အထင်ကြီးပါစေ

သူ့ကိုယ်ကိုသူ အထင်ကြီးပါစေ (အပိုင်း – ၁)

နယူးယောက်မြို့ စကားစဒေးရပ်ဗရူးစတားလမ်း အမှတ် ၁၇၅ နေ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ မစ္စက်အားနက်ဂျင့်သည် အစေခံမိန်းကလေးတစ်ယောက်ကို အိမ်တွင်ခိုင်းရန် ငှားလိုသဖြင့် သူငယ်မကလေးတစ်ဦးအား ရှေ့လာမည့် တနင်္လာနေ့တွင် အိမ်အရောက်လာခဲ့ရန် မှာကြားလိုက်၏။ ထိုအတောအတွင်း မစ္စက်ဂျင့်သည် ထိုသူငယ်မကလေး ရှေးက အလုပ်လုပ်ခဲ့ဖူးသော အိမ်တစ်အိမ်သို့ ထိုသူငယ်မ၏အကြောင်းကို တယ်လီဖုန်းနှင့် လှမ်း၍စုံစမ်း၏။ ကြားရသောသတင်းမှာ စိတ်ကျေနပ်ဖွယ်ရာ မရှိချေ။

တနင်္လာနေ့သို့ရောက်၍ အစေခံမကလေးသည် အလုပ်ဆင်းသောအခါ ‘နယ်လီရေ၊ ညည်းအရင်တုန်းက နေခဲ့ဖူးတဲ့အိမ်ကို တစ်နေ့တုန်းက တယ်လီဖုန်းနဲ့လှမ်းပြီးတော့ ညည်းအကြောင်းကို ငါမေးကြည့်တယ်၊ အဲဒီအိမ်က မိန်းမကြီးက ညည်းဟာ ရိုးလည်းရိုးပါရဲ့တဲ့၊ စိတ်လည်း ချရပါရဲ့တဲ့၊ အချက်အပြုတ်လည်း ကောင်းပါရဲ့တဲ့၊ ကလေးတွေကိုလည်း အထိန်းကောင်းပါရဲ့တဲ့၊ သို့ပေမယ့် ညည်းဟာ ပေပေကျံကျံနဲ့ နေတတ်တယ်တဲ့၊ နောက်ပြီးတော့ အိမ်တွေဘာတွေကိုလည်း သန့်သန့်ရှင်းရှင်း မထားတတ်ဘူးတဲ့၊ ခု ညည်းကို မြင်ရတော့ ဒီမိန်းမဟာ ညည်းအပေါ်မှာ မဟုတ်မတရားပြောတယ်လို့ ငါ ယူဆတာပဲ၊ ကဲ ကြည့်လေ၊ ညည်း ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း သပ်သပ်ရပ်ရပ် ရှိတယ်၊ ဒါကို မည်သူမဆို မြင်နိုင်တာပဲ၊ ညည်းကိုညည်း သပ်သပ်ရပ်ရပ်နေသလို အိမ်ကိုလည်း သပ်သပ်ရပ်ရပ်ထားမယ်လို့ ငါတော့ လောင်းရဲတယ်အေ၊ ညည်းနဲ့ငါတော့ တည့်မှာပဲအေ့’ အစရှိသဖြင့် မစ္စက်ဂျင့်သည် အစေခံမလေးနယ်လီအား သူ့ကိုယ်ကိုသူ အထင်ကြီးစေရန် ပြောပြ၏။

တည့်မည်ဟု ပြောသည့်အတိုင်း ကောင်းစွာတည့်ကြ၏။ မစ္စက်ဂျင့်သည် ချီးကျူးထားသည့်အတိုင်း အမှန်ဖြစ်စေရန် တစ်နေ့လျှင် တစ်နာရီလောက်ပို၍ အိမ်ကို ရှင်းလင်းအောင် လုပ်ပေးရလျှင်လည်း လုပ်ပေးမည်ဖြစ်၏။ ထို့ကြောင့် မစ္စက်ဂျင့်၏အိမ်သည် ဖိတ်ဖိတ်တောက်လျက် ရှိလေသည်။

‘ယေဘုယျအားဖြင့် လူများက သူတို့ကို အထင်ကြီးနေလျှင်သော်လည်းကောင်း၊ သူတို့၏ စွမ်းရည်သတ္တိတစ်ခုကို သင်ကိုယ်တိုင်က အထင်ကြီးနေသည့်အကြောင်းကို ပြလျှင်သော်လည်းကောင်း သင် ခိုင်းစရာကို လွယ်လွယ်နှင့်လိုက်နာဆောင်ရွက်တတ်လေသည်’ ဟု ဘော်လဒွင် လိုကိုမိုးတစ် အလုပ်ရုံကြီး၏ မန်နေဂျာဖြစ်သူ ဆယ်မျူရယ် ဗိုကလိန် က ထုတ်ဖော်ပြောဆိုဖူးလေသည်။

အတိုချုပ်ပြောရမည်ဆိုသော် လူတစ်ဦးဦးကို မိမိအလိုရှိသော ကိစ္စတစ်ခုခုနှင့် စပ်လျဉ်း၍ စွမ်းစွမ်းတမံ ဆောင်ရွက်စေချင်လျှင် ထိုကိစ္စမျိုးကို ဆောင်ရွက်ရာတွင် ထိုသူသည် အထူးကျွမ်းကျင်သည်ဟူသော အနေမျိုးသို့ရောက်အောင် ပြောပါလေ။ ‘သင့်ကိုယ်မှာ သမာဓိမရှိလျှင် ရှိချင်ယောင်ဆောင်ပါ’ ဟူ၍ ရှိတ်စပီးယားက ပြောခဲ့ဖူးလေသည်။ သမာဓိမရှိသောလူတစ်ဦး တစ်ယောက်တွင် သမာဓိရှိစေချင်လျှင် ထိုသူတွင် သမာဓိရှိသည်ဟူ၍ ယူဆပြီးလျှင် ဤကဲ့သို့ သမာဓိရှိသည်ဟု ယူဆကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရလျှင် မကောင်းပေဘူးလား။ တစ်ဖက်သားကု သိဒ္ဓိတင်ပေးပါ။ ထိုသို့ သိဒ္ဓိတင်ပေးသည့်အတိုင်း အမှန်ဖြစ်အောင် ထိုလူသည် အစွမ်းကုန် ကြိုးစားပေလိမ့်မည်။

‘မေယတာလင့်နှင့် ကျွန်ုပ် နေထိုင်ခဲ့ရပုံ’ စာအုပ်ထဲတွင် အလွန်ဆင်းရဲလှသော ဘယ်လ်ဂျီယံတောသူမလေးတစ်ဦး၏ အံ့သြလောက်အောင် ပြုပြင်ပြောင်းလဲလာပုံကို ဂျော့ဂျက်လေဗလန်း စာရေးဆရာမကြီးသည် အောက်ပါအတိုင်း ရေးသားခဲ့ဖူးလေသည်။

အနီးအနားရှိ ဟိုတယ်ဆိုင်တစ်ဆိုင်မှ သူငယ်မကလေးတစ်ဦးသည် ကျွန်မထံသို့ စားဖွယ်သောက်ဖွယ်များ ယူလာလေသည်။ သူ့နာမည်မှာ ပန်းကန်ဆေးသူမကလေး မေရီ ပင် ဖြစ်သည်။ အဘယ်ကြောင့် ဤကဲ့သို့ ခေါ်သနည်းဆိုသော် အိမ်တစ်အိမ်၏ မီးဖိုချောင်တွင် ပန်းကန်ဆေးခြင်းဖြင့် အလုပ်စ၍ လုပ်ကိုင်ခဲ့ဖူးသောကြောင့်ပင် ဖြစ်လေသည်။ ထိုသူငယ်မကလေးသည် မျက်စိကလည်း စွေ၊ ခြေကလည်း ကောက်၊ နဖူးလည်း မောက်လျက် ရှိရသည့်အထဲတွင် စိတ်ထားကလည်း အလွန်ဆိုးသဖြင့် ဘီလူးမကလေးသဖွယ် ထင်မှတ်ရ၏။

တစ်နေ့တွင် ကျွန်မဖို့ မုန့်ဟင်းခါးပန်းကန်ကို သူ၏ နီကြမ်းသောလက်ထဲတွင် ကိုင်လျက်ရှိစဉ် ‘မေရီ ညည်းကိုယ်ထဲမှာ အဖိုးထိုက်အဖိုးတန် ကျောက်ကောင်းရတနာတွေ ရှိတယ်ဆိုတာ ညည်းမသိဘူး’ ဟူ၍ ကျွန်မက ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ လက်ထဲကပန်းကန်ပြား လွတ်ကျသွားမည် စိုးသောကြောင့် မေရီသည် မိမိလက်ကို အနိုင်နိုင် ထိန်းထားရ၏။ ထို့နောက် မေရီသည် ပန်းကန်ပြားကို စားပွဲပေါ်တွင် အသာတင်လိုက်ပြီးလျှင် သက်မကြီးကျ၍ ‘ရှေးတုန်းက ကျွန်မကိုယ်ကျွန်မ အလကားပဲလို့ အောက်မေ့မိခဲ့ပါတယ်’ ဟု ပြန်ပြော၏။ ကျွန်မ၏ပြောဆိုချက်ကို သူသည် အနည်းငယ်မျှ သံသယမဖြစ်ချေ။

ထို့ကြောင့် ဟုတ်မှဟုတ်ရဲ့လား ဟူ၍ ပြန်လှန်စစ်ဆေး မေးမြန်းခြင်းကိုပင် မလုပ်တော့ဘဲ သူ့အိမ်သို့ ပြန်သွားပြီးလျှင် ကျွန်မပြောလိုက်သော စကားများကို စမြုံ့ပြန်လျက် ရှိ၏။ ထိုနေ့မှစ၍ သူ့တန်ဖိုးကိုသူ အလွန်အကျူး ယုံကြည်လျက်ရှိသောကြောင့် ရှေးအခါက သူ့ကို မထီမဲ့မြင်ပြုသော သူများနှင့် လှောင်ပြောင်ကြသော သူများတို့ပင်လျှင် ရှေးကကဲ့သို့ မပြုရဲကြတော့ရုံသာမက သူ့ကိုပင် အနည်းငယ် အရေးတယူ ပြုလာကြရ၏။ ထူးဆန်းအံ့သြဖွယ် အကောင်းဆုံးသောအချက်မှာ အခြားမဟုတ်။ ထိုနေ့မှ အစပြု၍ မေရီ၏ ရုပ်ရည်ရူပကာပါ တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲလာခြင်းပင် ဖြစ်လေသည်။ ကျွန်မ ပြောသကဲ့သို့ သူ့ကိုယ်တွင်းတွင် အဖိုးထိုက်တန်သော အရည်အချင်းများ ရှိသည်ဟု အကယ်ပင် ထင်မှတ်ပြီးလျှင် ရှေးအခါက ဖြစ်ချင်သလိုဖြစ်၊ ပစ်၍ထားခဲ့သော မျက်နှာနှင့် ကိုယ်ကာယတို့ကို အထူးတလည် ဂရုစိုက်၍ ပြုပြင်လေရာ ပြုပြင်ခြင်းနှင့် စိတ်ဓာတ်တို့၏ အဟုန်ကြောင့် ရေမတွေ့ရသော ကြာပန်းပင်ကဲ့သို့ ရှေးက ညှိုးနွမ်းလျက်ရှိသော သူ့ကိုယ်ကာယကလေးသည် စိုစိုပြည်ပြည် တစ်သွေးတစ်မွေး ဖြစ်၍လာ၏။

နှစ်လလောက်ကြာသောအခါ ထိုနေရာမှ ကျွန်မသည် ထွက်ခွာသွားတော့မည်ဟု ပြင်ဆင်လျက်ရှိစဉ် မေရီသည် ကျွန်မထံသို့လာပြီးလျှင် ‘ကျွန်မတို့ ဆရာ့တူနဲ့ ကျွန်မ လက်ထပ်တော့မယ်၊ သခင်မရဲ့ ကျေးဇူးဟာ အင်မတန် ကြီးလှပါတယ်’ ဟူ၍ ကျွန်မကို ပြောပြ၏။ ကျွန်မ ပြောလိုက်သော စကားလေးငါးခွန်းသည် မေရီ၏ ဘဝကို အသစ်ပြုပြင်ပြောင်းလဲပေးလိုက်လေသည်။

ဂျော့ဂျက် လေဗလန်းသည် ပန်းကန်ဆေးသူမလေး မေရီကို သူ့ကိုယ်ကိုသူအထင်ကြီးလာအောင် သိဒ္ဓိတင်ပေးလိုက်သဖြင့် ထိုသို့ သိဒ္ဓိတင်ပေးလိုက်ခြင်းသည် မေရီ၏ဘဝကို အသစ်ပြုပြင်ပြောင်းလဲလိုက်စေခြင်းပင် ဖြစ်လေသည်။

Related Posts