင်းဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ ကင်းဝန်မင်းကြီးသည် မြန်မာသံတမန်အဖွဲ့ကို ခေါင်းဆောင်၍ ဥရောပနိူင်ငံ နှစ်နိူင်ငံသို့ ရောက်ရှိခဲ့ဖူးလေ၏။ ဤအတွေ့အကြုံအရ မိမိနိူင်ငံ၏ အင်အားနည်းပါးသည့် ဖြစ်ရပ်ကို နားလည်သွားပြီး အနောက်နိူင်ငံကြီးများ၏ တိုးတက်နေသော လက်နက်အင်အားကိုလည်း အသိအမှတ် ပြုမိခဲ့လေသည်။ 

သူသည် ဗြိတိသျှတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိူင်ခဲ့သူ ဖြစ်သည့်အတိုင်း သီပေါမင်း နန်းကျသွားသည့် နောက်ပိုင်းတွင် ဗြိတိသျှ အစိုးရထံ၌ ဆက်လက်၍ အမှုထမ်းခဲ့ရသေး၏။ ကင်းဝန်မင်းကြီးမှာ ဝန်ကြီးလေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်လေသည်။ ဝန်ကြီးတစ်ပါးစီတွင် လက်ထောက်အရာရှိအဖြစ် ဝန်ထောက်တစ်ဦးစီ ရှိကြ၏။ ယင်းဝန်ထောက်များသည် အစိုးရ၏ အတွင်းဝန် သဘောမျိုးပင် ဖြစ်ကြသည်။

ဝန်ကြီးလေးပါးသည် လွှတ်တော်ကို ဦးစီးအုပ်ချုပ်ရပြီး သူတို့၏ ဝန်ထောက်များနှင့်အတူ လွှတ်တေ်ာသို့ တက်ရသည်။ ထို့ပြင် ဗြဲတိုက်ကို ဦးစီးရသော အတွင်းဝန် လေးဦးလည်း သီးသန့်ရှိသေး၏။ ဗြဲတိုက်ကို ဦးစီးရသူတို့၏ သာမန်တာဝန်မှာ နန်းတွင်းရေးရာများကို ကြီးကြပ်ကွပ်ကဲရန် ဖြစ်သော်လည်း မင်းတုန်းမင်း၏ ဗြဲတိုက်ဝန်တို့မှာ နိူင်ငံတော်၏ ဘဏ္ဍာရေးဌာနနှင့် တပ်မတော်ကို ကိုင်တွယ်အုပ်ချုပ်ရပေသည်။ 

ဘုရင်မင်းမြတ်အတွက် လွှတ်တော်နှင့် ဗြဲတိုက်ဟူ၍ ဌာနကြီးနှစ်ခု ရှိနေသော်လည်း ဤဌာနရှိ ပုဂ္ဂိုလ်တို့သည် ဘုရင်၏ အယူအဆများကို ဆန့်ကျင်ဝေဖန်မှု ပြုရဲကြသည် မဟုတ်ပေ။ 

ဘုရင့်အား အကြံပေးတင်ပြချက်များသည် လက်ခံနိူင်ဖွယ်များသာ ဖြစ်စေရပြီး မည်သည့် ဝန်ကြီး မင်းကြီးကမျှ ဘုရင်လက်ခံသဘောတူခြင်း မပြုနိူင်သော အချက်များကို အကြံမပေးရ။ 

လွှတ်တော်သည် တရားစီရင်ရေး ကိစ္စများကို ဆောင်ရွက်ရပြီး နိူင်ငံတော်တွင် အမြင့်မားဆုံး တရားလွှတ်တော်ချုပ် ဖြစ်ပေသည်။ တရားဥပဒေတို့မှာ ယေဘုယျသဘောနှင့် ရှေးကျသော အယူအဆ ဓလေ့ထုံးစံများ ရောနှော၍ နေလေ၏။ ဥပမာအားဖြင့် လင်မယားကွာရှင်းလိုလျှင် အလွန်ရှင်းလင်းပြတ်သား၍ လွယ်ကူလှသည်။ တရားရုံးသို့ သွားရောက်ပြီး အသိအမှတ်ပြု ခံယူရန်မလိုပေ။ နှစ်ဦးနှစ်ဖက်က ကွာရှင်းရန် သဘောတူပါက ကိစ္စပြီး၏။ ရာဇဝတ်မှု ကျင့်ထုံးမှာမူ အနည်းငယ် ကြမ်းတမ်းသည်။ ပြစ်မှုကျူးလွန်သူအား လက်စားပြန်ချေသည့်သဘော ပါဝင်သည့် ပြစ်ဒဏ်များ ရှိတန်သရွေ့ ရှိသေးသည်။ သို့သော် ချမ်းသာကြွယ်ဝသူ တစ်ဦးအနေဖြင့် ပြစ်ဒဏ်မကျခံဘဲ ကွင်းလုံးကျွတ်လွတ်သွားသည်လည်း ရှိသည်။ ခြေဖြတ်၊ လက်ဖြတ်ခြင်း၊ ကျေးကျွန်အဖြစ် သတ်မှတ်ထားခြင်းနှင့် သေဒဏ်ပေးခြင်းတို့မှာ တရားဝင် သတ်မှတ်ထားသော ပြစ်ဒဏ်များ ဖြစ်ပြီး သေဒဏ်ပေးလျှင် ခေါင်းဖြတ်၍ အဆုံးစီရင်လေသည်။ 

ကျေးကျွန်အဖြစ် အပြစ်ဒဏ်ပေးခံရလျှင် ပြစ်ဒဏ်ကျခံရသူ၏ ဆွေစဉ်မျိုးဆက်အားလုံး ကျွန်အဖြစ် အမွေခံရသည်။ ဘုရားကျွန်များအဖြစ်၊ ပြစ်ဒဏ်ကျခံရသောသူ ကံဆိုးသူတို့မှာ တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးရပြီး လူ့အဆင့်အတန်း ခွဲခြားမှုဒဏ်ကို ခံကြရသည်။ ဗြိတိသျှ အစိုးရခေတ်သို့ ရောက်သည့်တိုင် ဤဘုရားကျွန်များ၏ အဆက်အနွယ်တို့သည် ရှေးရိုးဓလေ့ထုံးစံများအတိုင်း လက်ခံ ကျင့်သုံးနေကြဆဲ ဖြစ်သည်။ 

ဤသို့ဖြင့် များပြားလှစွာသော မိဖုရားများ၊ မင်းညီမင်းသားများ၊ ဝန်ကြီးမင်းကြီးများနှင့် နန်းတွင်းအမှုထမ်း အရာထမ်းများ နေထိုင်ကြသော နန်းတော်အတွင်း၌ လူတိုင်း လူတိုင်း အလုပ်ရှုပ်နေကြသည်။ သူတို့သည် ရှုပ်ထွေးပွေလီသော ဇာတ်လမ်းအသီးသီးကို ကပြနေကြသည်။ လူတစ်ဦးစီ၏ ကံကြမ္မာ အဆိုးအကောင်းမှာ ဘုရင်မင်းမြတ်၏ စိတ်ပြောင်းစိတ်လွဲပေါ်တွင် အမှီသဟဲ ပြုနေ၏။ ထို့ပြင်လည်း တစ်ဦးနှင့်တစ်ဦး မကောင်းကြံစည်မှုများကို တန်ပြန် ကြံစည်မှုများသည်လည်း ဖြစ်ပေါ်လျက် ရှိနေပြန်သေးသည်။ 

ဝန်ကြီးများသည် မိဖုရားများ၏ မျက်နှာသာပေးမှုကို ရအောင် ကြိုးပမ်းနေကြရရှာ၏။ အချို့ကလည်း ဘုန်းတော်ကြီးများ၏ အထင်ကြီးမှုကို ရယူရန် အားထုတ်နေကြရသည်။ မင်းဆရာ ဘုန်းတော်ကြီးများ၏ အဆိုအမိန့်ကို ဘုရင်က လိုက်နာ၍ ဖြစ်သည်။ လွှတ်တော်တွင် တရားဆိုင်နေကြရသော အမှုသည်တို့ကမူ မိမိတို့ အမှုနိူင်ရန် လာဘ်ငွေ ကြီးကြီးမားမား ပေးရန် ကြိုးစားနေကြသည်။ မိမိတို့နှင့် ဖက်ပြိုင်သော တရားပြိုင်ကလည်း အလားတူ လာဘ်ငွေ ထိုးမည်ကို သိပြီး ဖြစ်ပေရာ သူ့ထက်ငါ ဦးအောင် ငွေဝင်ထားဖို့သာ ကြိုးပမ်းနေကြတော့၏။ 

မင်းညီမင်းသားတွေကရော ၊ မင်းသားတစ်ပါးပါး သို့မဟုတ် နှစ်ပါးလောက်က ဘုရင့်မကိုဋ်တော်ကို ရယူရန် ကျိတ်၍ အံခဲနေကြမည် ဖြစ်သည်။ ရွှေနှင့် ကျောက်သံပတ္တမြား ရတနာများ စီခြယ်ထားသော မင်းတုန်းမင်း၏ မကိုဋ်တော်ကို အရယူရန် ဘယ်လို ကြိုးစားရပါ့မလဲ။ ဘုရင်မင်းတရားကြီး၏ မကိုဋ်တော်ကို အရယူရန်အတွက် နောက်လိုက်နောက်ပါ စုသူတွေက စုနေကြမည် ဧကန်။ တချို့ကတော့ နန်းရရေးကို ကူညီနိူင်မည့် မင်းသမီးတစ်ပါးပါးနှင့် ချစ်ကြိုးသွယ်ရန် ကြံကြမည်။ သည်နည်းကမှ အသက်အန္တရာယ်နှင့် ဝေးသည်။ မည်သည့်နည်းနှင့်ဖြစ်စေ ဘုရင့်အရိုက်အရာတော်ကို ဆက်ခံမည်။ မကိုဋ်တော်သည် လက်တစ်ကမ်း၌ စောင့်နေလိမ့်မည် ဧကန်။ 

ဤအခြင်းအရာကို မင်းတုန်းမင်းတရားကြီး မသိဘဲ ရှိမည်မဟုတ်၊ သိမည်မလွဲ။ သူ၏ သူလျိုတွေ ဆိုသည်က နေရာအနှံ့အပြားမှာ ရှိ၏။ သို့သော် စုံစမ်းထောက်လှမ်းမှု ပြုရာတွင် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ခြင်း မရှိလေရကား အချိန်နှင့်အမျှ၊ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော အခြေအနေအရပ်ရပ်ကိုကား သိရန် မလွယ်ချေတကား။

တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။ 

Related Posts