လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်

လူတွေ (အထူးသဖြင့် လူငယ်တွေ) ဟာ လောကမှာ လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်ကို မေ့နေကြတယ်လို့ ထင်ပါတယ်။ သူတို့ အခု ဒါလေးလုပ်လိုက် ခဏနေကျရင် နောက်တစ်ခု လုပ်လိုက်နဲ့ စိတ်ကျေနပ် သာယာမှုနောက်ကိုလိုက်ရင်း အလုပ်တစ်ခုပြီးတစ်ခု ပြောင်းလုပ်နေကြတယ်။ သူတို့ရဲအဓိက ရည်ရွယ်ချက်ဟာ လစာပိုက်ဆံရဖို့ အလုပ်လုပ်မယ်၊ ရတဲ့လခကို အပျော်အပါးအတွက် သုံးဖြုန်းလိုက်ကြဖို့ပါပဲ။ 

သူတို့ဟာ အဲဒီလိုသာယာမှုနောက် လိုက်နေတာဟာ အကျိုးမရှိဘူးဆိုတာကို မသိကြဘူး။ အဲဒီလို အပျော်အပါးလေးနဲ့ နေနေရတဲ့ဘဝဟာ တာဝန်မရှိဘူး၊ အပူအပင်ကင်းတယ်၊ ပျော်စရာကောင်းတယ်လို့ ထင်စရာပါ။ ဒါပေမယ့် အသက်အရွယ်လေး ရလာတာနဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ လူ့ဘဝကို တောင့်တလာကြတယ်။ 

အဓိပ္ပာယ်ရှိတဲ့ လူ့ဘဝဆိုတာ ဘာလဲ။ ကောင်းမွန်တဲ့အလုပ်တွေ လုပ်ပြီး နောင်လာနောင်သားတွေအတွက် တန်ဖိုးရှိတဲ့ အမွေအနှစ်တွေ ချန်ထားနိုင်ဖို့ပါ။ အဲဒီလိုလည်း ဖြစ်သင့်ပါတယ်။ ဒါမှဘဝရဲ့ နောက်ဆုံးအချိန် ရောက်တဲ့အခါ ‘ဪ ငါကြိုးစားခဲ့တယ်။ ငါလောကကောင်းကျိုးကိုဆောင်ရွက်နိုင်ခဲ့လို့ ငါကျေနပ်တယ်’ ဆိုတဲ့ ဝမ်းသာပီတိဖြစ်နေမှာပါ။ 

တချို့လူတွေကတော့ ဒီလိုပြောတာကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဘဝမှာ ကြိုးပမ်းအားထုတ်ရင်းနဲ့ ကုန်လွန်တာဟာ ပျော်စရာတွေနဲ့ပဲ အချိန်ကုန်ဆုံးသွားရတာထက် ပိုကောင်းတယ်လို့ စွဲမြဲခိုင်မာစွာ ယုံကြည်နေပါတယ်။ အသက်အရွယ်ရပြီး အတွေ့အကြုံရှိသူတိုင်း ကျွန်တော်ပြောတာကို နားလည် သဘောပေါက်ကြမှာပါ။ ဒါပေမယ့် အတွေ့အကြုံရှိသူတွေတိုင်းဟာ ဒီအချက်ကို လူငယ်တွေကို မပြောပြကြဘူး။ သူတို့က ခုခေတ်လူငယ်တွေကို ပြောပြရင် သူတို့အတွေ့အကြုံတွေကို ခေတ်မမှီတော့ဘူးဆိုပြီး လက်ခံမှာမဟုတ်လို့တဲ့။ ဒါပေမယ့် ကျွန်တော်တို့ရင်ထဲက အမှန်တရားကိုပြောပြရင် သူတို့လက်ခံကြမှာပါ။ 

Kazuo Inamori ရေးတဲ့ “A Passion for Success” စာအုပ်ထဲကဆောင်းပါးတစ်ပုဒ်ပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts