ဘယ်သူတရားပျက်ပျက်

ဘယ်သူတရားပျက်ပျက် ကျွန်တော်တို့မပျက်ပါ (အပိုင်း – ၂)

ဘယ်သူတရားပျက်ပျက် ကျွန်တော်တို့မပျက်ပါ ~~~~ ဤကဲ့သို့ မြန်မာနိုင်ငံတွင်းသို့ မတရားဝင်ရောက်ကာ သောင်းကျန်းသူများနှင့် ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးသော ယဉ်ကျေးပါသည်ဆိုသည့် နိုင်ငံကြီးအချို့မှ နိုင်ငံခြားသားအချို့တို့၏ လုပ်ရပ်တချို့ကိုလည်း အလျဉ်းသင့်၍ တင်ပြလိုပါသည်။ သာဓကအားဖြင့် ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က  မိမိ၏ ရှေ့တန်းအမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် နည်းဗျူဟာ (၄၄၃) ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းအမှတ် (၄) နှင့် အမှတ် (၅) ခြေမြန်တပ်ရင်းများ၏ ကရင်ပြည်နယ် မဲလဒေသ အခြေပြုနေရာများကို မျက်နှာဖြူနိုင်ငံခြားသားအဖွဲ့ ပါဝင်သော ကရင်သောင်းကျန်းသူ ၁၅၀ ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မိမိ တပ်မတော်သားများက ရဲဝံ့ပြောင်မြောက်စွာ ပြန်လည်တိုက်ခိုက်မှုကြောင့် နံနက် ၁၀ နာရီခန့်တွင် သောင်းကျန်းသူများ ကျဆုံးဒဏ်ရာရရှိသူများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြသည်။ ထိုတိုက်ပွဲ၌ အများအပြား သေဆုံးကျန်ရစ်ခဲ့သည့် အလောင်းများထဲတွင် စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားသော ပြင်သစ်လူမျိုး အလောင်းတစ်လောင်းကို တွေ့ရှိရသည်။ ယင်းအလောင်းနှင့်အတူ အိပ်ချ်ကေ (၃၃) သေနတ်တစ်လက်၊ အမေရိကန် လက်ပစ်ဗုံးတစ်လုံး၊ လမ်းလျှောက်စကားပြောစက်တစ်လုံးတို့ကို သိမ်းဆည်းရရှိသည်။ ယင်းနိုင်ငံခြားသားအလောင်း၏ ကိုယ်ပေါ်မှ ပြင်သစ်နိုင်ငံကူးလက်မှတ် စာအုပ်တစ်အုပ်၊ ပြင်သစ်နိုင်ငံသား မှတ်ပုံတင်တစ်ခု၊ ပြင်သစ်နိုင်ငံ ယာဉ်မောင်းလိုင်စင် တစ်ခု၊ ဘဏ်ခရက်ဒစ် ကတ်ပြားတစ်ခု၊ ပြင်သစ်နိုင်ငံ ဒိုင်နာကလပ်အသင်းဝင် ကတ်ပြားတစ်ခု၊ ဗန်ကောက် (ပင့်ပင်သာ) အသင်းဝင် ကတ်ပြားတစ်ခု၊ ပြင်သစ်နိုင်ငံ ရေယာဉ်မောင်းလိုင်စင်တစ်ခု၊ မဲလဒေသ စစ်သုံးမြေပုံတစ်ရွက်၊ ပြင်သစ်နိုင်ငံသုံး ငွေစက္ကူ (၁၀၀) တန် နှစ်ရွက်၊ သေဆုံးသည့် ပြင်သစ်နိုင်ငံသား၏ အမည်ပါရှိသော မျဉ်းသားချက်လက်မှတ် လေးစောင်၊ ယိုးဒယား ဘတ်ငွေ (၅၀၀) တန် (၁၂) ရွက်၊ အမေရိကန် (၅) ဒေါ်လာတန် နှစ်ရွက်နှင့် စစ်ဝတ်စုံ အပိုတစ်စုံပါရှိသော ကျောပိုးအိတ်တစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့သည်။

၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ထုတ် ဗန်ကောက်ပို့စ် သတင်းစာတွင်လည်း နယူးဇီလန်နိုင်ငံတွင် အခြေချသော အမေရိကန်သုတေသီတစ်ဦးနှင့် ပုဂ္ဂလိက သတင်းဓာတ်ပုံသမားတစ်ဦး ဖြစ်သော (Edith Tarleton Mirante) အသက် (၃၃) နှစ်နှင့် (Terence John White) အသက် (၃၈) နှစ်တို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် ဘိန်းဘုရင်ဟု ကျော်ကြားနေသော “ခွန်ဆာ” နှင့် တွေ့ရန် မြန်မာနိုင်ငံတွင်းသို့ ဥပဒေမဲ့ ချင်းနင်းကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း အမှတ် (၅) ကချင်သေနတ်ကိုင်တပ်ရင်းမှ တိုက်ကင်းတပ်စုတစ်စုနှင့် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ စာရွက်စာတမ်းများနှင့်အတူ လက်နက်ကိုင်နှစ်ဦးအား အသေရမိခဲ့သည်။ အသေရမိလိုက်သော သောင်းကျန်းသူအလောင်းများနှင့် စာရွက်စာတမ်း ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ တစ်ဦးမှာ လောနိုင်ငံ သောင်းကျန်းသူ တပ်ပေါင်းစုံ စစ်ဦးစီးချုပ်နှင့် မြောက်ပိုင်းတိုင်းမှူး တာဝန်ယူထားသူ ‘ဆဝပ်ဒီကျောက်ဘွန်းဆွပ်’ ဖြစ်ကြောင်း သိရသည်။ သိမ်းဆည်းရမိသော စာရွက်စာတမ်းများတွင် အရှေ့တောင်အာရှနိုင်ငံများ လွတ်မြောက်ရေးအဖွဲ့ (South East Asian Freedom Organization) ဟု အမည်တပ်ထားသော လောကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး ဘောင်ဆာရတ်၊ ကမ်ပူးချားကိုယ်စားလှယ် ဇင်ချမ်း၊ ဗီယက်နမ်ကိုယ်စားလှယ် ဒေါက်တာ လီဖုန်းဆန်၊ အမေရိကန် ရီပတ် ဘလီကင်ပါတီမှ ဒေါက်တာ ဂျင်မီမော်ဂင်တို့ အမည်စာရင်းတွင် ပါသည့် အရှေ့တောင်အာရှနိုင်ငံများ လွတ်မြောက်ရေးစီမံချက် တစ်စောင်၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ၁၈-၈-၈၈ ရက်နေ့စွဲပါ လောလွတ်မြောက်ရေးတပ်ပေါင်းစု အစည်းအဝေး မှတ်တမ်းတစ်ခု၊ ဆဝပ်ဒီ ကျောက်ဘွန်းဆွပ်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ကိုယ်ရေးမှတ်တမ်း၊ အမေရိကန်နိုင်ငံသားအဖြစ် နေထိုင်ခွင့် (Resident Alien) ကတ်ပြား (United States Senatorial Club) အသင်းဝင်ကတ်ပြား၊ အီလီနွိုင်ပြည်နယ် ယာဉ်မောင်းလိုင်စင်၊ လောဘာသာဖြင့် ရေးသားထားသည့် လော တပ်ပေါင်းစု မေတ္တာရပ်ခံချက် တစ်စောင်၊ လောတပ်ပေါင်းစု ကြေညာချက် တစ်စောင်၊ လောတပ်ပေါင်းစု အဖွဲ့အစည်း အပါအဝင် စာရွက်စာတမ်းများ ဆဝပ်ဒီကျောက်ဘွန်းဆွပ်၏ အုပ်စု ဓာတ်ပုံတစ်ပုံ၊ တစ်ဦးချင်း ဓာတ်ပုံတစ်ပုံ၊ ဖဲသားဖြင့် ချုပ်ထားသည့် အမေရိကန်အလံတစ်ခုနှင့် လောဖြူအလံတစ်ခုတို့ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော မြန်မာနိုင်ငံတွင်းသို့ မည်သည့်နိုင်ငံများ၏ ပံ့ပိုးကူညီမှုတို့ဖြင့် မည်သို့သော ပုဂ္ဂိုလ်များ ဥပဒေမဲ ဝင်ရောက်ကာ မည်သို့သော လုပ်ရပ်တို့ လုပ်ဆောင်ခဲ့ကြသည်ကို အထူးဖော်ပြရန် လိုတော့မည် မဟုတ်ပါ၊ ဤလုပ်ရပ်တို့ကို လုပ်ထိုက်ကြပါသလော၊ သင့်ကော သင့်တော်ပါ၏လော၊ ကိုယ့်နိုင်ငံတွင်းသို့ ဤကဲ့သို့ ဥပဒေမဲ့ မတရား ကျူးကျော်စော်ကားလာသည် ဆိုပါအံ့၊ မိမိတို့အနေဖြင့် မည်ကဲ့သို့ ခံစားကြရပါမည်နည်း၊ ကိုယ်ချင်းစာနာတတ်ကြပါ၏လော ဟု မိမိကိုယ်ကို မိမိ စောကြောဆန်းစစ်ကြစေလိုပါသည်။

ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံအဖို့မူ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများ အားလုံးနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက် ရှိပါသည်။ မိမိတို့၏ အခြေအနေ လိုအပ်ချက်များနှင့် ရည်မှန်းချက်များအရ ဆောင်ရွက်ရန် လိုအပ်သည်နှင့်အညီ အားလုံးသော နိုင်ငံများရှိ ပြည်သူပြည်သား အပေါင်းတို့သည် မိမိတို့၏ နိုင်ငံရေးနှင့် စီးပွားရေးစနစ်များကို လည်းကောင်း၊ နေထိုင်မှုစနစ်များကို လည်းကောင်း၊ အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ လွတ်လပ်စွာ ရွေးချယ်တည်ဆောက် ထူထောင်နိုင်ခွင့် ရှိသည်ဟု ယုံကြည်ပါသည်။ ဘန်ဒေါင်းညီလာခံမှ ချမှတ်ခဲ့သည့် မူကြီးများနှင့် တစ်နိုင်ငံ၏ ပိုင်နက် နယ်ပယ်တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို တစ်ခြားတစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူမှုရှိရန်နှင့် နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းရန်၊ နိုင်ငံများ စပ်ကြားပေါ်ပေါက်သည့် ပြဿနာများကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းရန် ဟူသော မူများနှင့်အညီ ဆက်ဆံသွားကြပါက နိုင်ငံအပေါင်းတို့သည် မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစနစ်များတွင် ကွဲပြားခြားနားကြစေကာမူ အတူတကွာ ငြိမ်းချမ်းစွာ နေနိုင်ကြလိမ့်မည် ဟု စွဲမြဲယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။

သောတရှင်တစ်ဦး ရေးသားထားသော လုပ်သားပြည်သူ့နေ့စဉ် ဆောင်းပါးပေါင်းချုပ် အတွဲ(၂) မှ ကူးယူဖော်ပြသည်။

ရသ

# Open More Online

Related Posts