ပတ်ဝန်းကျင်

ပတ်ဝန်းကျင် နှင့် ညီညွတ်သော လုပ်ဆောင်ချက်

ပတ်ဝန်းကျင် နှင့် ညီညွတ်သော လုပ်ဆောင်ချက် ~~~~
လူတိုင်းလူတိုင်း နေ့စဉ်စားသောက်လိုက်သော အစားအစာများမှ ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ်များကို အူလမ်းကြောင်းတစ်လျှောက် စုပ်ယူ၍ အသုံးမဝင်၊ ပိုလျှံသမျှကို အညစ်အကြေး မစင်အဖြစ် ပတ်ဝန်းကျင်သို့ စွန့်ပစ်ကြသည်။

ထိုသို့ အညစ်အကြေးမိလ္လာစွန့်ပစ်ကြရာတွင် မိမိနှင့်တကွ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို ကျန်းမာရေးအတွက် အန္တရာယ်မဖြစ်စေရန် အနံ့အားဖြင့်လည်းကောင်း၊ အမြင်အားဖြင့်လည်းကောင်း အနှောင့်အယှက်မဖြစ်စေရန် လိုအပ်၏။ ထို့ကြောင့် နေ့စဉ် လူတို့ စွန့်ပစ်သောအညစ်အကြေး၊ မိမိကိုယ်တိုင် သိမ်းဆည်းရေးကို ဂရုတစိုက် လုပ်ကိုင်ပါမှ ကျန်းမာရေးနှင့် ညီညွတ်ကြမည်ဖြစ်သည်။

လူမှ စွန့်ပစ်သော မစင်သည် ရောဂါပိုးတို့နှင့် ပြည့်နှက်နေသည်ဖြစ်ရာကား အန္တရာယ်ကြီးမားစွာ ရှိလေသည်။ လူတို့၏ မစင်တွင် ရောဂါပိုးများအပြင်၊ သန်ကောင်ဥများဖြင့် ပြည့်နှက်နေတတ်သည်။ လူ၏ အူသိမ်၊ အူမတစ်လျှောက်ရှိ သန်ကောင်အမျိုးမျိုးတို့သည် ယင်းတို့၏ မျိုးဆက်ပြန့်ပွားရေးအတွက် ဥများကို အုချကြသည်။

မစင်ထဲတွင် သန်ကောင်လုံး၊ သန်ကောင်ပြား၊ ချိတ်သန်ကောင်၊ တုတ်ကောင်တို့၏ ဥများ၊ တိုက်ဖွိုက်ရောဂါပိုး၊ သူငယ်နာအကြောသေရောဂါပိုး၊ အသားဝါ အသည်းရောင် ရောဂါ၊ ဝမ်းကိုက်ဝမ်းလျှော အမျိုးမျိုးဖြစ်စေသော ရောဂါပိုး စသည်များ ပါဝင်သည်။ မစင်ကို စနစ်တကျ သိမ်းဆည်းမှုမရှိသောအခါ ထိုရောဂါပိုးများနှင့် သန်ကောင်ဥများသည် ပတ်ဝန်းကျင်မြေနှင့် ရေသို့ ပြန့်နှံ့ရောက်ရှိစေပြီး၊ ထိုမှတဆင့် လူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားရှိနိုင်ပေသည်။

မြေကြီးပေါ်တွင် စွန့်ထားသော မစင်မှ ရောဂါပိုးနှင့် သန်ကောင်ဥများသည် မိုးရွာသောအခါ ရေစီးနှင့်ပါသွားပြီး လူတို့သောက်သုံးရာ ရေတွင်း၊ ရေကန်၊ ချောင်း၊ မြစ် စသည်တို့ထဲသို့ ဝင်ရောက်သွားနိုင်၏။ ထို့အပြင် မစင်သည် မြေနှင့် တစ်သားတည်းရောသွား၍ မစင်ကို မတွေ့ရသည့်တိုင် ရောဂါပိုးနှင့် သန်ကောင်ဥများသည် မြေမှုန်မြေသားတို့နှင့် ရော၍ ခိုကပ်နေနိုင်သည်။

လေတိုက်သောအခါ ယင်းတို့သည် ဖုန်မှုန့်များနှင့်အတူ လွင့်ပါ၍ သောက်သုံးရေနှင့် အစားအစာများထဲသို့ ကျရောက်နိုင်သည်။ ဖုန်မှုန့်တို့ကို ကိုင်တွယ်ဆော့ကစားခြင်း၊ မျိုချမိသော ကလေးများ၏ ကိုယ်ထဲသို့လည်း ဝင်ရောက်နိုင်ပေသည်။ ထို့အပြင် မစင်ပေါ်မှ ရောဂါပိုးနှင့် သန်ကောင်ဥများကို ယင်ကောင်က သယ်ယူ၍ အစားအစာပေါ်သို့လည်း ရောက်နိုင်ပြန်သည်။

ထို့ကြောင့် ပြည်သူ့နီတိအနေဖြင့် မိလ္လာသိမ်းဆည်းခြင်း အမျိုးမျိုးကို ဤသို့ လုပ်ဆောင်သင့်သည်။

၁။     ကွင်းပြင်အိမ်သာ။     အကာအရံ၊ ကျင်း စသည်တို့ မရှိ ချုံကြားမြေပြင်ပေါ်တွင် အညစ်အကြေးစွန့်ပစ်ခြင်းမျိုးကို ရှောင်ရှားပါ။ အချို့သော ကျေးလက်ဒေသများတွင် ရှိနေသေးသဖြင့် မပြုလုပ်ရန် လိုအပ်သည်။

၂။     ရေစပ်အိမ်သာ။     မြစ်၊ ချောင်း၊ မြောင်း၊ အင်း၊ အိုင်၊ ကန် စသည်အစပ်တွင် အညစ်အကြေးစွန့်ခြင်း မပြုလုပ်ရပါ။ မိမိနေအိမ်အတွက် အနံ့အသက်ကင်း၍ အကုန်အကျ နည်းသော်လည်း စွန့်ပစ်သောအညစ်အကြေးများသည် ရေနှင့်အတူ ပါသွားပြီး အခြားသောနေရာတွင် ထိုရေကို ချိုးသူ၊ သောက်သုံးသူတို့ အန္တရာယ်ဖြစ်စေနိုင်ပါသည်။

၃။     ကျင်းမဲ့မြေပြင်အိမ်သာ။     လေးတိုင်စင် အမိုးအကာပါသော အိမ်သာကိုယ်ထည် ရှိသော်လည်း ကျင်းမတူး၊ ဇလားမခံဘဲ မြေပြင်ပေါ်သို့ အညစ်အကြေးစွန့်ချခြင်းကို ရှောင်ကြဉ်ရပေမည်။ အချို့သောဒေသတွင် သုံးစွဲကြောင်း မြင်တွေ့ရပေ၏။ ဤနည်းတွင် အနံ့အသက်နှင့် အမြင်ဆိုးမှုကိုသာမက ယင်ကောင်လည်း ပေါက်ဖွားနိုင်သဖြင့် မသင့်လျော်ပေ။

၄။     ကျင်းတူးအိမ်သာ။     အိမ်သာအောက်တွင် ကျင်းတူး၍ ကျင်းထဲသို့ အညစ်အကြေးစွန့်ပစ်ခြင်း ဖြစ်သည်။ ၎င်းကို ဤသို့ ထပ်မံ ခွဲခြားတွေ့နိုင်ပေသေး၏။

(က) ကျင်းတည့်တွင်းနက်အိမ်သာ။
အနက် ၆-ပေခန့်နှင့်၊ အကျယ် ၃-ပေခန့် ကျင်းမျိုးကို ထားခြင်းဖြစ်သည်။ ယင်းအိမ်သာမျိုးကို အနံ့အသက်ကင်းပြီး ယင်းနှင့် မစင် မထိတွေ့နိုင်ရန် အိမ်သာအောက်ခြေပတ်လည် အလုံကာရံပြီးလျှင် ပို၍ ကောင်းပေသည်။၏

(ခ) ကျင်းလွဲအိမ်သာ။
အိမ်သာ၏ အနောက်ဘက်၊ သို့မဟုတ် ဘေးဘက်တွင် ကျင်းတူးပြီး အိမ်သာတွင် စွန့်ပစ်လိုက်သော အညစ်အကြေးကို ရေလောင်းချခြင်းဖြင့် အိမ်သာနှင့် ကျင်း ဆက်သွယ်ထားသော ဝါး၊ သွပ်၊ ကော်ပိုက်၊ ရေတံလျှောက်မှတဆင့် ကျင်းထဲသို့ ရောက်သွားစေနိုင်သည်။ ရေလောင်းချရသဖြင့် ရေလောင်းအိမ်သာ၏ မစင်ကန်သဘောမျိုး ဖြစ်သွား၍ သင့်လျော်သော်လည်း ရေလုံလောက်ရန်နှင့် ကျင်းအဝကို ယင်မဝင်နိုင်အောင် မစင်ဝင်ပေါက်မှ လွဲ၍ အလုံပိတ်ရန် လိုအပ်ပေသည်။

(ဂ) ကျင်းတိမ်ရှည်အိမ်သာ။
အနက် ၂-ပေ၊ အကျယ် ၁-ပေ၊ အရှည် ၈-ပေ မှ ၁၀-ပေ အထိ အကန့်၊ အကန့်နှင့် တွဲလျက် တည်ဆောက်ထားသော အိမ်သာများဖြစ်၍ ဘုရားပွဲများ၊ စခန်းများတွင် ယာယီသုံးရန်အတွက် ဖြစ်သည်။

(ဃ) ဖို့မြေအိမ်သာ။
ခြေတံရှည်အိမ်သာဆောက်၍ ယင်း၏ဘေးပတ်လည်တွင် မြေကြီးကို ကျစ်နေအောင် ဖို့ကာ၊ အိမ်သာအောက်ခြေ အပေါက်ဝထိ ရောက်စေသည်။ ၎င်းကို ရေကြီးလေ့ရှိရာ၊ ရေဝပ်လေ့ရှိရာ အရပ်ဒေသအချို့တွင် သုံးကြသည်။

(င) ကျင်းထဲသို့ အမှိုက်သရိုက်ပါ စွန့်ပစ်ခြင်း။
အိမ်သာကျင်းထဲသို့ အညစ်အကြေးသာမက နေ့စဉ် အမှိုက်သရိုက်များ စွန့်ပစ်ခြင်း ဖြစ်သည်။ ကျင်းပြည့်ခါနီးတွင် မြေကြီးနှင့် ဖို့၍ အသစ်သုံးနိုင်သည်။ ကျင်းဟောင်းကို တစ်နှစ်ခန့်ကြာလျှင် မြေသြဇာအဖြစ် သုံးနိုင်၏။

၅။     ဇလားအိမ်သာ။     မြို့များရှိ ရပ်ကွက်အချို့ ဈေး၊ ကျောင်း၊ စသည်တို့တွင် သုံးလေ့ရှိသည်။ အိမ်သာအောက်တွင် သစ်သားဇလား၊ သို့မဟုတ်-ပုံးခံထားရသည်။ ဇလားပြည့်ချိန်တွင် မိလ္လာသိမ်းဆည်းလုပ်သားက လာရောက်သိမ်းဆည်း၍ နောက်ဆုံး၊ မစင်များ ဖျက်ဆီးစွန့်ထုတ်ရာနေရာသို့ မော်တော်ယာဉ်ဖြင့် သယ်သွားရသည်။ ဤနည်းတွင် ယင်မလုံခြင်း၊ အနံ့အသက်ရခြင်း၊ သယ်ဆောင်သောအခါ ဖိတ်စင်နိုင်ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် မညီညွတ်ပေ။

၆။     ရေလောင်းအိမ်သာ။     မိမိအိမ်ဝင်းအတွင်းတွင်ပင် ကွန်ကရက်ဖြင့် မစင်ကန်နှစ်ကန်တူးကာ ရေလောင်းအိမ်သာနှင့် ဆက်ထားပေးသည်။ ရေလောင်းအိမ်သာ၏ မစင်ခံခွက်တွင် ရေတံခေါင်း ပါရှိသည်။ လောင်းချလိုက်သော ရေအရှိန်ကြောင့် မစင်သည် ရေတံခါးကိုကျော်ဖြတ်ပြီး ပိုက်တစ်လျှောက်စီးဆင်းကာ မစင်ကန်အတွင်းသို့ ရောက်သွားလေ၏။ စွန့်ပစ်သော မစင်မှာ ရေနှင့် နူးသွားပြီး ရေမှာလည်း မြေကြီးအတွင်းသို့ စိမ့်ဝင်သွားသည်။ ယင်လုံ၍ အနံ့သက်ကင်း သန့်ရှင်းကောင်းမွန်သော အိမ်သာအမျိုးအစား ဖြစ်သည်။

၇။     မိလ္လာပိုက်ကြီးများဖြင့် ဆက်သွယ်ထားခြင်း။
ရန်ကုန်မြို့ကဲ့သို့သော မြို့ကြီးများတွင် တစ်နေရာနှင့် တစ်နေရာ မြေအောက်မိလ္လာပိုက်လိုင်းကြီးများဖြင့် ဆက်သွယ်ပြီး နေ့စဉ်ထွက်ပေါ်လာသော အညစ်အကြေးမှန်သမျှကို စွန့်ပစ်သော ချိုးရေ၊ သုံးရေတို့ဖြင့် ရောစေကာ စက်ဖြင့် စုပ်ယူပြီး မြို့နှင့်ဝေးသည့်ဒေသတွင် ပြန်၍ စွန့်ပစ်ခြင်း ဖြစ်သည်။ ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း ငွေကြေးအကုန်ကျများလှသဖြင့် မြို့တိုင်းမြို့တိုင်းတွင် ဤစနစ်ကို အကောင်အထည်ဖော်ရန် မလွယ်ပေ။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts