မြဂေါင်

သေဒဏ်ကြိုးလွတ် မြဂေါင် ၏ ဘဝနိဂုံး

သင်္ဃန်းကျွန်းမှ တက်သစ်စလူမိုက်လေး မိုးသူဟာ အမေကမွေး၊ ထောင်ကကျွေး ဘဝမှာ ‘တန်း’ မရှိပေမဲ့ ‘ဇ’ ရှိပါတယ်။ တကယ်တော့ သင်္ဃန်းကျွန်းရဲ့ တန်းရှိတဲ့ ဆရာကြီးကတော့ (၄)ဆောင်(၆)ခန်းမှာ အခန်းလူကြီးလုပ်နေတဲ့ ယက္ခကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အသက်အရွယ်ရလာတော့ ထောင်ထဲမှာ ငြိမ်နေပါပြီ။ မိုးသူကတော့ အင်းစိန်ထောင်ရဲ့ တန်းဝင်လူမိုက် စာရင်းမှာ ပါရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားပုံ ပေါ်ပါတယ်။ မိုးသူအမှုက သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ညဘက် ရည်းစားစုံတွဲတစ်တွဲ ချိန်းတွေ့နေတာကို ဓားနဲ့ထောက်ပြီး ကောင်မလေးဆီက ရွှေဆွဲကြိုးကိုလုယူခဲ့တာဖြစ်ပါတယ်။ ဒီအမှုကြောင့် မိုးသူက ထောင်သုံးနှစ် ချလိုက်တာပါ။ ကြီးကျယ်တဲ့ အမှုပေါင်းစုံရှိနေတဲ့ အင်းစိန်ထောင်မှာ မိုးသူလိုအမှုမျိုးက မျက်နှာ ငယ်စရာ ကောင်းပါတယ်။ ဒီအခြေအနေမှာ မိုးသူကို ငရှဉ့်က အိမ်မက်တွေပေးပြီး ကောက်စားလိုက်တာဖြစ်ပါတယ်။  တစ်ဖက်မှာ (၄)ဆောင်ရဲ့ တန်းစီး မြဂေါင် နဲ့ ငရှဉ့်နဲ့ ကမ္ဘာမကြေ ဇာတ်လမ်းလည်းရှိနေပါတယ်။ တစ်ချိန်ကထောင်ထဲမှာ မြဂေါင် ဟာ တန်းဝင်တဲ့ထဲ မပါဘဲ သာကေတသားတွေ ပေါများတဲ့ အင်းစိန် ထောင်မှာ ငရှဉ့်က မင်းသားတစ်ပါးလိုဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက မြဂေါင်ဆိုတာ ငရှဉ့်ရဲ့ ပေးစာကမ်းစာကိုစားပြီး ထောင်ထဲမှာ ရှင်သန်ခဲ့ရတာဖြစ်ပါတယ်။
 
စတီးဝပ်ကနေ ထွက်ပြေးပြီး ငရှဉ့်ကို ပြန်ဖမ်းမိတော့ ထောင်က နောက်မှုဖွင့်တဲ့အတွက် ခြေကျင်းနဲ့နေရပါတယ်။ စစ်ခွေးတိုက်ထဲမှာ လပေါင်းများစွာထားပြီး ပြစ်ဒဏ်စေ့မှ စုတ်ပြတ်နေတဲ့ ငရှဉ့်ကို (၄)ဆောင် ပို့လိုက်တော့ မြဂေါင်က တန်းစီးဖြစ်ပြီး ကောင်းစားနေ ပါပြီ။ ဒါပေမဲ့ ဘဝတူအချင်းချင်း မြဂေါင်ကောင်းစားနေပေမဲ့ သူ့ကို မကြည့်ဘူးလို့ ငရှဉ့်က ခံစားနေရတယ်။ မြဂေါင်ကလည်း ငရှဉ့်တို့ကို ချီးထုပ်လို့ သဘောထားပြီး အပူးမခံဘူး။ ‘မြေခွေးဆိုတာ အမဲလိုက်ပြီးရင် အရေခွံဆွဲဆုတ်ပစ်ရမျိုး’ လို့ မြဂေါင်က အမြဲ ပြောလေ့ ရှိတယ်။ မိုးသူကတော့ မြဂေါင်နဲ့ ဘာဇယားမှ မရှိပါဘူး။ နာမည်ကြီးချင်တာပဲသိတယ်။ မိုးသူက ကျွန်တော်တို့နေတဲ့ အခန်း(၃) မှာပဲ နေပါတယ်။ မှတ်မှတ်ရရ ပြဿနာမဖြစ်ခင် သုံးလေးညလောက်က ကျွန်တော် အပေါ့ သွားတော့ အိမ်သာ နံရံကိုမှီပြီး မိုးသူထိုင်နေတယ်။ သူက ကျွန်တော့လက်ထဲက ကိုင်ထားတဲ့ ကျောက်ဖရုံယိုကို ကြည့်နေတော့ သနားတာနဲ့ မစားဘဲ သူ့ကိုပေးလိုက်တယ်။ နောက်တစ်နေ့ ညကျတော့ သူက ကျွန်တော့်ကို ကျေးဇူးတင်တဲ့ပုံနဲ့ “အကိုက လူတွေကို ကြင်နာတတ်တယ်၊ ဘာပဲခိုင်းစရာရှိရှိ ကျွန်တော့်ကိုပြော၊ မကျေနပ်တဲ့လူရှိရင်လည်း ပြော၊ ကျွန်တော်သတ်ပေးမယ်” တဲ့ ။

သူ့စကားကြားကြားချင်း ကြက်သီးမွေးညှင်းထပြီး ဆံပင်တောင် ထောင်သွားတယ်။ ကပျာကယာပဲ “အာ…ဘာမှမရှိပါဘူး” လို့ ကပျာကယာပြောပြီး အမြန်လှည့်ထွက်ခဲ့ပါတယ်။ ဒီလိုလူကို စည်းရုံးရတာ ငရှဉ့်အတွက် အင်မတန် လွယ်ကူနေပါလိမ့်မယ်။ 

ထောင်ရဲ့ပုံစံအတိုင်း (၁)ခန်းထဲမှာကျတော့ ဂန္တဝင်လူမိုက်တွေက စုပြီး အိပ်ကြရပါတယ်။ ပြဿနာမဖြစ်ခင် တစ်ည ငရှဉ့်က မအိပ်သေးဘဲ ဘေးနားကလူတွေကို လိုက်စနေတယ်။ မြဂေါင်က အိပ်ချိန်ပေးနေချိန်မို့ တိတ်တိတ်နေဖို့ ငရှဉ့်ကို လှမ်းငေါက်တယ်။ ငရှဉ့်က နားမထောင်ဘူး။ မြဂေါင်က ရုတ်တရက် ဒေါသထွက်သွားပြီး ငရှဉ့်ကို မတ်တပ်ရပ်ခိုင်းကာ လက်ထဲက ဝါးခြမ်းပြားသေးသေးလေးနဲ့ တင်ပါးကို သုံးချက် ရိုက်လိုက်တယ်။ တစ်ခန်းလုံး ဝိုင်းကြည့်နေကြတော့ ဒီဖြစ်ရပ်က ငရှဉ့်ကို အသား မနာစေပေမဲ့ အသည်းနာသွား စေတယ်။ ဒါဟာ သူ့ကိုအရှက်ခွဲပြီး လူမိုက်ဂုဏ်ကို ထိပါးတယ်လို့ ယူဆလိုက်တယ်။ ဒါကြောင့် နောက်တစ်နေ့မှာ မြဂေါင်ကို သတ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ 

နောက်တစ်နေ့မှာ ငရှဉ့်က မိုးသူကိုခေါ်ပြီး တိုင်ပင်တယ်။ မိုးသူကလည်း သဘောတူတယ်။ ဒါနဲ့ တောင်ယာပစ္စည်းတွေ ထားတဲ့ ဘုတ်တိုင်ထဲက ပေါက်ပြားတစ်လက်နဲ့ သံတူရွင်း တစ်ချောင်းကို နေ့ခင်းတန်းပိတ်ထားချိန်မှာ ခိုးယူလိုက်တယ်။ အင်းစိန်ထောင်က နေ့လယ်ဘက်မှာ အကျဉ်းသားတွေကို တရေးတမောအိပ်ဖို့ ခွင့်ပြုထားတယ်။ တောင်ယာတွေက ၃နာရီလောက်မှ အလုပ်လုပ်ရတာပါ။ နေ့လယ် ၁နာရီ ကျော်ကျော်မှာတော့ အဆောင်မှာ အိပ်တဲ့သူအိပ်၊ လှဲတဲ့သူလှဲနဲ့ အနားယူနေကြတယ်။ မြဂေါင်က (၄)ဆောင်ရဲ့ နောက်ဆုံး အခန်းဖြစ်တဲ့ (၈)ခန်းမှာ အိပ်နေတယ်။ အဲဒီအချိန်မှာပဲ ငရှဉ့်က ပေါက်ပြားကိုကိုင်၊ မိုးသူက သံတူရွင်းကိုကိုင်ပြီး (၈)ခန်းကို ထွက်လာကြတယ်။ အားလုံးမှေးစက်နေချိန် သူတို့နှစ်ယောက်ကို ဘယ်သူကမှ သတိမထားမိဘူး။ (၈)ခန်းရောက်တော့ မိုးသူက သံတူရွင်းကိုင်ပြီး အပေါက်ဝမှာ ရပ်စောင့်လိုက်တယ်။ ငရှဉ့်က ပေါက်ပြားကိုင်ပြီး အခန်းထဲကို ဝင်သွားတယ်။ မြဂေါင် ထွက်မပြေး နိူင်အောင်လို့ဖြစ်ပါတယ်။ မြဂေါင်က သူနဲ့အတူနေ ချစ်သူ ပုသိမ်သူလို့ တဆောင်လုံးကခေါ်တဲ့ တပ်ပြေးလေး တစ်ယောက်နဲ့ အတူဖက်ပြီးအိပ်နေတယ်။ ငရှဉ့်က အိပ်နေတဲ့ မြဂေါင်ကို အချိန်ဆိုင်းမနေဘဲ ပေါက်ပြားနဲ့ ခုတ်လိုက်ပေမဲ့ မြဂေါင်ကိုမထိဘဲ ပုသိမ်သူကိုထိသွားတယ်။ မြဂေါင်က နိုးလာပြီး အကျဉ်းသားတွေရဲ့ အိပ်ယာလိပ်တွေပုံထားတဲ့ ကစ်ပုံကို ပေါ့ပေါ့ပါးပါး ကျွမ်းထိုးပြီးကျော်သွားတယ်။ မြဂေါင်က ကျွမ်းထိုး တော်တယ်။ အခန်းဝမှာ မိုးသူက ပိတ်စောင့်နေတော့ ထွက်မပြေး သာဘဲ အခန်းထဲမှာပဲ ပတ်ပြေးနေတယ်။ ငရှဉ့်က ပေါက်ပြားနဲ့ လိုက်ခုတ်ပေမဲ့ မြဂေါင်ကို မထိဘူး။ ငရှဉ့်မောနေပြီ။ တကယ့် တကယ် လက်ရုံးရည်အရဆိုရင်လည်း ငရှဉ့်က မြဂေါင်ကို မယှဉ်နိူင်ဘူး။ အသက်ကြီးပြီ။ ဒါပေမဲ့ အခန်းထဲမှာ နှစ်ယောက် တစ်ယောက်ဆိုရင် အခြေအနေ အလှမှန်းသိလို့ မြဂေါင်က မိုးသူကိုတွန်းပြီး အခန်းထဲကနေ တောင်ယာထဲကို ထွက်ပြေး သွားတယ်။မြဂေါင် လွတ်ထွက်သွားလို့ မိုးသူက သံတူရွင်းကိုင်ပြီး နောက်ကပြေးလိုက်တယ်။ ငရှဉ့်ကတော့ အမောဖောက်ပြီး ခပ်လှမ်းလှမ်းမှာ ပြတ်ကျန်ခဲ့တယ်။ မိုးသူကလည်းနောက်ကနေသာ လိုက်နေသာ မြဂေါင်ကို သံတူရွင်းနဲ့ မရိုက်ရဲဘူး။ ရှိန်နေတာကိုး။ ဒီမြင်ကွင်းကိုကြည့်ပြီး ငရှဉ့်က စိုးရိမ်တကြီးနဲ့ မိုးသူကို လှမ်းအော် လိုက်တယ်။ 

“မိုးသူ…မင်း မြဂေါင် ကို ဒီတိုင်း လွှတ်ပေးလိုက်တော့မလား”

ငရှဉ့်စကားကို ကြားတဲ့ မိုးသူက ချက်ချင်းအသိဝင်လာတယ်။ မြဂေါင်နောက်ကို အရှိန်မြှင့်လိုက်ရင်း ခေါင်းကို သံတူရွင်းနဲ့ ရိုက်ချလိုက်တယ်။ မြဂေါက်က ခေါင်းထိပြီး ခရမ်းပင်တွေကြားကို ခွေခနဲကျသွားတယ်။ မိုးသူက မြဂေါင်ကို ဘာမှဆက်မလုပ်ဘဲ ကြောင်ပြီးရပ်နေတယ်။ အဲဒီအချိန်ကျမှ ငရှဉ့်ရောက်လာပြီး လဲနေတဲ့ မြဂေါင်ကို ပေါက်ပြားနဲ့ စိမ်ပြေနပြေ ခုတ်သတ် လိုက်တယ်။ တကယ်တော့ မြဂေါင်ဟာ မိုးသူရဲ့လက်ချက်နဲ့တင် အသက်ထွက်သွားပါပြီ။ ဒါပေမဲ့ ငရှဉ့်က သူ့အခန်းကဏ္ဍမပါရင် သိက္ခာကျမှာစိုးလို့ ပွဲကိုအပြီးသတ်နေပါတယ်။ (၄)ဆောင် တစ်ဆောင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ထောင်တွင်းက လူသတ်ပွဲကို ကြည့်နေကြတယ်။

(၄)ဆောင် အဆောင်မှူး ထောင်မှူးဦးစိုးဝင်းက ပြေးလာပြီး “မင်းတို့ဆက်မလုပ်ကြနဲ့” လို့ တောင်ယာထဲမှာ ရှိနေတဲ့ ငရှဉ့်တို့ကို လှမ်းအော်တယ်။ ဦးစိုးဝင်းကိုတော့ ဘယ်လူမိုက်ကမှ မကြောက်ကြပါဘူး။ ဒါကြောင့် ငရှဉ့်က ဦးစိုးဝင်းကိုလှမ်းကြည့်ပြီး “အေး…လာလေ…ကိုစိုးဝင်း၊ ခဗျားကိုပါ ခုတ်မယ်…လာခဲ့” လို့ လှမ်းပြောတော့ ချက်ချင်းပဲ ထောင်မှူးဦးစိုးဝင်းဟာ မိန်းဂျေးလ် အထိ ထွက်ပြေးသွားပါတယ်။ မိန်းဂျေးလ်မှာ တာဝန်ကျနေတဲ့ ထောင်မှူးကြီးဦးစောထွန်း အကျိုးအကြောင်းသိတော့မှ ငရှဉ့်တို့ ဆီကို ကိုယ်တိုင်လိုက်လာပါတယ်။ ဦးစောထွန်းကိုတော့ အင်းစိန်ထောင်ထဲက လူမိုက်ကြီးတွေက ချစ်ကြောက်ရိုသေ ကြတယ်။ ဦးစောထွန်းက အကျဉ်းသားတိုင်းကို အဖြောင့်အတိုင်း ဆက်ဆံသလို သတ္တိကလည်း မခေဘူး။ အားနည်းတဲ့သူ၊အဆင်မပြေသူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်လေ့ရှိတယ်။ ဘယ်လောက်ဆိုးတဲ့၊ မိုက်တဲ့သူဖြစ်ဖြစ် မြေနိမ့်ရာ လှံမစိုက်ဘူး။

ဦးစောထွန်းက သူ့ရဲ့ယူနီဖောင်းကို ချွတ်လိုက်ပြီး ပေါက်တူးတွေ၊ သံတူရွင်းတွေ ကိုင်ထားတဲ့ ငရှဉ့်တို့ဆီကို လှမ်းကြည့်ပြီး “မင်းတို့ လာမလား၊ ငါလာခဲ့ရမလား” လို့ လှမ်းပြောတယ်။ ငရှဉ့်တို့ တွေဝေရာ ကနေ စွပ်ကျယ်ချိုင်းပြတ်နဲ့ ဦးစောထွန်းကို ငယ်ကြောက် ဖြစ်နေလို့ “ဆရာလာရင်လက်နက်ချမယ်”  လို့ ပြန်ပြောတယ်။ ဦးစောထွန်းက အေးအေးဆေးဆေးပဲ အနားကပ် လာပြီး ငရှဉ့်နဲ့မိုးသူကို ပခုံးဖက် မိန်းဂျေးလ်ကိုခေါ်သွားတော့တယ်။ ဒါတွေက ထောင် ‘အထာ’ ရှိမှလုပ်ရဲကြတာပါ။ ဒါကြောင့်လည်း ငရှဉ့်တို့က ဦးစောထွန်းကို ရန်မပြုတာပေါ့။ ဒီတော့မှ ခရမ်းခင်း ထဲမှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ မြဂေါင်ကို ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေက ဘာဘူစောင်နဲ့ထုပ်ပြီး ထောင်ဆေးရုံကို အမြန်ပို့တယ်။ ဘာဘူစောင်ထဲကနေ သွေးတွေကတော့ မိန်းဂျေးလ် လမ်းမတလျှောက် တစ်စက်စက်ကျနေတယ်။ ဆေးရုံသာ အမြန် ခေါ်သွားတာ မြဂေါင်က အသက်မရှိတော့ပါဘူး။

ကျွန်တော်တို့အားလုံး ခရမ်းခင်းထဲက ခြေရာတွေနဲ့ သွေးတွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေတဲ့ အင်းစိန် CID က ဝန်ထမ်းတွေကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြတယ်။ အင်မတန် ကြောက်စရာ ကောင်းတဲ့ ပတ်ဝန်းကျင်မှာ လူတစ်ယောက် မျက်စိတစ်မှိတ် လျှက်တစ်ပြက် အတွင်း အသက်ထွက်သွားပုံကို ဘယ်သူမှ မယုံကြည်နိူင်ကြဘူး။ ဓာတ်ပုံရိုက်တဲ့သူတွေ ပြန်သွားတော့ ခရမ်းပင် ပေါ်မှာပြန့်ကျဲပြီး ကျန်ရစ်ခဲ့တဲ့ မြဂေါင်ရဲ့ ဦးနှောက်တွေကို ကျီးကန်းတွေက ကောက်ချီပြီး စားသောက်နေကြတယ်။ တကယ့် တောတွင်း ဥပဒေ တစ်ခုပါပဲ။

မိန်းဂျေးလ်မှာ ထောင်ဝါဒါတွေက ငရှဉ့်နဲ့မိုးသူကို ခြေကျင်းတွေ ခတ်လိုက်တယ်။ သူတို့နှစ်ယောက်ကတော့ ခပ်အေးအေးပုံစံပဲ။ အချင်းချင်း စနောက်နေကြတယ်။ မိုးသူကငရှဉ့်ကို မြဂေါင် သေသွားတဲ့ အိုက်တင်လုပ်ပြတယ်။ ငရှဉ့်က အားပါးတရ ရယ်နေတယ်။ ထောင်ဝါဒါတွေက နောက်ဆုံး သူတို့ကို ဒေါက်တွေ၊ ခြေကျင်းတွေနဲ့ စစ်ခွေးတိုက်ဆီ ခေါ်သွားကြတယ်။ 

ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် အဆောင်ကိုရောက်လာတဲ့ နောက်ဆုံး သတင်း တစ်ခုကတော့ မြဂေါင်သေပြီး တစ်လပြည့်တဲ့နေ့မှာပဲ စစ်ခွေးတိုက်မှာ ငရှဉ့်ဟာ ထူးဆန်းစွာ သေသွားတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဇော်သက်ထွေးရေးသားထားသော အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ရသ

Open More Online

Related Posts