ဗစ်တာ ဆယ်ရီဘရီယာကော့ဖ် (Victor Seribriakoff) ကို အသက် (၁၅) နှစ်အရွယ်မှာ ကျောင်းက ဆရာမက သူဟာ ဉာဏ်ထုံထိုင်းလွန်းတယ်ဆိုပြီး သူ့ကို ကျောင်းဆက်မတက်တော့ဘဲ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းတစ်ခုခုတက်ပါလို့ ပြောလိုက်တယ်။ သူကလည်း ဆရာမပြောတဲ့အတိုင်း ကျောင်းဆက်မတက်တော့ဘဲ ကျောင်းထွက်လိုက်တယ်။ အသက်မွေးဝမ်းကျောင်းမတက်ဘဲ အလုပ်လုပ်တယ်။ အတန်းပညာ တစ်ပိုင်းတစ်စနဲ့ဆိုတော့ အလုပ်ကောင်းကောင်း ဘယ်ရပါ့မလဲ။ ဒီတော့ ကြုံရာကျဘမ်း အလုပ်တွေကို ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ပြီး ဝမ်းစာအတွက် ရှာရတယ်။
သူ အသက် (၃၂) နှစ်ပြည့်တော့ အလုပ်တစ်ခုခေါ်တာတွေ့လို့ သွားလျှောက်တယ်။ အဲဒီခေါ်တဲ့ဌာနက သူ့ရဲ့ဉာဏ်စွမ်းရည်အဆင့် (IQ) ကို စစ်ဆေးကြည့်လိုက်တော့ သူ့ရဲ့ IQ အမှတ်ဟာ ၁၆၁ ဖြစ်နေတာ တွေ့ရတယ်။ သာမန်လူအတော်များများရဲ့ IQ ဟာ ရှားရှားပါးပါး ဉာဏ်ရည်ထူးချွန်သူများ ဖြစ်ကြပါတယ်။ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေဖြစ်ကြတဲ့ အဲလ်ဘက်အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့ရဲ့ IQ ဟာ ၁၆၀ အထက်မှာ ရှိကြပါတယ်။
ဒီတော့ ဗစ်တာ ဘာဖြစ်သွားသလဲ။ သူ့ရဲ့ ဉာဏ်စွမ်းရည်အဆင့်ကို သိသွားတဲ့နေ့ကစပြီး စာအုပ်တွေရေးတယ်။ သူ့စာအုပ်တွေဟာ အရမ်းရောင်းကောင်းပြီး တဖြည်းဖြည်းနဲ့ နာမည်ကျော်လာတယ်။ စာအုပ်ရေးခတွေနဲ့ အတော်ချမ်းသာလာတယ်။ မကြာခင်မှာ လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်လာပြီး အရမ်းကြီးပွားချမ်းသာသွားတယ်။ နောက်ပိုင်းမှာ International Mensa Society အဖွဲ့ကြီးရဲ့ ဥက္ကဌတစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီ အဖွဲ့ကြီးရဲ့ IQ အဆင့်ဟာ အနည်းဆုံး အမှတ် ၁၄၀ ရှိရပါတယ်။
ဒါက ဘာပြောချင်သလဲဆိုတော့ သင့် ဆွေမျိုးအပေါင်းအသင်း၊ ပတ်ဝန်းကျင်က သင့်မှာ ဦးနှောက်ဉာဏ်နည်းတယ်၊ အရည်အချင်း မရှိဘူးလို့ပြောရင် လွယ်လွယ်မယုံလိုက်ပါနဲ့။ လွယ်လွယ်လက်မခံပါနဲ့။ သင့်အကြောင်းကို သင်ကိုယ်တိုင်ထက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။
ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။