အောင်မြင်ရန်

အောင်မြင်ရန် တွန်းတင်ပေးနည်း (အပိုင်း – ၁)

ကျွန်ုပ်သည် ပိဘာလိုနှင့် သိကျွမ်းခဲ့ဖူး၏။ သူ့တွင် မြင်းနှင့် ခွေးဆပ်ကပ်တစ်ခုရှိ၍ ဆပ်ကပ်ပွဲများ ပြပွဲကြီးများနှင့် တစ်သက်လုံး လှည့်လည်လျက် ရှိလေသည်။ သူ၏ခွေးများကို သူကိုယ်တိုင် သင်ကြားပြသလျက်ရှိစဉ် ထိုင်၍ကြည့်ရသည်မှာ အလွန်နှစ်သက်စရာ ကောင်းပေသည်။ အကယ်၍ ခွေးတစ်ကောင်သည် တိုးတက်လာသည့်လက္ခဏာ အနည်းငယ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ပိသည် ထိုခွေးကို ကျောသပ်ရင်သပ်ပြုပြီးလျှင် အစားအသောက်များ ကျွေး၊ နောက်ထပ် ကြိုးစားချင်အောင် ချီးကျူးလျက်ရှိ၏။

ဤအောင်မြင်ရန် တွန်းတင်ပေးနည်းသည် အဆန်းမဟုတ်ပါ။ တိရစ္ဆာန်များကို သင်ကြားပြသပေးရသောသူတိုင်းပင် ကမ္ဘေကမ္ဘာကစပြီး ဤနည်းကို အသုံးပြုခဲ့ဖူးလေသည်။ သို့ဖြစ်ရာ ခွေးများကို ပြုပြင်ပြောင်းလဲရန်အတွက် သုံးသောနည်းများကို လူများအား ပြောင်းလဲပြုပြင်ရန်အတွက် သုံးသောနည်းများကို လူများအား ပြောင်းလဲပြုပြင်ရန်အတွက် အဘယ့်ကြောင့်မသုံးကြသနည်းဟု ကျွန်ုပ်စဉ်းစား၍မရအောင် ဖြစ်ခဲ့၏။ ခွေးများကို ပြုပြင်ရာတွင် ကျာပွတ်အစား အမဲသား၊ ငါးကို အဘယ့်ကြောင့် မသုံးဘဲနေမည်နည်း။ ပြစ်တင်မောင်းမဲမည့်အစား ချီးကျူးခြင်းကို အဘယ့်ကြောင့် မသုံးဘဲနေမည်နည်း။ တိုးတက်လာသည့် အရိပ်နိမိတ် အနည်းငယ်လောက်ပြလျှင်ပင် ကျွန်ုပ်တို့သည် ချီးကျူးကြပါစို့။ ဤနည်းသည် တစ်ဖက်သားကို တိုးတက်သည်ထက် တိုးတက်လာအောင် ကြိုးစားရန် တွန်းတင်ပေးမည် ဖြစ်၏။

ဆင်းဆင်းထောင်ကဲ့သို့ အလွန့်အလွန် ဆိုးသွမ်းသော ရာဇဝတ်သားများ နေထိုင်ကြသည့်နေရာမျိုးတွင်ပင်လျှင် အနည်းငယ် တိုးတက်လာသည့်လက္ခဏာကို ပြသည်နှင့်တစ်ပြိုင်နက် ချီးမွမ်းလိုက်ခြင်းသည် အလွန်တာသွားသည့်အကြောင်းကို ထောင်ပိုင် လူဝီအီလောစ်ကိုယ်တိုင် တွေ့ခဲ့ဖူး၏။ ထို့ကြောင့် ကျွန်ုပ်ထံသို့ ပေးလိုက်သောစာတစ်စောင်တွင် အကျဉ်းသားများ၏ အကူအညီကိုရရန်နှင့် သူတို့ကို လူကောင်းပကတိ ပြန်၍ဖြစ်လာအောင် ပြုလုပ်ရန်အတွက် သူတို့၏ကြိုးစားချက်များကို ကြမ်းတမ်းစွာ ပြစ်တင်မောင်းမဲခြင်းထက် သင့်တော်သော ချီးကျူးခြင်းက ပို၍ခရီးရောက်သည်ကို ကျွန်ုပ် တွေ့ခဲ့သည်’ ဟု လောစ်သည် ထုတ်ဖော်ရေးသားထားသည်။

ကျွန်ုပ်သည် ဆင်းဆင်းထောင်သို့ တစ်ခါမျှ မကျဖူးပါ။ ယနေ့ထက်တိုင် မကျသေးဘူးဆိုပါတော့။ သို့ရာတွင် ကျွန်ုပ်တွင် လူမှန်းသိသည့်နေ့ကစ၍ လွန်ခဲ့သောရက်များကို ပြန်ကြည့်လိုက်လျှင် ချီးမွမ်းစကားကြောင့် ကျွန်ုပ်၏နောင်ရေးမှာ တစ်မျိုးတစ်ဖုံ တိုးတက်ကောင်းမွန်လာသည်ကို ယခုထက်တိုင် မြင်နိုင်ပါသေးသည်။ သင်သည်လည်း သင့်ကိုယ်ကို ကျွန်ုပ်ကဲ့သို့ မပြောနိုင်ပေဘူးလား။

သာဓကတစ်ခုကို ထုတ်ဆောင်၍ ပြပါဦးအံ့။ နှစ်ပေါင်း ၅၀ လောက်က အသက်ဆယ်နှစ်အရွယ် လူမမယ်လေးတစ်ဦးသည် နေပယ်မြို့ရှိ အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်လျက်ရှိ၏။ သူသည် သီချင်းဆိုသမားတစ်ဦးအဖြစ်ဖြင့် အသက်မွေးလို၏။ သို့ရာတွင် သူ၏ဆရာသည် ‘ဟေ့ မင်း သီချင်းမဆိုနိုင်ပါဘူးကွာ၊ မင်းအသံဟာ ကောင်းတာလည်း မဟုတ်ဘူး၊ တရုတ်ကပ်ကြားထဲက လေတိုးဝင်နေတဲ့ အသံလိုပဲ’ ဟု ပြောပြီးလျှင် ထိုသူငယ်၏ အကြံကို ဖျက်၏။

သို့ရာတွင် မိခင်ဖြစ်သူ တောသူမကြီးက ‘ငါ့သား အားမငယ်နဲ့၊ ဘယ်သူ ဘာပြောပြော ငါ့သားရဲ့အသံဟာ ကောင်းတယ်၊ စိတ်မပျက်နဲ့ကွယ်’ ဟု မိမိသားငယ်ကို ယုယပိုက်ထွေး အားပေးစကားကို ပြောကြားပြီးလျှင် ထိုသားငယ်အား ဂီတပညာသင်ကျောင်းတွင် သင်ကြားနိုင်စေရန်အတွက် မိခင်ကိုယ်တိုင် အပင်ပန်းခံ၍ စရိတ်စကကို ရှာဖွေထောက်ပံ့၏။ ထိုမိခင်၏ ချီးမွမ်းခြင်း၊ အားပေးစကား ပြောကြားခြင်းတို့သည် ထိုလူငယ်ကလေး၏ နောင်ရေးကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေလေသည်။ ထိုလူငယ်၏အကြောင်းကို သင်သည် ကြားဖူးကောင်း ကြားဖူးပေမည်။ သူ့နာမည်သည် ကရူးဆိုး ဖြစ်လေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts