၁၀

အလှည့်ကျကစားခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၁၀ )

အလှည့်ကျကစားခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၁၀ ) ~~~~
Rule 10-1. Match Play စည်းမျဉ်း ၁၀ – ၁ ကျင်းပြတ်ကစားခြင်း

a. When Starting Play of Hole ကျင်းစတင်ကစားသောအခါ

ပထမဦးဆုံး တာထွက်မည့်ကျင်းတွင် ကော်မတီက ရေးဆွဲထားသော အတွဲအစီအစဉ်အတိုင်း အလှည့်ကျ ကစား၍ တာထွက်ရသည်။ အတွဲအစီအစဉ် ရေးဆွဲထားခြင်းမရှိလျှင် မဲစနစ်ဖြင့် မည်သူအရင်ရိုက်ရမည် (အော်နာ) ကို သတ်မှတ်တာလွှတ်ရသည်။

ကျင်းတစ်ကျင်းကစားပြီးနောက် ထိုကျင်းတွင် နိုင်သည့်ကစားသူ (သို့မဟုတ်) အတွဲသည် နောက်တစ်ကျင်း၏ တီခုံမှ ပထမဦးစွာ ကစားရမည်။

ကျင်းတစ်ကျင်းတွင် အရှုံးအနိုင်မရှိ သရေဖြစ်ပါက ထိုကျင်း၏ တီခုံမှ ရိုက်ခဲ့သော အလှည့်ကျအတိုင်း နောက်တစ်ကျင်း၏ တီခုံတွင် ဆက်လက်ကစားရမည်။

b. During Play of Hole ကျင်းကစားနေစဉ်အတွင်း

ကျင်းကစားနေစဉ်အတွင်း ကျင်းနှင့် အဝေးဆုံးတွင်ရှိသော ဘောလုံးကို စတင်၍ ကစားရမည်။ အကယ်၍ ဘောလုံးများသည် ကျင်းမှ တူညီသောအကွာအဝေးတွင် ရှိပြီး မည်သည့်ဘောလုံးသည် ကျင်းနှင့်နီးကြောင်း ဆုံးဖြတ်ရန် မလွယ်ကူပါက မဲစနစ်ဖြင့် ဆုံးဖြတ်နိုင်သည်။

Expection : ခြွင်းချက်အနေဖြင့် စည်းမျဉ်း 30-3b (ဘက်(စ်)ဘောနှင့် ဖိုးဘော) ကျင်းပြတ်ကစားနည်းတွင် အတွဲတစ်တွဲတွင် ပါဝင်သော ကစားသူ (သို့မဟုတ်) ပါတနာ၏ အလှည့်တွင် ကြိုက်သည့်ဘောလုံးကို ဦးစွာ ကစားနိုင်သည်။

Note မှတ်ချက် – ဘောလုံးကို စည်းမျဉ်းတစ်ခုခုအရ ရောက်သည့်နေရာမှ မကစားရဘဲ နောက်ဆုံးရိုက်ခဲ့သော နေရာမှ စည်းမျဉ်း 20-5 အရ ပြန်လည်ရိုက်ရမည်ဖြစ်လျှင် ထိုနေရာတွင် နောက်ဆုံးကစားခဲ့သော အလှည့်အတိုင်း ရိုက်ရမည်။ သို့မဟုတ်ပါက ကျင်းနှင့် ဝေးသောနေရာရှိ ဘောလုံးအား ဦးစွာ ကစားရမည်။

c. Playing Out of Turn အလှည့်မှားရိုက်ခြင်း

မိမိပြိုင်ဘက် ရိုက်ရမည့်အလှည့်တွင် ကစားသူသည် အလှည့်မှား၍ ဦးစွာရိုက်ခဲ့လျှင် ပြစ်ဒဏ်မရှိပါ။ သို့သော် မိမိ၏ပြိုင်ဘက်သည် ကစားသူရိုက်ခဲ့သော ရိုက်ချက်အား ပယ်ဖျက်၍ နောက်တစ်ချက်ပြန်ရိုက်ရန် ချက်ချင်း ကန့်ကွက်နိုင်သည်။ ထိုသို့ ကန့်ကွက်ပါက ကစားသူသည် ပထမရိုက်ချက်အား ပယ်ဖျက်၍ ထိုရိုက်ခဲ့သော နေရာမှ နောက်တစ်လုံးကို မိမိရိုက်ရမည့်အလှည့်တွင် ပြန်ရိုက်ရမည်။

Rule 10-2. Stroke Play စည်းမျဉ်း ၁၀-၂ အချက်ရေကစားခြင်းတွင်

a. When Starting Play of Hole ကျင်းစတင်ကစားသောအခါ

ပထမဦးဆုံး တာထွက်မည့်ကျင်းတွင် မည်သူက ဦးစွာ ရိုက်ရန် အော်နာရသူကို ကော်မတီက ရေးဆွဲထားသော အတွဲအစီအစဉ်အတိုင်း အလှည့်ကျ ကစား၍ တာထွက်ရသည်။

အတွဲအစီအစဉ် ရေးဆွဲထားခြင်း မရှိလျှင် မဲစနစ်ဖြင့် မည်သူ အရင်ရိုက်ရမည်ကို သတ်မှတ်သည်။ အချက်ရေ အနည်းဆုံး ရိုက်ခဲ့သော ကစားသမားသည် နောက်တစ်ကျင်းတွင် တီခုံမှ ပထမရိုက်ရသည်။ ဒုတိယအချက်အနည်းဆုံးက ဒုတိယရိုက်ရန် ဖြစ်သည်။ အချက်ရေ အနည်းအများအလိုက် အလှည့်ကျ ရိုက်ရမည်။ အကယ်၍ အချက်ရေတူနေပါက နောက်ဆုံးရိုက်ခဲ့သော ကျင်း၏ အလှည့်အတိုင်း ရိုက်ရမည်။

b. During Play of Hole ကျင်းတစ်ကျင်းအား ကစားနေစဉ်အတွင်း

ကျင်းတစ်ကျင်းအား စတင်၍ ကစားပြီးနောက် ကျင်းနှင့်အဝေးဆုံးတွင် ရှိသော ဘောလုံးကို ဦးစွာ ကစားရသည်။ အကယ်၍ ဘောလုံးများသည် ကျင်းမှ တူညီသောအကွာအဝေးတွင် ရှိပြီး မည်သည့်ဘောလုံးသည် ကျင်းနှင့်နီးကြောင်း ဆုံးဖြတ်ရန် မလွယ်ကူပါက မဲစနစ်ဖြင့် ဆုံးဖြတ်နိုင်သည်။

Expection : ခြွင်းချက် – ဘောလုံးသည် အနှောင့်အယှက် (သို့မဟုတ်) အထောက်အကူဖြစ်နေခြင်းအတွက် စည်းမျဉ်း 22 နှင့် ဖိုးဘောအချက်ရေ ကစားခြင်းအတွက် စည်းမျဉ်း 31-4 တွင် ဖော်ပြသည့်အတိုင်း ကစားရန်။

Note မှတ်ချက် – ဘောလုံးကို စည်းမျဉ်းတစ်ခုခုအရ ရောက်နေသည့်နေရာမှ မကစားရဘဲ မူလကစားခဲ့သော နေရာမှ စည်းမျဉ်း 20-5 အရ ပြန်လည်ရိုက်ရမည်ဖြစ်လျှင် နောက်ဆုံးကစားခဲ့သော အလှည့်အတိုင်း ကစားရမည်။ သို့မဟုတ်ဘဲ ရောက်သည့်နေရာမှ ကစားမည်ဖြစ်လျှင် ကျင်းနှင့်ဝေးသော ဘောလုံးအား ဦးစွာ ကစားရမည်။

c. Playing Out of Turn အလှည့်မှားရိုက်ခြင်း

အလှည့်မှား၍ ရိုက်ခဲ့ပါက ပြစ်ဒဏ်မရှိပါ။ ဘောလုံးအား ရောက်သည့်နေရာမှ ဆက်၍ ကစားရမည်။ သို့သော် ကစားသမားများသည် တစ်ဦးဦးအား အကျိုးဖြစ်စေရန်အလို့ငှာ နှစ်ဦးသဘောတူ အလှည့်ပြောင်း၍ ကစားခဲ့ကြောင်း ကော်မတီက သတ်မှတ်လျှင် DQ ဖြစ်သည်။

Rule 10-3. Provisional Ball or Another Ball from Teeing Ground

စည်းမျဉ်း ၁၀-၃ အရံဘောလုံး ရိုက်ခြင်း (သို့မဟုတ်) တီခုံမှ နောက်တစ်လုံးထပ်ရိုက်ခြင်း
ကစားသူသည် အရံဘောလုံး (သို့မဟုတ်) တီခုံမှ နောက်ဘောလုံးတစ်လုံး ထပ်ရိုက်ရမည်ဆိုပါက အခြားကစားသူအားလုံး ပထမဘောလုံးကို ရိုက်ပြီးသောအခါမှသာလျှင် ရိုက်ရမည်။ အကယ်၍ တစ်ဦးထက် ပို၍ အရံဘောလုံးများ ရိုက်ရန်ရှိပါက မူလရိုက်ခဲ့သော အလှည့်အတိုင်း ရိုက်ရမည်။ အလှည့်မှား၍ ရိုက်ခဲ့ပါက စည်းမျဉ်း 10-1c (သို့မဟုတ်) စည်းမျဉ်း 10-2c အတိုင်း ဆောင်ရွက်ရမည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts