ထီးဆောင်းမင်းတို့၏

တစ်ရာသော ထီးဆောင်းမင်းတို့၏ အရှင်

ရွှေနန်းတော်တွင်း၌ ထီးသည် အဆင့်အတန်းကို ခွဲခြားပြသသော ပစ္စည်းဖြစ်သည်။ ဘုရင်မင်းမြတ်သည် တစ်ရာသော ထီးဆောင်းမင်းတို့၏ အရှင်သခင်ဖြစ်ပြီး ဤနိူင်ငံသည် ထီးဆောင်းမင်းတို့၏ အရှင်သခင်ပိုင်သော နိူင်ငံတော်ပင် ဖြစ်သည်။ ဘုရင်မင်းမြတ်အတွက် အဆောင်အယောင်အဖြစ် အထူးသတ်မှတ်ထားသော ထီးမှာ ထီးဖြူတော် ဖြစ်သည်။ နိူင်ငံတော် အခမ်းအနားများတွင် ဘုရင်မင်းမြတ်အတွက် ထီးဖြူရှစ်စင်းကို မိုးကာ စိုက်ထူရသည်။ မိဖုရားခေါင်ကြီး အတွက်မူ ထီးဖြူတစ်စင်း သုံးပိုင်ခွင့်ရှိ၏။ ဘုရင့် အဆောင်အယောင်အဖြစ် သီးသန့်ထားသော ထီးဖြူတော်၏ အရှည်မှာ ၁၅ပေရှိပြီး၊ ထီးရွက်မှာ ၆ပေခန့် ရှိသည်။ ဤထီးဖြူတော်များကို ရွှေပွင့်လွှာများ အပါအဝင် ရတနာများဖြင့် စီခြယ်ထားလေ၏။ ထီးရိုးမှာလည်း ရတနာများ စီခြယ်ထားပြီး ရွှေချထားပေသည်။

ဘုရင်မင်းမြတ်ထက် အဆင့်နိမ့်သူများအတွက် အဆောင်အယောင်အဖြစ် ရွှေထီးများသာ သုံးစွဲခွင့်ရှိ၏။ နန်းမွေခံမည့် အိမ်ရှေ့မင်းသားသည် ရွှေထီးရှစ်စင်းကို ဆောင်းနိူင်သည်။ အခြား မင်းညီမင်းသားများအတွက်မူ ဘုရင်မင်းမြတ်က သတ်မှတ်ပေးထားသော အရေအတွက်အလိုက် ရွှေထီးကို သုံးစွဲခွင့်ရ၏။ ရှမ်းစော်ဘွားများ အပါအဝင် အခြားအထက်တန်း မှူးကြီးမတ်ကြီး အရာရှိကြီးများ အတွက်လည်း ရွှေထီးဆောင်းခွင့် ပေးထား၏။ ရွှေထီးစင်းရေ မည်မျှဆိုသည်ကိုမူ ဂုဏ်နှင့်ရာထူးဌာနအလိုက် ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ပေးထားသည်။ ယင်းတို့ထက် တစ်ဆင့်နိမ့်ကျသော ပုဂ္ဂိုလ်တို့အတွက်ကား ပိုးထီးနှင့် ဆေးရောင်ခြယ်ထားသော အဝတ်ထီးများကိုသာ ဆောင်းခွင့်ပြုလေသည်။

မြန်မာတို့သည် ရှေးက ဦးထုပ်ဆောင်းလေ့ မရှိကြပါ။ ဗြိတိသျှ အစိုးရ သိမ်းပိုက်စိုးမိုး လာပြီးသည်မှ ဤမှာဘက်တွင် ဦးထုပ်ဆောင်းလာကြသည်။ ရှေးမြန်မာတို့၏ တဘောင်များတွင် ဦးထုပ်ဆောင်းသူ လူမျိုးတစ်ဦးက မြန်မာနိုင်ငံကို စိုးမိုးအုပ်ချုပ်လာလိမ့်မည်ဟု ပါရှိခဲ့သည်ဆို၏။ အနောက်နိူင်ငံမှ ဗြိတိသျှ အမျိုးသားတို့ကလည်း ဦးထုပ်သမားတွေဖြစ်သည်။ သို့ဆိုလျှင် ဦးထုပ်ဆောင်းသော ဗြိတိသျှ အမျိုးသားတွေ မြန်မာကို ကျွန်ပြုကြလေတော့မည်။ ကဲ ….. ဒါဖြင့် ယတြာချေကြရအောင်။ ဘယ်လို ယတြာချေကြမလဲ။

ဤတွင် သာမန် အဆင့်အတန်းရှိသော အရာရှိများကို ဂုဏ်ပြုချီးမြှင့်ရာတွင် ဝါးဦးထုပ်ကို ပေးအပ်ခဲ့ကြသည်။ ဦးထုပ်ဆောင်း လူမျိုးတွေ မရောက်လာမီ ဦးထုပ်ကဲ့သို့ ဆောင်းရသော ဝါးဦးထုပ်ကို ဦးစွာဆောင်းကြခြင်းဖြင့် ယတြာချေကြသည်ဟု ဆို၏။ ဝါးဦးထုပ်မှာ အနားရွက်ကြီးသော ဦးထုပ်တစ်မျိုးပင် ဖြစ်ပြီး တရုတ်ကူလီများ ဆောင်းသော ခေါင်းဆောင်နှင့် တူ၏။ သို့သော်ဦးထုပ်ကို ယတြာချေလောက်အောင် ဦးထုပ်နှင့်ကား မတူလှချေ။

ခါးဝတ် အဆောင်အယောင် အဖြစ် ရွှေနှင့် ငွေတို့ဖြင့် စီခြယ်ထားသော ပိုးထည်များကို ဝတ်ဆင်ခွင့်ပြုသည်။ ယင်းတို့ကို မင်းသား၊ မင်းသမီးများနှင့် အခြားသော အထူးအခွင့်အရေးအရ ပုဂ္ဂိုလ်များသာ ဝတ်ဆင်ခွင့်ရှိသည်။ အလားတူပင် မှူးကြီးမတ်ကြီးများအတွက် အကျီၤရှည်ကြီးများ သတ်မှတ်ထားပြီး ရွှေကြယ်သီးများ တပ်ဆင်ခွင့်ကိုမူ အကန့်အသတ်ဖြင့် ပေးထားသည်။ ကြက်သွေးရောင် ပိန်းတန်းဖိနပ်များကို မင်းမျိုးမင်းနွယ်များအတွက် ခွင့်ပြုပြီး ယင်းတို့တွင် စိန်၊ မြနှင့် ပတ္တမြားစသော ရတနာများ စီခြယ်ထားသည်။ ဘုရင့်အနွယ်တော်များသာ သုံးစွဲရန် သတ်မှတ်ထားသော ကွမ်းအစ်၊ ထွေးခံ၊ ရေခွက် စသော အသုံးအဆောင် ပုံစံအရွယ်အစားများကို သာမန် လူတန်းစားကိုင်ဆောင် သုံးစွဲခွင့် မရှိပေ။ 

တိုင်းသူပြည်သားတို့သည် ချမ်းသာတိုင်း အဖိုးတန်ပစ္စည်းများကို ကိုင်တွယ်သုံးစွဲခွင့် မရပါ။ ပိုး၊ ဖဲ၊ ကတ္တီပါ၊ စိန်ရွှေရတနာ အဖိုးတန် ပစ္စည်းတွေကို သာမန်လူတွေ အနေဖြင့် စိတ်တိုင်းကျ ဆင်ယင်ခွင့် မရကြ။ သာမန် ကုန်သည်တစ်ဦး၏ ဇနီးမယားသည် အဖိုးထိုက် အဖိုးတန် အဝတ်အထည်များကို လည်းကောင်း၊ အဖိုးတန် လက်ဝတ်ရတနာပစ္စည်းများကို လည်းကောင်း ဝတ်ဆင်သည်ဟု သတင်းကြားလျှင် သူ့ကို သူကြီး သို့မဟုတ် မြို့စား၊ ရွာစားများ ထံသို့ ဖမ်းဆီးပို့ဆောင် အရေးယူခြင်း ခံရမည် ဧကန်။ သူကြီးကား အခွင့်အာဏာ အထူးရရှိသူ ဖြစ်၏။ မြို့ရွာနယ်ပယ်တွင် သူသည် အုပ်ချုပ်သူနှင့် အခွန်ကောက်ခံသူ ဖြစ်သည်။ ဘုရင့်တပ်မတော်တွင် စစ်သား လိုအပ်သည်ဆိုလျှင် အရေးပေါ်တပ်သားများကို သူကြီးက ရှာဖွေ စုဆောင်း ခေါ်ယူပေးရသည်။ ထို့ပြင် သူ့အခွင့်အာဏာဘောင်အတွင်း တရားဥပဒေအရ ဒဏ်ငွေရိုက်ခြင်း၊ အပြစ်ဒဏ်ပေးခြင်း ပြုလုပ်နိူင်သည်။ သူ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမျှ ခရီးမသွားနိူင်ချေ။ သူ၏ ခွင့်ပြုချက်ဖြင့် ခရီးသွားသည် ဆိုဘိဦး၊ အထူးအာဏာရ သူကြီးမင်း ကျေနပ်စေရန် သက်သေခံ တစ်ခုခု ထားပေးခဲ့ပြီးမှ ခရီးထွက်ရသူလည်း ရှိတတ်သည်။ မည့်သည့်နေ့ရက်တွင် ပြန်လာပါမည်ဟု ကတိပေးရပြီး ထိုကတိအတွက် အာမခံပစ္စည်း ထားခဲ့ရခြင်း ဖြစ်လေသည်။ 

သူကြီးမင်းကို အုပ်ချုပ်နေသူကား “နယ်စား” က ခန့်ထားသော ကိုယ်စားလှယ် မြို့စားမင်းပင် ဖြစ်သည်။ မြို့စားသည် အများအားဖြင့် မင်းမျိုးမင်းနွယ်ထဲကသော် လည်းကောင်း၊ လွှတ်တော်နှင့် နီးစပ်သူထဲကသော် လည်းကောင်း ဖြစ်တတ်သည်။ သူ့တာဝန်မှာ ဘုရင်မင်းမြတ် စီမံခန့်ခွဲလိုက်သော အခွန်တော်ငွေကို ပြည့်ပြည့်ဝဝ ရရှိအောင် ကောက်ခံပေးရန် ဖြစ်၏။ နေပြည်တော်တွင် နေထိုင်သော နယ်စား ဝန်မင်းများအဖို့ တစ်နှစ်တစ်ကြိမ်မျှသာ မိမိစားသော နယ်သို့ အခွန်တော်ငွေ သိမ်းယူရန် ဆင်းလာလေ့ရှိသည်။

ထိုသို့ တစ်နှစ်တစ်ကြိမ် နယ်ဆင်းရုံမှအပ နယ်စားဝန်မင်းသည် နေပြည်တော်မှ ခွာလေ့မရှိပေ။ ထိုသို့ နယ်သို့ဆင်းသောအခါ၌ သူ၏ဇနီးကို နေပြည်တော်တွင် ထားခဲ့ရပေသည်။ နယ်စားဝန်မင်းသည် အခွန်တော် ငွေများနှင့် အတူ မန္တလေး နေပြည်တော်သို့ မပျက်မကွက် ပြန်လာရန်အတွက် အာမခံထားခဲ့ရခြင်းပင်တည်း။ 

သူကြီးမင်းသည် နယ်စားဝန်မင်း ကျေနပ်နှစ်သက်သည် အထိ အခွန်တော်ငွေများ ကောက်ခံပေးရပြီး ဝန်မင်းကလည်း သူ့အထက်က ပုဂ္ဂိုလ်များ ကျေနပ်သည်အထိ ကြိုးပမ်း ဆက်သရသည်။ အမှန်ဆိုသော် အခွန်ကောက်ခံသူတိုင်းသည် အခွန်ထမ်း ပြည်သူတို့၏ အကျိုးစီးပွားကို လုံးဝ ထောက်ထား ငဲ့ညှာခြင်း မရှိဘဲ မိမိတို့ အကျိုးစီးပွားအခွင့်အလမ်း အမြတ်အစွန်းကိုသာ ကြည့်ရှုလေ့ ရှိပေသည်။ အခွန်တော်ငွေထဲမှ မိမိအတွက် ငွေသားအမြတ်များစွာကိုလည်း အခွန်ကောက်ခံသူတို့က ရရှိကြသည်။ မင်းတုန်းမင်းဘုရင် နန်းစံစဉ်အတွင်း နယ်ပယ်အသီးသီးမှ ဘုရင့်ရွှေတိုက်တော် အတွင်းသို့ နှစ်စဉ် အခွန်ဘဏ္ဍာတော်ငွေ မည်မျှ တင်ဆက် ပို့ဆောင်စေရမည်ဟု ဆိုသည်ကို တင်းတင်းကြပ်ကြပ် သတ်မှတ်တောင်းဆိုလေ့ရှိသည်။ ဘုရင့်ရွှေတော်တိုက်မှ သတ်မှတ် တောင်းဆိုသည့် စံချိန်ပြည့်ပြီးသည့် နောက်တွင်ကား နယ်စားဝန်မင်း၏ စိတ်တိုင်းကျ အခွန်ကောက်ပေရော့။ သူ့ဘဏ္ဍာတိုက်သို့ အခွန်ငွေ ဘယ်လောက်ပဲ ရောက်သွားသွား အရေးမကြီးတော့ပြီ။ 

သို့သော် မင်းတုန်းဘုရင်မင်းမြတ်မှာ သူ၏ ဘိုးလောင်းတော်၊ ဘေးလောင်းတော် မင်းတရားထက် ပို၍ ထောက်ထား စာနာမှု ရှိတတ်သော မင်းတရား ဖြစ်ပေ၏။ ထို့ကြောင့်ပင် အခွန်ထမ်း ပြည်သူတို့၏ ပန်ကြားလျှောက်ထားမှုကို ကြားရလျှင် အရေးယူ စဉ်းစားဆောင်ရွက်စေသည်။ ဤသို့ဖြင့် မင်းတုန်းဘုရင်က မူတစ်ခု ရေးဆွဲသည်။ အခွန်ကောက်သူတို့သည် ဆယ်ခိုင်တစ်ခိုင်နှုန်းသာ အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် အခွန်တော်ငွေ ကောက်ခံသူတို့သည် ပုံမှန်ဝင်ငွေကိုသာ အချိုးကျ ခံစားနိူင်ခွင့် ရှိကြပေတော့မည် ဖြစ်၏။ 

ဤနည်းအတိုင်း ဘုရင့်ဘဏ္ဍာတိုက်သို့ အခွန်ငွေများ သင့်တင့်မျှတစွာ ဝင်လာမည် ဧကန်ဖြစ်၏။ သို့သော် နေပြည်တော်နှင့် အခွန်ကောက်ခံသော မြို့များ၊ နယ်များ၊ ရွာများမှာ အလှမ်းကွာလွန်းလှပါ၏။ ထိုမြို့နယ် ရွာများတွင် အခွန်ကောက်ခံသူတို့က  သူတို့ သဘောကျ ကောက်ခံယူနေပါလျှင် အခွန်ထမ်းပြည်သူသည် တောင်းသမျှ အခွန်ငွေကို အငြင်းမဆန် ပေးဆပ်ရုံမျှ တစ်ပါး အခြားဘာမျှ ပြောနိူင်မည် မဟုတ်ချေ။ 


အမှန်ဆိုသော် မြန်မာနိူင်ငံကို အုပ်စိုးခဲ့သူတို့ကား ကံကောင်းသည်ဟု ဆိုရတော့မည်။ သူတို့၏ အုပ်စိုးခြင်းကို ခံခဲ့ကြရသော ပြည်သူတို့သည် ထားရာနေ၊ စေရာသွားမည့်သူများ ဖြစ်သည်။ အစိုးရထံမှ နည်းနည်းသာ မျှော်လင့်တောင့်တ၍ ရသမျှယူ ပေးသမျှစားပြီး ပျော်ပျော်သာ နေချင်ကြသူများ ဖြစ်ကြ၏။ ကံပေးသမျှပေါ့လေဟု စိတ်ကို လျှော့ပေးတတ်ကြ၏။ ယင်းသို့သော စိတ်နေသဘောထား ရှိနေကြခြင်းမှာ ဗုဒ္ဓဘာသာ၏ အဆုံးအမတွင် တည်ကြသောကြောင့် ဖြစ်ကြောင်း ဒွိဟသံသယ ရှိစရာ မလိုပေ။ ယခင်ဘဝဟောင်းက မကောင်းမှု အကုသိုလ်ကံကြောင့်သာ ယခုဘဝတွင် ဒုက္ခနှင့် ကြုံတွေ့ရသည်ဟု ဖြေသိမ့်ကြသည်။ 

ရှင်ဘုရင်နှင့် မှူးကြီးမတ်ကြီး အပါအဝင် အကြီးအကဲ ပုဂ္ဂိုလ်တို့သည် ယခင်ဘဝဟောင်းက ပြုခဲ့သမျှသော ကောင်းမှုကုသိုလ်ကံ၏ အကျိုးကျေးဇူးကို ခံစားနေကြသူများ ဖြစ်ကြသည်ဟု နားလည်ထားကြလေသည်။ ထို့ကြောင့် ရှင်ဘုရင်နှင့် အပေါင်းပါ လူတစ်စုက ပြုလုပ်နေသမျှကို စေသည့်ကျွန်၊ ထွန်သည့်နွားလို လိုက်နာဆောင်ရွက်ရန်မှာ မိမိတို့ ဘဝပေး တာဝန်သာ ဖြစ်သည်ဟုလည်း သဘောထားလိုက်ကြတော့၏။

နိူင်ငံတော်အတွင်း ပုန်ကန်ထကြွမှု ဖြစ်သည်ဟုဆိုလျှင် လယ်သမားသည် လယ်ကွင်းကို စွန့်ခွာ၍ မြို့စား နယ်စားတို့ ဆင့်ခေါ်ရာသို့ အပြေးသွားလေသည်။ အလားတူပင်လျှင် မင်းတုန်းမင်းမြတ်က ရတနာပုံ နေပြည်တော်ကို တည်ဆောက်ရန် အလုပ်သမားတွေ အပူတပြင်း အလိုရှိသည်ဟု ဆင့်ခေါ်လိုက်သောအခါ တည်ဆောက်ရေး အလုပ်သမားတွေ အားတိုက်ခွန်တိုက် ရရှိခဲ့ပေသည်။ 


ဒါ ကံ မဟုတ်ဘူးလား။ မင်းတုန်းမင်းရဲ့ အရင်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံကြောင့် မဟုတ်ဘူးလား။
ဟုတ်ပါ၏။ တစ်ရာသော ထီးဆောင်းမင်းတို့၏ အရှင်သည် ကံကောင်းသူပေတကား။

တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။ 

Related Posts