လူစားခြင်း (အပိုင်း - ၂)

လူစားခြင်း (အပိုင်း – ၂)

လူစားခြင်း (အပိုင်း – ၂)
ဂလောက်ဂလောက် ဟု အသံတစ်ခု ထွက်လာပြန်သည်။

အပေါ့သွားတာလား။ ဟာ-မဟုတ်သေးဘူး။ ကရားထဲမှ လက်ဖက်ရည်ကြမ်းကို ပန်းကန်လုံးထဲ ထည့်သံပဲ။

ထို့နောက် ဖိနပ်သံဂေါက်ဂေါက်နှင့် လှေကားဘက်ဆီမှ အခန်းဘက်ဆီသို့ ဂျပန်တစ်ယောက် ထွက်သွားသည်ကို ကြားရပြန်သည်။ သူ့ခြေသံက စောစောက ခြေသံနှင့် မတူ။ ခပ်သွက်သွက်ပဲ။ ဘုရား….ဘုရား။

မိနီအပေါ် အခြေတည်၍ လယ်သမား လင်မယားနှစ်ဦးတို့သည် လောကနိဗ္ဗာန်ကြီးကို စိတ်ကူးတွင် ဖန်ဆင်းခဲ့သည်။ မိနီကို လင်ပေးစားပြီးလျှင် သမက်ကို အားတစ်ခုပြုကာ လင်မယားနှစ်ဦး အိမ် ခေါင်းရင်းက အမြိုင့်သား ထိုင်၍ အနားယူရတော့မည်။ သို့သော် သားသမက်ကလေးရတာနှင့်ပဲ တသက်လုံး အငြိမ်းစားနေဖို့ ကြံရွယ်တာ မဟုတ်ဘူး၊ ခေတ်ပျက်ကြီးထဲမှာ ဒုက္ခ သုက္ခတွေ များလှတော့ ခဏတဖြုတ်လောက် အနားယူဖို့ပါပဲ။ တကယ်ဆိုတော့ သမက်နှင့် သမီးတို့အတွက် ဦးသာဂေါင့်ဆီက လယ်တစ်ပွဲ ထပ်ငှားပြီး နှစ်ဦးပြိုင်တူ လုပ်ကြမှာပဲ။ သည်လိုဆိုလျှင် တစ်နှစ် စပါးနှစ်ရာ ပိုမည်။ စပါးနှစ်ရာဆိုလျှင် အဖျင်းဆုံး ငွေနှစ်ရာ။ ဆယ်နှစ်ကို နှစ်ထောင်။ အဲသည် ငွေနှစ်ထောင်နှင့် လယ်တစ်ပွဲ ထပ်ဝယ်လိုက်လျှင်….

လေသံက ရှဲရှဲ ရှဲရှဲ မြည်လိုက်သည်။ မိဖော့ ခေါင်းပေါ်က ဂျပန်ကလည်း ဟဲဟဲ-ဟဲဟဲ ဟု ရယ်လိုက်သည်။ ရှိုက်သံမှာ ပိုမို ထင်ရှားလာသည်။ မိနီရှိုက်ပုံနှင့်တော့ တထေရာတည်းပဲ။

“ဟုတ်ပါပြီ။ ငါ့သမီးကတော့ ရေတိမ်မှာ နစ်ပါပေါ့လား။ အမယ်လေး သမီးရဲ့ ဝဋ်ရှိသမျှ ခံရပါပကော” စသည်ဖြင့် အသံထွက်မိမှ မထူးတော့ဘူး ဟူသော အနေဖြင့် အားပါးတရ ငိုလေ၏။

လှေကားမှ ခြေသံပြင်းပြင်းနင်း၍ လူတစ်ယောက် ဆင်းလာ၏။

“ဟဲ့….ဟဲ့ မိဖော့ရဲ့ ဘာဖြစ်တာလဲ”

“အမလေး တို့ဗမာကြီးရဲ့၊ သခင်ကြီးရဲ့၊ ကိုဖြိုးတုပ်ကြီးရဲ့ ကျုပ်သမီးလေးကို တော်တို့ ဘယ့်နှယ် လုပ်နေကြတာတုန်း။ ဟီး….ဟီး”

“အို-ကိစ္စမရှိပါဘူး။ ခင်ဗျားသမီးကို လက်ဖျားနဲ့တောင် မတို့ပါဘူးဗျ။ ဗိုလ်ကြီးကြားရင် သေကုန်ပါလိမ့်မယ်”

“အမလေး သေ-သေ။ ကျုပ်သမီး ရေတိမ်နက်တဲ့နောက် မထူးပါဘူး။ မှန်း-ဖယ်-ကျုပ်ကိုယ်တိုင်တက်ခေါ်မယ်”

ဖြိုးတုပ်က လှေကားရင်း လက်ကာ၏ မိဖော့က အတင်းရုန်းတက်ရန် ကြိုးစား၏။ နှစ်ဦးသား ဗလုံးဗထွေး ဖြစ်နေခိုက် တစ်ဘက်ကလေးကို ခြုံ၍ ဖိုသီဖတ်သီဖြင့် ကလေးမငယ်တစ်ဦး ဆင်းလာ၏။

ဝိုးတိုးဝါးတား မထင်ရှားသော ကလေးမက “လာ အမေ” ဟု ခေါ်ကာ မိဖော့လက်ကို ဆွဲ၏။

“အမလေး….သမီးလား….မိနီ-လုံမလေး”

မိနီက ဘာမျှ ပြန်မပြော။ ဖြိုးတုပ်လက်မှ လွတ်အောင် မိဖော့ကို ကဗျာကသီဆွဲ၍ ဥယျာဉ်ဘက်ဆီသို့ စိတ်မှန်းနှင့် ထွက်ခဲ့၏။

လမ်းတွင် မိနီက မိဖော့ကို ဖက်၍ ငိုသည်။ မိဖော့ကလည်း မိနီ၏ ပခုံးပေါ်တွင် သူ့မေးကို မှေး၍တင်ပြီးလျှင် ရှိုက်ကာရှိုက်ကာ ငို၏။

“ဘာဖြစ်လာတာတုံး သမီးရဲ့” ဟု အော်၍ မေးလိုက်ချင်၏။ မေးကား မမေးရက်။ ပုစွန်ဆိတ်ကလေးလို ခုန်နေသော မိနီ၏ ရင်ကလေးကလည်း “မမေးပါနဲ့တော့ အမေရယ်” ဟု ပြောကာ ဟန့်တားနေဘိသကဲ့သို့။ မိနီ၏ ချွေးပြန်နေသော ကိုယ်ခန္ဓာမှ မပြယ့်တပြယ်ဖြစ်သော “ဆာကေး” နံ့ကလေးလည်း မမေးခင်ကပင်လျှင် အဖြေမှန်ကို ပေးနေသည့် ပုံပမာ။

အို-အဆွေ နတ်ကောင်းနတ်မြတ်တို့ သင်တို့ကို ယုံစားမိ၍ ငါးပါးကြီးမှောက်ရချေပြီတကား။

အလင်းရောင်နှင့် ပနံမစားတော့ပြီဖြစ်သော ကံဆိုးမ သားအမိနှစ်ယောက်မှာ အမှောင်ကို ခိုကာ ဥယျာဉ်သို့ ပြန်ကြလေ၏။

အိမ်၌ ကလေးတွေချည်း ထားပစ်ခဲ့ရသည်။ မိနီအောက် ကျွဲကြီးမှာ ကလေးချော့တတ်သည်။ သို့သော် မိဖော့တို့သားအမိ သွားသည်မှာ အတန်ကြာသောကြောင့် နို့စို့ကလေးထက် အကြီးက “အမေရေ၊ အမေရေ” နှင့် တ၍ ကျယ်လောင်စွာ ငိုနေသည်။ သို့သော် တစ်ယောက်သောသူက ကျနစွာ ကလေးချော့နေသည်။

သားအမိနှစ်ယောက် တဲပေါ် အပြေးကလေး တက်သွားသည်။ ကလေးချော့နေသူမှာ ချက်ကြီးဖြစ်သည်ကို တွေ့ရသောအခါ နှစ်ဦးသား မျက်နှာအမ်းသွား၏။ နှစ်ဦးသားရင်ထဲတွင် ဆို့သွား၏။

မိဖော့က နို့စို့ကလေးကို အခန်းထဲသွင်း၍ အရင်သိပ်၏။ ပြီးမှ ငိုနေသော ငဝက်ကို ချက်ကြီးလက်မှ ယူ၍ အခန်းထဲသွင်း၏။

လူစားခြင်း (အပိုင်း – ၂)

မိနီကား မီးဖိုချောင်ဝတွင် ထိုင်ကာ ချက်ကြီးကို ကြည့်ရင်း မှိုင်လျက်နေမိ၏။

ချက်ကြီးက ဘယ်သူအရင်စ၍ စကားပြောမည်ကို စောင့်စားကြည့်နေဟန် တူ၏။ သို့သော် ကြာကြာမစောင့်နိုင်သည့်အတူတူ ငါကပဲစပြီး စကားပြောလိုက်မှပဲ ဟူသော အကြံဖြင့် ခါးပန်းပေါ်ခြေပစ်၍ ထိုင်နေရာမှ ထပြီးလျှင် ဆီမီးခွက်နားကပ်၍ မီးညှိ၏။ ညှိရင်း မိနီဘက်သို့ မျက်ဆန်ကို မျက်လုံးထောင့်တွင် ကပ်၍ မိနီကို ခိုးကြည့်မိ၏။

အလို-မှိုင်လို့ပါကလား၊ စောစောကလဲ ဂျပန်တွေဆီ သွားတယ်။ အချိန်မတော်မှလဲ ပြန်လာတယ်။ မျက်နှာကလဲ မကောင်းဘူး။ ငါကတော့ ဝမ်းသာစရာသတင်းကြီးကို ပို့မလို့ လာတာပဲ။ ချက်ကြီးက သို့လော၊ သို့လော ယုံမှားတွေးတောကာ သူ့စိတ်ထဲ ချီတုံချတုံ ဖြစ်နေသည်။

ဆံလေးတိုနှင့် ကိုချက်ကြီး၏ ပါးကို မီးရောင်ဟပ်နေသည်မှာ ကျက်သရေ ရှိလှသည်။ ကြည့်လို့မဝနိုင်ပါတကား။ သည်လိုချည့် တသက်လုံး ကြည့်နေရလျှင် လောကကြီးဟာ ပျော်စရာကြီးပေါ့၊ ခုတော့ သည်လို မဟုတ်ဘူးနော၊ သူကတော့ နေ့လယ်က ပြောလိုက်တဲ့ စကားအရ ဝမ်းသာအားရ လာပြောတဲ့ လက္ခဏာပဲ၊ နို့ပေမယ့် မိနီကလေး ရှုလို့ မဝနိုင်တဲ့ ကိုချက်ကြီးရေ့….ဒီတစ်ခါတော့ လွဲပြီ။ ကျွန်မလေ ကိုချက်ကြီးနဲ့ မတန်တော့ဘူး။

ချက်ကြီးပါးစပ်မှ ဆေးပြင်းလိပ်တိုမှာ လွတ်ထွက်သွားသည်။

‘မိနီ ဘာတွေပြောနေတာလဲ’ ဟု ချက်ကြီးက အနားကပ်၍ မေးသည်။

မိနီက သည်တော့မှ သူ့အတွေးနှင့်သူ တွေးနေရာမှ ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်ကို သိရသည်။ သိရတော့မှ ရှိုက်ကြီးငင်ကြီး ငိုလိုက်သည်။

ချက်ကြီးသည် မိနီ၏ ရှိုက်သံ ငိုသံတို့ အကြားမှ ဆောင့်၍ ဆောင့်၍ ထွက်လာသော စကားတို့ကို မလှုပ်မရှက် နားထောင်နေရသည်။ ပထမတစ်ခွန်းလောက်က အသည်းဖျားကို အပ်နှင့် ဆွလိုက်သလို နောက်တစ်ခွန်းက အသည်းထဲ ကျွဲဝင်ခတ်သလို၊ နောက်ဆုံးတစ်ခွန်းကျတော့ အသည်းထဲ ကျွဲတစ်အုပ်လုံး ဝင်သွားကရော ထင်ပါရဲ့၊ ရင်ကို မနည်းကြီး မ,ထားရသည်။

တောသူဆိုတော့ စကားပရိယာယ် မသုံး။ ပရိယာယ်ဆိုတာဟာ လိမ်တာ ဖြစ်သည်။ ဟုတ်သလောက် ဗြောင်ဖွင့်ပြောရတာက အရသာရှိသည်။ တန်ဖိုးရှိသည်။ လူလိုပြီး နတ်ကြိုက်သည်။ အမှန်ဆိုသည့် စကားမှာ နားမခံသာ။ မခံချင်လို့ ရှိလျှင်လဲ လဲသေရုံပေါ့။ ဟုတ်တာတော့ ပြောရမှာပဲ။

‘အဲဒါပဲတော့။ ကျုပ်တော့ အရင်းတိုင်းပြောတာပဲ၊ ကျုပ်ကို တော်ယူချင်မှယူ၊ ကျုပ် ဘယ်လိုမှ မအောက်မေ့ဘူး၊ တော်မယူရင် ကျုပ်လဲ တစ်သက် အိမ်ထောင်မပြုတော့ဘူး’ ဟု မိနီက တုံးခနဲ တိခနဲ ပြောလိုက်သည်။

ချက်ကြီးက ကျောက်ရုပ်ကြီး အသက်ဝင်လာသလို ဗြုန်းဆို မိနီ၏ကိုယ်ကို ဖက်လိုက်၏။ မိနီတစ်ကိုယ်လုံး ပျောက်သွားအောင် ရင်ဘတ်ထဲ ဆွဲသွင်းလိုက်၏။ မိနီ၏ ပါးပေါ်မှ တလိမ့်ခေါက်ကွေးကျလာသော မျက်ရည်တို့ကို သူ့နှာခေါင်းနှင့် လှိမ့်၍ အားပါးတရ သိမ်းကျုံး ရှိုက်ရှူလိုက်သည်။ မိနီက ခေါင်းကလေးကို မော့၍ပေးသည်။ စပယ်ဖူးကလေးကို မခူးရက်၍ အရိပ်တကြည့်ကြည့် နေခဲ့ရာမှ သူများက ကိုယ့်ထက်ဦးသွားတော့ ကျိတ်မနိုင်ခဲမနိုင်နှင့် စပယ်တစ်ရုံလုံး၏ အရိုးနှင့်အရွက်ကိုသာ သိမ်းကျုံး ပွေ့ပိုက်နေလိုက်ရဘိသို့။

ချက်ကြီးလည်း ဗြုန်းဆို မိနီကို လွှတ်လိုက်သည်။

တောက်ပြောင်၍ အာသာမပြေသည့် ချက်ကြီး၏ မျက်လုံးများက မိနီကို အစိမ်းလိုက် ဝါးစားသည်မှာ ချွတ်ချွတ် မမြည်ရုံတမယ်သာ ကျန်သည်။

နောင်တခဏအဖို့၌ ချက်ကြီးသည် အိမ်ပေါ်မှ လွှားခနဲခုန်ဆင်းကာ မှောင်ထဲ၌ ပျောက်ကွယ်သွားသည်။

ဖအေ့အတွက် အရှက်ကို စွန့်ခဲ့ရသည်။ ယခု ချက်ကြီးကို စွန့်ရပြန်ပြီ။ ဘာပဲစွန့်ရစွန့်ရ ဖအေကြီး လွတ်ရင်ပြီးတာပါပဲ။ စွန့်ရကျိုးနပ်ပါပြီ။

သြော်….၊ ကံဆိုးလှချည့် မိနီလေး။

နင်-သည်လို ပုန်းလျှိုးဝှက်လျှိုး အာဇာနည်အဖြစ်နှင့် မိန်းမတကာတို့ တန်ဖိုးအထားဆုံးအရာကို စွန့်လိုက်သည့်အချိန်မှာ နင့်အဖေ ငဘသည် ချွေးတပ်သားအစိတ်လောက်နှင့် ဆိတ်ကြီးကုန်းကမ်းက ခွာပါပကော။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

လူစားခြင်း (အပိုင်း – ၂)

ရသ

Open More Online

Related Posts