အုန်းသီး

အုန်းသီး ၏ ဆေးဖက်ဝင်စွမ်းအင်

အုန်းသီး ဟာ အံ့ဖွယ် အစားအစာတစ်မျိုးပါ။ အုန်းသီး မှာလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ ဘာသာရေးနဲ့ ပက်သက်ပြီး အထွတ်အမြတ်ထားတဲ့ အသီးလည်း ဖြစ်ပါတယ်။ ဘာသာရေးအခမ်းအနားတွေမှာ အုန်းသီးဟာ မြင့်မြတ်တဲ့ အသီးအဖြစ် နေရာယူထားတာ တွေ့ရပါတယ်။ အရွယ်အစားအားဖြင့် အုန်းသီးဟာ ၂၀ ကနေ ၃၀ စင်တီမီတာအတွင်းမှာ ရှိပါတယ်။ အလွှာသုံးထပ်နဲ့ ပက်သက်ပြီး အပြင်ဆုံးအလွှာက စိမ်းစိုလှပါတယ်။ အချိန်ကြာပြီး ရင့်လာတာနဲ့အမျှ အပေါ်ယံအစိမ်းရောင်အခွံဟာ ညိုမှောင်ပြီး ကြမ်းလာတယ်။ အဲသည် အခွံကြမ်း အထူ ၂၅ မီလီမီတာအတွင်းမှာ ကျောက်တုံးလို မာတဲ့ အခွံလွှာက ၆ မီလီမီတာ ရှိပါတယ်။ အဲသည်အခွံမှာ အတွင်းကတော့ အဖြူရောင်အနှစ်အသားဖြစ်ပြီး နူးညံ့၍ အရသာရှိပါတယ်။ အနှစ်အသား ပတ်လည်ကာရံထားတဲ့ အဝိုင်းမှာတော့ အုန်းရည်တွေ ပြည့်နေပါတယ်။

စတင်တွေ့ရှိရာဒေသ
အုန်းသီး ၊ အုန်းပင် စတင်တွေ့ရှိရာဒေသဟာ အင်ဒို၊ မလေးရှားဒေသနဲ့ နယူးဂီနီအနောက်တောင်ပိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းမတင်မီ ခေတ်အခါကတည်းက အာရှတစ်ခွင်မှာ အုန်းပင်တွေကို အများအပြား စတွေ့ကြရတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက စတင်တွေ့ရှိကြတယ်လို့ ဆိုပါတယ်။ ဟိန္ဒူအယူအဆအရ အုန်းပင်ဟာ ကောင်းကင်ဘုံက သစ်ပင် (Kalpa-vrik-sha) လို့ ဆိုပါတယ်။ ဗိဿနိုးနတ်မင်းကြီးဟာ ကမ္ဘာ့လောကကြီးကို စောင့်ရှောက်ဖို့ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာတဲ့အခါ သူနဲ့အတူ အထွတ်အမြတ်သစ်တစ်ပင် Karpaga valli ခေါ်တဲ့ အုန်းပင်ကို ဆောင်ယူခဲ့ပါတယ်။ Karpaga valli ရဲ့ အဓိပ္ပာယ်ကတော့ ကျန်းမာ၊ ခွန်အားကြီး၊ အားအင်ပြည့်၊ အေးချမ်းတည်ငြိမ်၊ သက်ရှည်ငြိမ်းချမ်း စတဲ့ အကျိုးကျေးဇူးအားလုံးကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ ပက်သက်တာမကဘဲ အခမ်းအနားများမှာ အေးချမ်းစွာ အောင်မြင်မှုအတွက် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အုန်းသီးတွေ ထည့်သွင်းနေတာ တွေ့နိုင်ပါတယ်။

အရှေ့အာဖရိကနဲ့ ပနားမားဒေသမှာတော့ ၁၄၉၂ ခုနှစ် မတိုင်ခင်ကတည်းက အုန်းပင်တွေ စပြီး တွေ့နေရပါတယ်။ အဲသည်နောက်တော့ ကမ္ဘာ့အပူပိုင်းဒေသ တိုင်းပြည်တွေကို ပျံ့နှံ့သွားပါတယ်။ သည်ကနေ့မှာတော့ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့အိန္ဒိယ၊ အနောက်အိန္ဒိယ၊ အိန္ဒိယကျွန်းငယ်များနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက ကျွန်းစုများမှာ တွေ့ရပါတယ်။ အုန်းပင်တွေဟာ ပင်လယ်ကမ်းခြေနေရာတွေမှာ အများဆုံး တွေ့ရပြီး သက်တမ်းကတော့ ၈၀ ကနေ ၂၀၀ အထိ ရှိပါတယ်။

အမျိုးအမည်နှင့် အာဟာရတန်ဖိုး
Food Value

အုန်းပင်ကို အိန္ဒိယက နာရီရယ် (Narial) လို့ ခေါ်ပါတယ်။ ရုက္ခဗေဒအမည်အရ Cocosncifena, Linn လို့ ခေါ်ပြီး ပါဠိလို ငိုရိလင်္ဂလီလို့ အမည်ရပါတယ်။ အာဟာရပြည့်၊ ခွန်အားပြည့်၊ အဆီအနှစ်ပြည့်တဲ့ အစားအစာပါ။ အစာကြေလွယ်တဲ့အဆီများ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် အခြားအဆီတွေထက် ပိုပြီး အသုံးဝင်ပါတယ်။ အုန်းသီးမှာ ပါဝင်တဲ့ ပရိုတင်းဟာ အေမိုင်နိုအက်စစ် များစွာပါဝင်တဲ့အတွက် အရည်အသွေးမြင့်တဲ့ အစားအစာပါ။ ဒီ့ပြင် ပိုတက်စီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာလည်း များစွာ ပါဝင်ပါတယ်။ အုန်းသီးခြောက်ကတော့ ဂရမ် ၁၀၀ မှာ ၆၆၂ ကယ်လိုရီ ပါဝင်တာကြောင့် ခွန်အားတိုးစေပါတယ်။

အုန်းသီး မှာ ပါဝင်တဲ့ အာဟာရကို ဓာတ်ခွဲကြည့်တဲ့အခါ စားလို့ရတဲ့ အုန်းသီးဆန် ၁၀၀ ဂရမ်မှာ ရေဓာတ် ၃၆.၃ ရာခိုင်နှုန်း၊ ပရိုတင်း ၄.၅ ရာခိုင်နှုန်း၊ အဆီ ၄၁.၆ ရာခိုင်နှုန်း၊ သတ္တုဓာတ်များ ၁.၀ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၃.၆ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၁၃.၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သတ္တုဓာတ်တွေနဲ့ ဗီတာမင် ပါဝင်မှုကတော့ ကယ်လ်စီယမ် ၁၀ မီလီဂရမ်၊ မီးစုန်းဓာတ် ၂၄၀ မီလီဂရမ်၊ သံဓာတ် ၁.၇ မီလီဂရမ်၊ မီတာမင်စီ ၁ မီလီဂရမ်နဲ့ ဗီတာမင်ဘီ ဒြပ်ပေါင်းအနည်းငယ် ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ အုန်းသီးစိမ်းမှာ ၄၄၄ ကယ်လိုရီ ရှိပြီး အုန်းသီးမှာတော့ ၆၆၂ ကယ်လိုရီ ရှိပါတယ်။

သဘာဝအကျိုး
Natural Renefits

အုန်းသီးဟာ အဆီပြည့်ဝပြီး ခွန်အားရှိစေတဲ့ အစားအစာဖြစ်ပါတယ်။ အစိမ်းအနု အရင့် မရွေး၊ အဆင့်အခြေအနေ မရွေး အသုံးဝင်ပါတယ်။ အနုဆုံးအဆင့်မှာ ဂျယ်လီလို နူးညံ့တဲ့ ဇွန်းခြစ်အသားလွှာဟာ အစာခြေအင်ဇိုင်း အမျိုးမျိုးပါဝင်ပြီး အစာကြေလွယ်စေပါတယ်။ အုန်းသီးအတွင်းမှာ တွေ့ရတတ်တဲ့ အဆန်မှာလည်း အဆီနဲ့ ကာဗိုဟိုက်ဒရိတ် ပြည့်ဝပါတယ်။ အုန်းသီးအဆန်ဟာ အခြားအစေ့ဆန်တွေလို ပရိုတင်း များစွာ မပါရှိပါဘူး။ အုန်းသီးဆန်ကို ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေနဲ့ သုပ်စား၊ ချက်စားတဲ့အခါ အလွန်အရသာရှိလှပါတယ်။ အုန်းရည်ဟာ အုန်းသီးဆန်ထက် ပိုပြီး ဗီတာမင်အေ များစွာ ပါရှိပါတယ်။ ဒါ့ကြောင့် အုန်းနို့ရည်ကို ကလေးငယ်များအား တိုက်ကျွေးနိုင်ပါတယ်။ သည့်အပြင် သတ္တုဓာတ်များစွာနဲ့ ပရိုတင်းများစွာ ပါတဲ့အတွက် ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူ ပြုစေပါတယ်။ တစ်လ အုန်းစိမ်းတစ်လုံးမှာ အုန်းစိမ်းရည် ၄၀၀ ကနေ ၄၆၅ ကုဗစင်တီမီတာ ပါဝင်ပါတယ်။ သဘာဝအချိုဓာတ် ပါရှိပြီး ကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ သွေးအားတိုးဆေးသဖွယ် အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီကို အုန်းစိမ်းရည်တစ်လုံး သောက်ခြင်းဖြင့် ရယူနိုင်ပါတယ်။ ဗီတာမင်ဘီ အုပ်စုများဖြစ်တဲ့ နိုင်ယာစင်၊ ပင်တိုသနစ်အက်စစ် (pantothenic acid)၊ ဘိုင်အိုတင် (biotin)၊ ရေဘိုဖလိုပင် (riboflovi)၊ ဖောလစ်အက်စစ် (folic acid)၊ သိုင်ယာမင် (thiamin) နဲ့ မရှိမဖြစ် လိုအပ်နဲ့ ပိုင်ရီဒေါဆင် (pyridoxine) လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အုန်းရည်မှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကြေးနီဓာတ်၊ မီးစုန်းဓာတ်၊ ဆာလ်ဖာနဲ့ ကလိုရင်းဓာတ်များ ပါဝင်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts