ပျောက်သောလမ်းမှာ စမ်းတဝါး အပိုင်း (၄)

မိုးမိုး (အင်းလျား) အပိုင်း (၄)- “အင်းပေါ့လေ၊ လှိုင်မှာကပစ္စည်းလည်းလဲဆုံးရ၊ လူလဲဆုံးရလို့ ထင်မှာပေါ့ ဟုတ်ဖူးလား၊ လှိုင်တို့မိန်းမတွေ ဒီလိုပဲ တွေးတတ်ကြတာပဲ” “လှိုင် ဒီလို မတွေးပါဘူး၊ လှိုင်တို့ဟာ အိမ်ထောင်မပြုခဲ့ကြဘဲ ချစ်သူဘဝနဲ့သာနေခဲ့ကြရင် ဒီထက်ပျော်စရာကောင်းမှာပဲလို့ ဆိုချင်တာပါ” ကျွန်မတို့နှစ်ဦး၏ ရင်ထဲမှ ဝေဒနာတွေက တစ်ခြားစီပါ။ ကျွန်မက အိမ်ထောင်ထူထောင်ရာတွင် ကိုကို့ကို အစစအရာရာ ဦးဆောင်စေချင်သည်။ ငွေရေးကြေးရေးကို မဆိုလိုပါ။ ကိုကို အနေနှင့်က သူ့ ငွေသူ့ပစ္စည်းဖြင့် မထူထောင်ပေးခဲ့ရ၍ ကျွန်မက စိတ်ခုနေသည်ဟု ယူဆနေသည်။ ။

ကျွန်မတို့နှစ်ယောက်သည် ထမင်းဝိုင်းတွင် စကားတစ်ခွန်းမျှ မပြောဖြစ်တော့ပါ။ ကျွန်မ ဈေးမသွားနိုင်ခဲ့သဖြင့် အာလူးကို သူ ချည်းသက်သက်ဆီပြန်ချက်ကာ ဒန့်ဒလွန်ရွက်ဟင်းချိုနှင့် ပြီးလိုက် ကြရပါသည်။ ကျွန်မက ကလေးအမေမို့ ဆာဆာနှင့် စားကောင်း သော်လည်း ကိုကိုက ၄-၅ လုပ်လောက်သာစားပြီး ထသွားပါသည်။ခုတလော ကိုကိုနှင့်ကျွန်မ စကားပြော၍ အဆင်မပြေလှပါ။ သည်ကြားထဲတွင် ဆီစာအုပ်ကပြဿနာတက်ပြန်သည်။ ကျွန်မတို့ အိမ်ပြောင်းလာသည်မှာ တစ်နှစ်နီးပါးရှိပါပြီ။ ခုထိ ဆီစာအုပ် သို့မဟုတ် ကုန်ဝယ်စာအုပ်မရှိသေး။ ခုခေတ်ကြီးမှာ ကုန်ဝယ် စာအုပ်မရှိဘဲနေနိုင်သည်မှာ နည်းတဲ့သတ္တိမဟုတ်။ သို့သော် ကြာ ရှည်ခံနိုင်ရိုးလား။ ဆန်ကအစ မီးခြစ်အဆုံး အပြင်မှ ဝယ်ရဖန်များတော့ ဈေးဖိုးကို ထိခိုက်လာသည်။ ဈေးက တဖြည်းဖြည်းတက်လာသည့် အခါ မည်သည့်နည်းနှင့်မျှ နေ၍မရတော့။ မလိုတာပြန်ရောင်းပြီး လိုသည့်ပစ္စည်းပြန်ဝယ်ရသည့်စနစ်ကိုလည်း ကျွန်မနားလည်လာ သည်။ ပတ်ဝန်းကျင်ကလည်း သင်လာခဲ့ပြီ။ကျွန်မအတွက် ပုံစံ ၁ဝကို ပဲခူးမှမှာယူရသည်။ ကိုကို့အတွက် ပုံစံကို ကိုကိုနေထိုင်ရာ ရပ်ကွက်မှ ယူရမည်။ ကိုကိုတို့ အိမ်ရှိ ကုန်ဝယ်စာအုပ်မှ ကိုကို့နာမည်ကို ထုတ်ပစ်ရမည်။ ပြီးမှ ကျွန်မ တို့နှစ်ယောက်ပေါင်း၍ ယခုရပ်ကွက်တွင် စာအုပ်အသစ်ဖွင့်ရမည်။ ထို့ကြောင့် ကိုကိုတို့ မြို့ထဲမှ ပုံစံ ၁၀ ယူခဲ့ဖို့အကြောင်း ကျွန်မ အထပ်ထပ်မှာသည်။

ကိုကိုက အချိန်ဆွဲတတ်သူ၊ ရွှေ့ဆိုင်းတတ်သူ ပီပီ “အေးကွာ ယူခဲ့တာပေါ့” “နက်ဖန်လုပ်လိုက်မယ်လေ” “သဘက်ခါတော့အားပါပြီ သွားလိုက်မယ်” စသည်ဖြင့် နေ့ရွှေ့ လရွှေ့ ရွှေ့ လာ ခဲ့သည်မှာ ယနေ့ထက်တိုင်ပင်။ သည်တော့လည်း ကျွန်မ စိတ် မရှည်နိုင်တော့ပါ။ “ဒါ့ကြောင့် ကိုကို့ကို အိမ်ကိစ္စ စိတ်မဝင်စားဘူးလို့ ပြောတာ ပေါ့၊ ခု ကုန်ဝယ်စာအုပ်မရလို့ ကလေးနို့မှုန့်လဲမရဘူး၊ အနှီးပိတ် တုန်းကလဲ ပဲခူးက ပို့ပေးလို့သာပေါ့၊ အားလုံးအပြင်ကချည်းဝယ်စား နေရတာ သေတော့မယ်ကိုကိုရဲ့၊ အရင်လကလဲ နို့မှုန့်ဖိုးမရှိလို့ လှိုင့် လက်စွပ်တစ်ကွင်း ချရောင်းလိုက်ရပြီးပြီ” “အေးကွာ အေးကွာ၊ နက်ဖြန်လုပ်ခဲ့မယ်” သို့သော် ကိုကိုနက်ဖြန်သည် မဆုံးနိုင်တော့ပါ။

သို့ဖြင့် ကျွန်မသည် တစ်နေ့ နေ့လယ် ကလေးကို ခေါင်းရင်းအိမ်တွင် အပ်ကာ မြို့ထဲသို့ ထွက်ခဲ့ပါသည်။ ကိုကိုတို့ အိမ်သို့လည်း မသွား ချင် သွားချင် သွားရပါလေသည်။ ကြီးကြီးသူဇာထံမှ ကုန်ဝယ် စာအုပ်တောင်းသောအခါ မပေးချင်သလိုလိုနှင့် အေးစက်စက် ထုတ် ပေးသည်။ စာအုပ်ယူကာ ရပ်ကွက်ကော်မတီသို့ ပြေးရသည်။ မှတ်ပုံတင်ရုံးသွားရသည်။ သက်ဆိုင်ရာ အရာရှိက အစည်းအဝေးသွား နေ၍ ထိုင်စောင့်ရပြန်သည်။ ရပြန်တော့ ကျွန်မတို့မှတ်ပုံတင်ရုံးဆီ အမီပြေးရပြန်ပါသည်။ ၁၂ နာရီကျော်လျှင် အလုပ်မလုပ်ကြတော့ သလားမသိ။ ထိုနေ့အဖို့ ဘာမှဆက်လုပ်၍ မရတော့ဘဲ အိမ်ပြန်ခဲ့ရ သည်။ နက်ဖြန်မှလာပါဟု ချိန်းလိုက်သည်ကိုး။အိမ်ရောက်တော့ မောလွန်း၍ ကျွန်မစိတ်တိုနေသည်။ ကလေးကလည်း နို့ဆာ၍ ငိုလှပြီ။ နို့မှုန့်ကလည်း ပြတ်နေသည်မို့ ခေါင်းရင်းအိမ်မှ အဒေါ်ကြီးက ကော်ဖီဖျော်တိုက်ထားရသည်။ ကလေးက သောက်နေကျမဟုတ်၍ ကျီကျီပါအောင် ငိုပါလေသည်။ အားနာဖို့ကောင်းလှသည်။ ကျွန်မသည် ကလေးနို့တိုက်ရင်း ကိုကို့ကို တွေးကာ ဒေါသဖြစ်နေမိသည်။ ထိုနေ့တွင်မူ ကိုကိုက ခုနစ်နာရီကျော်မှ ပြန်ရောက်လေသည်။ ပြီးတော့ ကိုကို့ဆီမှ အရက်နံ့က ထွက်လာပြန်သည်။

“တောက် ကလေးကလဲနော် အိပ်ခဲလိုက်တာ၊ ဟင်း ငါရင်လဲ သေမှ အေးမှာပါ” ကျွန်မ ကိုကို့ကို စကားမပြောဘဲ ကလေးကိုမဲကာ မာန်မိ သည်။ “သမီးက မအိပ်ဘူးလား၊ ကိုကိုချီသိပ်မှာပေါ့ကွာ၊ လာလာ သမီး” ကိုကိုက စကားရောဖောရောဖြင့် သမီးကို လာချီပါသည်။ ကျွန်မကတော့ မျက်နှာကို ရှစ်ခေါက်ချိုးထားမိသည်။ “ဘာဟင်းချက်သလဲ လှိုင်၊ ထမင်းဆာလိုက်တာ” ကိုကိုက မသိချင်ယောင်ဆောင်၍ ဘာမျှမဖြစ်သလို မေးလာ ပါသည်။ ကျွန်မမှာတော့ စိတ်မပြေနိုင်သေးပါ။ “ဘာမှ မချက်ဘူး၊ ဘာမှမချက်ဘူး၊ တစ်နေ့လုံး သွားရ လာရနဲ့ လူကို သေတော့မယ်” “ဘယ်တွေများ သွားနေရလို့လဲ” “ဆီစာအုပ်လေ ဆီစာအုပ်ပေါ့ ၊ ကိုကိုတာဝန်မယူတဲ့အလုပ် မှန်သမျှ လှိုင်ချည်းပဲလုပ်နေရတာပဲ၊ ကိုကိုကတော့ အေးအေးဆေးဆေး အချိန်တန် ရုံးသွားလိုက်၊ အပေါင်းအသင်းနဲ့ ပျော်လိုက်ပေါ့ဟုတ်လား၊ လှိုင်တို့မှာတော့ ကိုယ့်အိမ်ထောင်ကို လျစ်လျူမရှုနိုင်သူဆိုတော့ လုပ်ရတယ်ရှင့် လုပ်ရတယ်၊ ဝင်ငွေမရှိတဲ့လူဆိုတော့ တစ်ကျပ် သက်သာလဲ မနည်း၊ တစ်မတ်သက်သာလဲ မနည်း၊ သက်သာ အောင် ရှာကြံရတယ်” တကယ်တော့ ကျွန်မမှာ သွားရလာရသည်ကလည်း မော၊ ရုံးကလူတွေကိုလည်းအောက်ကြို့ကာ ပြောဆိုခဲ့ရသဖြင့် အလိုလို စိတ်တိုနေခဲ့ကာ ကိုကို့ အပေါ်တွင် ဆိုင်တာရော၊ မဆိုင်တာပါ အတိုးချ၍ မဲနေမိခြင်းဖြစ်ပါသည်။

“ဒါလေးလုပ်ရတာများ တွက်ကပ်နေရသေးလား လှိုင်ရာ၊ တစ်ယောက်မအားလို့ တစ်ယောက်သွားရတာပဲ” “တွက်ကပ်လို့ ပြောတာ မဟုတ်ပါဘူး၊ ကိုကိုက နေနိုင် လွန်းတယ်။ အိမ်မှုကိစ္စဆိုတာ တစ်လငွေသုံးရာ အပ်လိုက်ရုံနဲ့ အကုန်ပြေလည်တာ မဟုတ်ဘူး ကိုကိုရဲ့၊ လောက်ငအောင် အဆင် ပြေအောင် မနည်းကြိုးစားနေရတာ” “လှိုင့်ဘာသာလှိုင် ပြေလည်နေတယ်ထင်လို့ ကိုကိုနေမိတာပါ။ ပြီး ကိုကိုလဲ ဒါတွေနားမလည်ခဲ့ဘူး” ကိုကိုသည် တကယ်နားမလည်သော ကလေးတစ်ယောက်ပမာ ကျွန်မကို ငိုင်ကြည့်နေပါသည်။ ကျွန်မမှာတော့ ဒေါသအရှိန် မပြေသေးပါ။ “ဒါတော့ လှိုင် မပြေလည်တာ ပြေလည်အောင်ကြိုးစား နေရတာကိုး၊ ကိုကိုအစက ဒီအလုပ်မျိုးတွေ နားမလည်ခဲ့သလို လှိုင်လဲ နားလည်ခဲ့တာမဟုတ်ပါဘူး၊ ဘယ်အိမ်ထောင်ရှင်မှလဲနားလည် ခဲ့မှာ မဟုတ်ဘူး၊ ကြုံလာကြမှ ဒီလိုပဲအလိုလို နားလည်လာကြတာ ချည်းပါပဲ၊ ကိုကိုကတော့ နားလည်ဖို့လဲ မကြိုးစားဘူး၊ ကြိုးစားဖို့လဲ မလိုဘူးလို့ထင်နေတယ်၊ တကယ်တော့ ကိုကိုဟာ ကိုယ့်ကိုယ်ကို သက်သာအောင်နေတတ်တဲ့တစ်ကိုယ်ကောင်းသမားပဲ” ရုတ်တရက် ကိုကို့မျက်နှာ တင်းမာသွားပါသည်။

“မင်း မင်း ငါ့ကို တစ်ကိုယ်ကောင်းသမားလို့ ပြောတယ် ဟုတ်လား၊ မင်အိမ်စရိတ်မလောက်ဘူးဆိုလို့ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ကြိုးစားနေတယ်၊ ဒါတွေကျတော့ မင်းမသိဘူး မဟုတ်လား၊ မင်းဘက်ကပဲ မင်းအမြဲတွေးနေတာပဲ၊ ငါပဲ လုပ်ရတယ်။ သူကတော့ ဘာမှမလုပ်ဘူး၊ ငါ့ပိုက်ဆံပဲကုန်ရတယ်၊ သူကတော့ ဘာမှ ဝယ်မပေးဘူး၊ ဒီလိုပဲတွေးနေတာပဲ မဟုတ်လား” ကိုကိုသည် ကျွန်မကို ဒေါသဖြင့်ပြန်အော်ရင်း ကလေးကို ခုတင်ပေါ် ပစ်ချလိုက်ပါသည်။ ကလေးက စူးစူးဝါးဝါး အော်ငို လိုက်ရာ ကျွန်မပါ သမီးနှင့် မျက်နှာအပ်၍ ရှိုက်ကာရှိုက်ကာ ငိုလိုက်မိပါတော့သည်။ ငိုရလွန်းသဖြင့် ကျွန်မ ခေါင်းကိုက်နေပါပြီ။ ကိုကိုသည် အရက် ဆေးလိပ်ကို စွဲစွဲလမ်းလမ်း သောက် တတ်သူမဟုတ်ပါ။ တစ်ခါတရံအပေါင်းအသင်းများနှင့် သူတို့ အခေါ်ပွဲ ရှိလျှင်သာ သောက်တတ်ပါသည်။ ဘယ်သူ မင်္ဂလာဆောင် မှာမို့ ၊ဘယ်သူကရာထူးတက်လို့၊ ဘယ်သူကစာမေးပွဲအောင်လို့ စသည်ဖြင့်ဖြစ်ပါသည်။ ထိုအခါမျိုးတွင်လည်း ကျွန်မကို ကြိုတင်၍ အသိပေးသွားတတ်ပါသည်။ ယနေ့တော့ ကျွန်မကိုလည်း ဘာမျှပြောမသွား၊ သူ့သဘောနှင့်သူ စိတ်ညစ်ညစ်နှင့် သောက်လာ သလားမသိပါ။ ကျွန်မကလည်း ကျွန်မပြဿနာနှင့် စိတ်တိုနေခိုက်မို့ ရန်လုပ်မိသည်။

ကိုကိုသည် ငိုနေသောကျွန်မကို ကျောခိုင်း၍ စောင်ခေါင်းမြီး ခြုံကာ အိပ်နေခဲ့ပေသည်။ ချစ်သူဘဝက လှိုင် မျက်ရည်တစ်စက် ကျလျှင် ကိုကို မနေနိုင်ပါဘူးဟူသော အပြောမျိုးကို ကျွန်မ သတိရမိသည်။ ပို၍ ဝမ်းနည်းမိသည်။ မနက်တွင် ကိုကို အစောကြီးထ၍ ထမင်းမစားဘဲထွက်သွားပါ သည် ။ ကျွန်မသည် အိမ်အလုပ်များကို လုပ်နေရသော်လည်း စိတ်မပါတော့ပါ။ တစ်ယောက်နှင့်တစ်ယောက် ရန်မဖြစ်ကြစတမ်း၊ မငြူစူကြစတမ်း ဟူသော အိမ်ထောင်ရေးလမ်းစဉ်ကို ဘယ်ပုံပြန်စရပါ မည်နည်းဟု တွေးတောကြံဆနေမိပါသည်။ညနေတွင်တော့ ကိုကို အစောကြီး ပြန်ရောက်လာပါသည်။ လက်ထဲတွင်လည်း ပစ္စည်းတွေ ပါလာသည်။

“ရေပုံးကြိုး ပြတ်တော့မယ်ဆိုလို့ ရေပုံးကြိုး ဝယ်လာခဲ့တယ်၊ဒါက ခြေသုတ်ဖို့ ဖုံကလေး၊ ရော့ ဝက်အူချောင်း၊ ကြော်လိုက် နော်” ကိုကိုသည် ကျွန်မမျက်နှာကို မကြည့်ဘဲ ပစ္စည်းများကို ချပေးပါသည်။ ကျွန်မကလည်း ကိုကို့မျက်နှာကို မကြည့်ဘဲ ပစ္စည်းများကို သိမ်းလိုက်ပါသည်။ ‘ဪ၊ ဪ သမီးဖို့ နို့ဖျော်တဲ့ ခွက်ကလေးလဲ ပါသေးတယ်” နို့ဖျော်သည့် ဖန်ခွက်ကလေး ကွဲသွားသည်မှာ ကြာပါပြီ။ ကိုကို့ကို မှာသော်လည်း ထုံးစံအတိုင်း မေ့ခဲ့သည်ချည်းသာဖြစ်၍ ကျွန်မလက်လျော့ထားခဲ့ရသည်။ ခုမှ မနေ့က ရန်ဖြစ်ထားသည့်အရှိန် ဖြင့် သူ သတိရသဖြင့် စဉ်းစားကာ ဝယ်လာခြင်းဖြစ်ဟန်တူပါသည်။ကျွန်မက ကိုကိုအလွန်ကြိုက်သော ဝက်အူချောင်ကို ဆီပူ လေးဖြင့် လှိမ်းရင်း ကျွန်မတို့ အိမ်ထောင်ကျမှ ကိုကို့ကို ဝက်အူ ချောင်းတစ်ခါမျှ ဝယ်မကျွေးခဲ့ဖူးသည်ကို သတိရနေမိပါသည်။ ကျွန်မ ထမင်းပွဲပြင်ပြီးသောအခါ ကိုကိုက အသင့်ရေချိုးပြီး ထမင်းဝိုင်းကို ဝင်လာပါသည်။ ခုချိန်ထိ ကျွန်မတို့နှစ်ယောက်စကား မပြောဖြစ်ကြသေးပါ။ ရှက်သလိုလို ရယ်ချင်သလိုလို ဖြစ်နေမိကြ သည်။ ထိုအခိုက် သမီးက ပုခက်တွင်းမှ လူးလွန့်လာပါသည်။ ကျွန်မက ပြေး၍ထသွားသည်။ ကိုကိုကလည်း သူ ထမင်းစားနေစဉ် ဘာမျှ ထမလုပ်တတ်ပါဘဲနှင့် ပြေး၍ ထလာသည်။

“လှိုင် စားပါ၊ ကိုကိုချီလိုက်ပါမယ်” “ကိုကို စားပါ၊ လှိုင်ပဲ ချီပါ့ မယ်” “ပေးပါ” “သွားပါလို့ဆိုနေ” ကျွန်မတို့နှစ်ယောက်သည် သမီးကိုလုရင်း မျက်နှာချင်းဆိုင်မိ ကြသည်။ ကျွန်မက ဟန်မဆောင်နိုင်ဘဲ ရယ်မိသည်။ “ဟဲ ဟဲ ကိုကိုက လှိုင်များ တကယ်ကလေးမချီတော့ဘဲ ကိုကို့ကို ပေးလိုက်မလားလို့ ရင်ထဲမှာ တထိတ်ထိတ်နဲ့” ကိုကိုက ရယ်ရယ်မောမော ပြောဆိုရင်း ထမင်းစားပွဲဆီသို့ ပြန်သွားပါသည်။ “ကြည့်စမ်း ကြည့်စမ်း၊ သူများက သူတကယ်စေတနာနဲ့ ချီမယ် ပြောတယ်မှတ်နေတာ၊ ဒါကြောင့် သူ့ကို မုန်းတာ၊ ကဲ ကဲ” ကျွန်မက ကိုကိုကျောပြင်ကို မနာအောင် ထုရိုက်နေမိပါ တော့သည်။

“လှိုင်ရေ ကိုကိုတို့ ရုပ်ရှင်မကြည့်ရတာကြာပြီ၊ ဂုဏ်ရုံမှာ ကား ကောင်းတယ်၊ သွားကြည့်ရအောင်” တနင်္ဂနွေနေ့တစ်နေ့တွင် ကိုကိုက ကျွန်မကို ရုပ်ရှင်ကြည့် ရန် စိတ်လိုလက်ရခေါ်ပါသည်။ ကျွန်မတို့မှာ ကလေးရပြီးကတည်းက ရုပ်ရှင်အတူတူ မကြည့်ခဲ့ရသည်မို့ ကျွန်မဆိုလျှင် ရုပ်ရှင်အကြောင်း မေ့ပင် မေ့နေပါပြီ။ “ကလေးတစ်ဖက်နဲ့ ကယိကထများလှပါတယ် ကိုကိုရာ၊ ရုပ်ရှင်ကြည့်ဖို့ဆိုတော့ သူများ အိမ်အပ်ထားခဲ့ရမှာလဲ မကောင်း ဘူး၊ ကိစ္စရှိလို့သွားရတာက တော်သေးတယ်” “ခေါ်သွားတာပေါ့ လှိုင်ရာ၊ လှိုင်လဲအိမ်ထဲမှာချည်း နေရတာ ငြီးငွေ့ ရောပေါ့ ၊ လာပါ၊ သမီးကို ကိုကို ချီပါ့မယ်” ကိုကိုက လိုက်စေချင်လွန်းသဖြင့် ကျွန်မမှာ ရုပ်ရှင်သွားရန် ပြင်ရ ဆင်ရပါသည်။ ပြင်ဆင်ရသည်မှာ ကျွန်မအတွက်မဟုတ်တော့ပါ။ သမီးအတွက် နို့ပုလင်း၊ မုန့်၊ အဝတ်၊ စက္ကူစသည် တို့ပင် ဖြစ်ပါသည်။ ကျွန်မအဆောင်မှာနေစဉ်က ရုပ်ရှင်သွားရန် ကိုကို လာခေါ်လျှင် ကျွန်မအလှပြင်နေသည်ကို နာရီဝက် တစ်နာရီခန့်မျှ ကိုကို အဆောင်ရှေ့မှ ထိုင်စောင့်ရတတ် ပါသည်။ ယခုတော့ ကျွန်မကိုယ် ကျွန်မ ထိုမျှ ခြယ်သလိုစိတ် မရှိတော့ပါ။ ဘယ် လောက်ပဲ လှအောင်ပြင်ထားပြင်ထား၊ ကလေးကတစ်ဖက်၊ ခြင်းက တစ်ဖက်၊ ဘတ်စ်ကားပေါ် တိုးတက်ရဦးမည်ဆိုတော့ အလှဘယ်မှာ ရှာနိုင် ပါတော့မလဲ။ ခါတိုင်းဆိုလျှင်တော့ တစ်ယောက်လက် တစ်ယောက်ဆွဲ၍ ကြော့ကြော့မော့မော့ ထွက်သွားရုံသာ။ ယခုတော့ ကိုကိုက ကလေးကိုချီ၍၊ ကျွန်မက ခြင်းကိုဆွဲ၍ ထွက်လာခဲ့ ကြရပါသည်။

“သုံးဘီးလေး ဘာလေးခေါ်ပါ ကိုကိုရာ” ကျွန်မ တိုက်တွန်းသဖြင့် ကိုကိုက သုံးဘီးငှားရန် လာသမျှ လူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကြိုးကြိုးစားစား တားရှာပါ သည်။ သို့သော် တစ်စီးတလေမျှ အဆင်မပြေပါချေ။ နောက်ဆုံးတော့ ဘတ်စ်ကားပေါ်သို့ပင် တိုးတိုးဝှေ့ဝှေ့တက်လာခဲ့ကြရသည်။ ကလေး တစ်ဖက်၊ ချွေးကထွက်နှင့်မို့ ဆက်သွားချင်စိတ်ပင် မရှိတော့ပါ။ “စတောလ် လေးကျပ်၊ စတောလ် လေးကျပ်” လက်မှတ်မှောင်ခိုနှင့် တိုးရချေပြီ။ ကျွန်မမှာတော့ ဈေးဖိုးထဲက ပါတော့မည်ကိုတွေးမိပြီး ပြန်လှည့်ပြေးချင်ပါပြီ။ ကိုကိုက လာမိမှတော့ မထူးပါဘူးကွာဆိုကာ ဝယ်ကြည့်လိုက်ပါသည်။ရုပ်ရှင်အစပိုင်းမှာတော့ သမီးကငြိမ်သေးသည်။ ကြာတော့ ပူအိုက်လာ၍လားမသိ ဂျီတိုက်လာပါပြီ။ နို့ဘူးတိုက်၍လည်းမရ။ နို့တိုက်၍လည်းမစို့ဘဲ ငို၍သာနေတော့ရာ ဘေးလူများကို အားနာ စရာ ဖြစ်လာ၍ ကိုကိုက သမီးကိုချီကာ ထမည့်ဟန်ပြင်ရလေသည်။

“နေပစေကိုကို၊ လှိုင်ချီပြီး အပြင်ခဏထွက်လိုက်မယ်၊ ကိုကိုကြည့်ပါ” “အို ကိုကိုပဲ ချီလျှောက်လိုက်ပါ့မယ်၊ လှိုင် ကြည့်နေပါ” ကိုကိုက တကယ်ပင် ကျွန်မကို ညှာတာကာ သမီးကိုချီပြီး အပြင်ထွက်သွားပါသည်။ ကျွန်မမှာ ရုပ်ရှင်ကြည့်နေရသော်လည်း စိတ်မဖြောင့်နိုင်တော့ပါ။ ကျွန်မတို့ချစ်သူဘဝက ရုပ်ရှင်ရုံသည်ပင် ကျွန်မတို့အတွက် နားခိုရာတစ်နေရာဖြစ်ခဲ့ရပြီး လက်ချင်းဆက်၊ ခေါင်းချင်းဆိုင်၍ ကြည့်ခဲ့ကြရသည်။ ဇာတ်ကားထဲမှာ ပါသည်ကို ကြည့်၍လည်း ရယ်ကြသည်။ မပါသည်ကိုပြော၍လည်း ရယ်ကြ သည်။ ရယ်စရာဇာတ်လမ်းသည်လည်း ကျွန်မတို့အတွက် ကြည်နူး စရာ၊ ဝမ်းနည်းစရာသည်လည်း ကျွန်မတို့အတွက် ရွှင်မြူးစရာသာပါ။ကျွန်မက စိတ်မဖြောင့်စွာဖြင့် ရုံပေါက်ဝကိုသာ လှည့်ကာ လှည့်ကာ ကြည့်နေမိပါသည်။ ခဏအကြာတော့ အိပ်ပျော်သော သမီးကိုချီ၍ ကိုကိုပြန်လာပါသည်။ သမီးကို ကျွန်မ ပေါင်ပေါ်တွင် သိပ်ကာ ရုပ်ရှင်ကို စိတ်မအေးစွာဖြင့် ဆက်ကြည့်ရပြန်ပါသည်။

“ဟောတော့၊ ကိုကိုရေ သမီးတော့ သေးပေါက်ချပြီ” ရုပ်ရှင်အပြီးတွင်တော့ ကျွန်မလုံချည်တွင် သေးကွက်ကြီးနှင့် ပြန်ထွက် လာရသည်။ ကဲ ဘယ်လောက်များ စိတ်ညစ်စရာကောင်းပါသလဲ။ သည့်နောက်တွင်တော့ ကျွန်မတို့နှစ်ယောက်လုံး မတိုင်ပင်ဘဲနှင့် ရုပ်ရှင်အကြောင်း မည်သူမျှ စကားမစကြတော့ပါ။ အိမ်လခ ၅၀ သတင်းစာ ၇ ၅၀ဆန် ၃၀ဆီ ၃၀ငရုတ် ကြက်သွန် ၁၀ ၅၀နို့မှုန့် ၅၀ရေနံဆီ ၅ ကိုကို သုံးရန် ၆၀ပေါင်း ၂၄၃ ကိုကိုလခ ၃၇၅ကျပ်၊ ကျန်ငွေ ၁၃၂ကျပ်၊ တစ်လလုံးသုံးရန်။ ကျွန်မသည် စာရင်းစာအုပ်ကိုကိုင်ရင်း သက်ပြင်းသာ တွင်တွင် ချမိပါသည်။ သည်အတိုင်းသာဆိုလျှင်တော့ ဒီလထဲ လက်ကောက် တက်ဘက်ပဲ ပေါင်ရမလား၊ နားကပ်လေးတစ်ရံပဲ ရောင်းရမလား တွေးနေမိပါသည်။ သာရေးနာရေး၊ လူမှုရေးများနှင့် ကျန်းမာရေး စရိတ်များက ရှိသေးသည်။ ရုံးမှာ ဘာကြေးညာကြေး စသဖြင့် ပေးခဲ့ရသည်ကလည်း ရှိသေးသည်။ သမီးလေးက တစ်လကို နှစ်ခါလောက်တော့ ဆရာဝန်ဆီပြေးရတတ်သည်။

တွေးတွေးပြီး စိတ်လေး ရသည့်အထဲ မမျှော်လင့်ဘဲ မီတာခတောင်းခံသည့် နို့တစ်စာကြီးက ရောက်လာသည်။ တကယ်တော့ မီတာခမှာ တစ်လ ခြောက်ကျပ်ခန့် သာ ကျသည်။ လစဉ် မီတာခ တောင်းခံသည့် စာရွက်လေးရတိုင်း ကျွန်မက ကိုကို့ဆီအပ်သည်။ ကိုကိုတို့ရုံးနဲ့နီးသားပဲ၊ သွားဆောင်လိုက် ပါဟုလည်း မှာသည်။ သို့သော် ကိုကိုက မေ့မြဲ။ ကြာတော့ ကိုကို ရုံးလွယ်အိတ်ထဲမှာ မီတာခ စာရွက်တွေ ပေါင်းစည်းမိနေသည်။ ခုတော့ နို့တစ်လာပြီ။ ၇ဝ ကျပ်ခန့်ရှိနေပြီ။ ကဲ ဘယ့်နှယ့်လုပ်ပေးရပါ့။ ကိုကို ရုံးမှ ပြန်ရောက်ရောက်ချင်း ကျွန်မက နို့တစ်စာကို ဖြန့်ပြလိုက်သည်။ ကိုကို မျက်လုံးပြူးသွားသည်။

ပြီးမှ တစ်စုံတစ်ခုကို တွေးတောကာ “ကိုကိုရောင်းခိုင်းထားတဲ့ ပစ္စည်းလေးတစ်ခု လေး-ငါးရက် နေရင် ပိုက်ဆံရမှာ၊ ဒီတော့ ဆောင်လိုက်တာပေါ့၊ သူက ခုနစ်ရက် အတွင်းလို့ ဆိုထားတယ် မဟုတ်လား၊ မီပါလိမ့်မယ်” “ဘာပစ္စည်း ရောင်းခိုင်းတာလဲ ကိုကို” ” နာရီတစ်လုံးပါ” “ဘယ်သူ့နာရီလဲ ဟင်” “အစ်ကိုကြီး ကိုထွန်းသာကို သူများက ရောင်းခိုင်းတာပါ။ အဲဒါ အစ်ကိုကြီးက မင်းရောင်းလို့စွန်ရင် အမြတ်ရတာ သုံးလိုက်တဲ့” ‘နာရီက အဟောင်းလား၊ အသစ်လား” “အသစ်ပေါ့” “ဟင် ကိုကို မှောင်ခိုလုပ်နေတာလား ဟင်” “မဟုတ်ပါဘူးကွာ၊ သူများရောင်းခိုင်းလို့ ပါ ဆိုမှ၊ ကဲ ထမင်းစားကြမယ်” ကိုကိုက ဆက်မပြောချင်၍ ကျွန်မ ဘာမျှ မမေးတော့ပါ။ ဟင်းချိုအိုးကိုနှေးရင်း ထမင်းပွဲပြင်လိုက်ပါသည်။ “လှိုင်လည်း ဒီခြံနဲ့အိမ်ကို ငှားမိတာ အတော်ကံကောင်းတာ ပဲနော်” ကိုကိုက ထမင်းဝိုင်းကိုကြည့်ရင်း ရုတ်တရက်ပြောလိုက်ရာ ကျွန်မက ဘာကို ဆိုလိုမှန်း မသိလိုက်ပါ။ “ဘာဖြစ်လို့လဲ ကိုကို” ‘ဪ၊ ကင်ပွန်းချင်ရွက်ကြော်ကို စပယ်ရှယ် စားရတာပေါ့” ထိုအခါကျမှ ကိုကို့စကားကို ကျွန်မရိပ်မိပါတော့သည်။ ခြံထဲတွင် ကင်ပွန်းပင်၊ မန်ကျည်းပင်နှင့် ဒန့်ဒလွန်ပင်များရှိရာ ကျွန်မသည် ဈေးသွားပြီး တဝဲလည်လည်နှင့် ဘာဝယ်ရမှန်းမသိတိုင်း ပုဇွန်ခြောက်နှင့် မျှင်ငပိကိုဝယ်လျက် ပြန်လာပြီး ကင်ပွန်းချဉ်ရွက်ကြော်နှင့် ဒန့်ဒလွန်ရွက်ဟင်းခါးကို တွင်တွင်ချက်တတ်သောကြောင့် ဖြစ်ပါလေသည်။

“ကိုကို မစားနိုင်ဘူးလား ဟင်” ချက်ကာစက စားလို့ မြန်လိုက်တာကွာဟု ပြောတတ်သော် လည်း ကြာတော့ ဘာမျှ မပြောဘဲ ယခုညည်းညူစပင် ပြုလာတော့ ပြီဖြစ်ရာ ကျွန်မမှာ စိတ်မကောင်းဖြစ်ရပါသည်။ “ကိုကိုစားနိုင်ပါတယ်၊ လှိုင်သာအရေးကြီးတာပါ၊ ကလေး နို့တိုက်နေရတဲ့မိခင်တစ်ယောက်ဟာ ဒါတွေချည်းစားနေလို့ ဖြစ်မလား” ဘာပဲပြောပြော ကိုကိုက ကျွန်မကို ဂရုတစိုက်ပြောလာ၍ ကျွန်မ ဝမ်းသာသွားပါသည်။ “လှိုင် ကြက်ဥလည်း ကြော်ကြော်စားပါတယ် ကိုကို၊ ပြီးတော့ အာလူးနဲ့ပဲလဲ စားသားပဲ၊ အသားလဲ တစ်ခါတစ်ခါ စားနေသားပဲ။ ရပါတယ်၊ ထမင်းကတော့ ဘာနဲ့စားစား စားကောင်းနေတာပဲ” တစ်ခါတရံ ကျွန်မတို့ရပ်ကွက်တွင် ကြက်ဥပေါပေါရတတ် ရာ ကျွန်မလည်းစားပါသည်။ သမီးကိုလည်း ကျွေးပါသည်။ ကလေးဆေးရုံမှထုတ်ပေးသော ဆေးစာအုပ် နောက်ကျောတွင် ပါရှိသည့် အသား၊ ငါး၊ ပဲ၊ ဥ၊ နွားနို့နှင့် လတ်ဆတ်သော သစ်သီးများကို နေ့စဉ်ကျွေးပါဟူသော နှိုးဆော်စာထဲမှ ပဲနှင့် ငှက်ပျောသီးကိုမူ ကျွန်မ မှန်မှန်ကျွေးပါသည်။ ကိုကို ထမင်းကောင်းကောင်းမစားသည်မှာ ကြာပါပြီ။ ကျွန်မ တို့ချင်း ကတောက်ကဆဖြစ်သည်ကလည်း များနေသည်။ ဟင်းကို လည်း စိတ်လိုလက်ရ မချက်တာကြာ၍ ဖြစ်ပါသည်။ ကိုကို့အကြိုက်လေး ရွေးပြီးချက်ဦးမှ ဟု တေးထားလိုက် မိသည်။မီတာခနို့တစ်စာ လာပြီးကာမှ ရက်တွေလည်းအကုန် မြန် လိုက်သည့်ဖြစ်ခြင်း။ ခါတိုင်းဆိုလျှင် လကုန်ဖို့ အတော့်ကိုလက် ချိုးစောင့်ရသည်။ ခုတော့ တစ်ပတ်သည်ပင် ဘာမျှမနေလိုက်ရ။ ကိုကိုရစရာပိုက်ဆံကလည်း ဘာမျှပြောသံမကြားရ။ ကျွန်မ ရင်ပူလှပြီ။ မီးများ လာဖြတ်သွားပါလျှင် မှောင်မည်းမည်းထဲ နေရမည်ထက်ရှက်လို့ သေရချည့်။ မနေ့ကပင် ခေါင်းရင်းအိမ်က အဒေါ်ကြီးက လာမေး သေးသည်။

“ဒို့အိမ်လဲ မီတာခ နို့တစ်လာလို့ ဟေ့၊ ငါ့တူမတို့ကော မှန်မှန်ဆောင်ထားသလား” တကယ်တော့ သူ့ အိမ်ဝင်ပေးပြီး ကျွန်မတို့အိမ် ဝင်ပေးသွား သည်ကို မြင်ပြီး ဖြစ်ပါလိမ့်မည်။ “မဆောင်ရသေးဘူး ဒေါ်ဒေါ်၊ နက်ဖြန်မှပဲ သွားဆောင် တော့မယ်၊ ဒေါ်ဒေါ်တို့ကော” “ဒီနေ့ပဲ သွားပေးလိုက်ပြီကွယ့်၊ ဒီလိုမှန်းသိ တစ်ခါတည်းယူ သွားပေးပါတယ်” ကျွန်မ ဘာမျှ ပြန်မပြောတော့ပါ။ ပြုံး၍သာပြလိုက်သည်။ ခုလိုအိမ်နှင့် ယာနှင့် အိမ်နီးနားချင်းနှင့် နေရကာမှ တစ်ဘက်သားကို ပြုံး၍ပြုံး၍ပြတတ်သော အကျင့်ကိုလည်း ကျွန်မရခဲ့ပြီ။ ဝမ်းထဲက ပါသော်ရှိ မပါသော်ရှိပေပေါ့။နက်ဖြန်ဆိုလျှင် ခုနစ်ရက်ပြည့်တော့မည်။ ကိုကိုပြန်ရောက် ရောက်ချင်း ထိုအကြောင်းကို ကျွန်မပြောပြမိသည်။ ကိုကိုကလည်း သူ မောမောနှင့်ပြန်လာလျှင် ဤသို့ ပြဿနာတွေကို ဆီး၍ဆီး၍ ပြောတတ်သည်ကို နည်းနည်းမှ မကြိုက်။ ကျွန်မကလည်း ကျွန်မ။ တစ်နေ့လုံး တအုံနွေးနွေးနှင့် အောင့်အည်းထားရသမျှကို တွေ့တွေ့ချင်း ပြောလိုက်မိသည်ချည်းသာ ဖြစ်သည်။ နောက်တစ်ခါ သတိထားဦး မည်ဆိုသော်လည်း မေ့မေ့သွားသည်။

“ငွေကလဲ အဆင်မပြေသေးဘူးကွာ၊ ဒါပေမယ့် ရပါတယ်။ ရုံးကိုသွားပြီး ရက်ရွှေ့ပေးပါလို့ တောင်းပန်ရင် ရပါတယ်။ ကိုကို သွားပြောလိုက်မယ်၊ အသိလဲ ရှိပါတယ်” “လှိုင့်ပစ္စည်းတစ်ခုခု ပေါင်လိုက်ပါလား ကိုကို၊ ဒါမှမဟုတ်လဲ ကျန်တဲ့ဈေးဖိုးထဲက ပေးလိုက်တာပေါ့၊ နောက်မှ ရောက်ရာပေါ့၊ ဟုတ်ဖူးလား” “ကိုကို သွားပြောလိုက်ပါမယ် ဆိုမှကွာ” ကျွန်မမှာ ဘဝင်မကျသော်လည်း ဘာမျှ မပြောသာတော့ပါ။ ကိုကိုသည် ဒီလိုအိမ်မှု ကိစ္စလေးများတွင် ဝီရိယနည်းတတ်သူမို့ ရုံးကို သွားပြောမည်ဆိုသည်ကို ကျွန်မ မယုံရဲပါ။ ကိုယ်တိုင်သာ သွားလိုက်ချင်တော့သည်။နောက်နေ့မနက် ကိုကိုရုံးကို ထွက်သွားသည့်အချိန်မှစ၍ ကျွန်မမှာ နေမထိ ထိုင်မသာဖြစ်နေပါသည်။ မီးဖြတ်မည်ဆိုလျှင် ဘယ်နေရာက လာဖြတ်မှာပါလိမ့်။ အိမ်ကိုလာပြီးဖြတ်တောက်ပစ် သွားမှာလား။ အိမ်ရှေ့မှ ခြေသံလိုလိုကြားတိုင်း လိပ်ပြာလန့်နေမိ သည်။ ကားတစ်စင်းတလေ ဖြတ်သွားလျှင်လည်း အိမ်ရှေ့မှာ ရပ်လိုက်ပြီဟု ထင်နေသည်။ တစ်နေ့လုံးတစ္ဆေခြောက်ခံရသလိုဖြစ် ကာ ဆောက်တည်ရာမရတော့ပါ။ ညနေ ကိုကိုပြန်လာတော့မှပဲ ရင်ထဲကအလုံးကြီး ကျသွားပါသည်။ ငွေပါတစ်ခါတည်း ဆောင် ခဲ့သည်တဲ့။ ကိုကိုက ပြေစာစာရွက်ကို ရောက်ရောက်ချင်း ကျွန်မ လက်ထဲဆောင့်ထည့်သဖြင့် ကျွန်မမှာ ဝမ်းသာသည့်တိုင် အတော်ပင် ကသိကအောင့် ဖြစ်သွားရပါလေသည်။

“ဟေး လှိုင်ထိပ်ခေါင်တင်ရေ၊ တံခါးဖွင့်စမ်းပါဦးကွ” သည်အသံနှင့် သည်အခေါ်အဝေါ်လေးကို ကျွန်မအမြဲသတိ ရပါသည်။ ကြည်မေဦးပင်ဖြစ်ရမည်။ ကျွန်မက ထမင်းစားနေရာမှ အပြေးအလွှားသွား၍ သံဇကာတံခါးကို ဖွင့်လိုက်ရသည်။ “ကြည်မေဦးပါလား၊ ဪ သီတာနွယ်လဲ ပါတယ်နော်” “ဘာလုပ်နေတာလဲကွ၊ သမီးကော” “သမီး အိပ်နေတယ်လေ၊ သူအိပ်တုန်း ထမင်းစားရတာကို” “ဟင် ခုမှ ထမင်းစားတယ်၊ ၁၂ နာရီတောင် ကျော်နေပြီ” “အေးကွာ ထိုင်ကြဦး၊ ကိုယ် လက်ဆေးလိုက်ဦးမယ်” “ပြီးအောင်သာစားပါကွာ၊ သူ့ကို ဝမ်းသာစရာပြရမယ်။ တစ်ခုခုကျွေးဖို့သာပြင်ထား” ကျွန်မသည် ထမင်းဝိုင်းကို အရင်ပြေးသိမ်းပြီးမှ လက်ကို ဆေးလိုက်ရသည်။ ဟင်းရွက်စိမ်းစိမ်းကို အလွန်မုန်းသော ကျွန်မ တစ်ယောက် ဟင်နုနွယ်ကြော် တစ်ခွက်တည်းနှင့် ထမင်းစား နေသည်ကို မြင်လျှင် ကြည်မေဦး အံ့ဩမည်လား၊ စိတ်မကောင်း ဖြစ်မည်လား မသိပေ။

“ကဲ ပြောစမ်း၊ ဘာအကြောင်းလဲ” သင်ဖြူးပေါ်တွင် ကြုံကြုံလေးတွေ ထိုင်နေကြသော သူတို့နှစ်ဦးကို ကြည့်ပြီး ကျွန်မက မေးလိုက်မိသည်။ “ဒီမှာ ဘာလဲကြည့်စမ်း” စာအိတ်တစ်အိတ်ဖြစ်ပါသည်။ အညိုရောင် စာအိတ်ရှည်ရှည် ပေါ်တွင် အစိုးရကိစ္စဟူ၍ မြင်လိုက်ရသဖြင့် ကျွန်မ ရင်ထဲတွင် ဒိန်းကနဲဖြစ်သွားမိသည်။ ‘ပေးစမ်း ပေးစမ်း၊ အလုပ်ခန့်စာထင်တယ်” “အမယ် အမယ် ခန့်စာတဲ့၊ လှိုင်တို့ကတော့ အပိုင်ပဲဟေ့” ကျွန်မသည် ပထမဆုံး ရည်းစားစာ အပေးခံရသော အပျိုပေါက်လေးကဲ့သို့ တုန်ယင်သော လက်များဖြင့် စာအိတ်ကို ဖွင့်လိုက်ရပါသည်။ ‘ဪ၊ အင်တာဗျူး ခေါ်တဲ့စာပဲ” ကျွန်မ ထင်သလောက် ဝမ်းသာစရာ မဟုတ်သေး၍ အားလျော့သွားပါသည်။ ကျွန်မ အဆောင်လိပ်စာဖြင့် အလုပ်လျှောက် လွှာများ တင်ထားရာ ယခု သမဝါယမဦးစီးဌာနမှ လူတွေ့ စစ်ဆေး ရန် ခေါ်သည့်စာကို တစ်ခန်းတည်းနေခဲ့ရသော ကြည်မေဦးက လာပေးခြင်းဖြစ်ပါသည်။

“အင်တာဗျူးတွေလဲဖြေရလွန်းလို့ မဖြေချင်တော့ပါဘူးကွာ၊စာအုပ်တွေ ပြန်ဖတ်ရတာလဲစိတ်ညစ်ပါတယ်၊ သတင်းစာတောင် ကုန်အောင် မဖတ်ချင်တော့ဘူးကွ” ‘စိတ်ပျက်ပျက်နဲ့ ကိုယ်တို့ကို ဘာမှ မကျွေးတော့ဘူးဆိုပါတော့” “အိုကွာ ကျွေးမှာပါ၊ ကော်ဖီသောက်ကြနော်၊ နို့ဆီနဲ့တော့ မဟုတ်ဘူး၊ နို့မှုန့်နဲ့ဖျော်မှာ” “ရပါတယ်ကွာ၊ သမီးနို့မှုန့်တွေတော့ ကုန်တော့မှာပဲ” ကျွန်မက သူတို့ကြိုက်မည် မဟုတ်သော်လည်း အခြား ကျွေးစရာမရှိသဖြင့် နို့မှုန့်နှင့် ကော်ဖီဖျော်တိုက်ရပါသည်။ “ကောင်းသားပဲကွ ဆိမ့်ဆိမ့်လေး၊ ဒါနဲ့ လှိုင့်ကို ကိုယ်အကြံ တစ်ခုပေးမယ်” “ယူ ယောက္ခမကြီးက အရင်က ပြန်တမ်းဝင် အရာရှိကြီး တစ်ဦးပဲဆိုကွ၊ အဲဒါ မင်းအလုပ်အတွက် တစ်ယောက်ယောက်ကို ပြောခိုင်းပါလား” “အေး ဟုတ်သားပဲ၊ ဘယ်သူ့ကို ပြောခိုင်းရမလဲ” “ဆိုင်ရာ ဆိုင်ရာပေါ့ကွ၊ ဘယ်သူတွေ ပါတယ်ဆိုတာ ကိုယ်မေးပေးမယ်” “အားကိုးပါတယ် ကျေးဇူးရှင်မကြီးရယ်” “နောက်ဆုံး မရရင်လဲ ကိုယ့်အစ်ကိုကို ပြောခိုင်းပေးပါ့မယ်” “ကောင်းပါပြီကွာ မင်းကကော ဘာမှ မလုပ်သေးဘူးလား” “ကိုယ် ဒီနှစ်အောင်ရင် ပြီးပြီလေ၊ အစ်ကိုက ဖောရင်းန် အော့ဖစ်စ်မှာ သွင်းပေးမယ်လို့ ပြောတယ်” “မင်းအတွက်တော့ အားလုံး ပြည့်စုံနေတာပဲနော်” “မပြည့်စုံတာ ရှိပါသေးတယ်ကွာ” “ဘာများလဲ” “အချစ်ရေးပေါ့” ကြည်မေဦးက သီတာနွယ်ကိုကြည့်ကာ ပြောလိုက်သည်။

“ဒါကတော့ မင်းက ရွေးလွန်းတာကိုး၊ မင်းသာ တည်တည် တံ့တံ့နဲ့ တစ်ယောက်ယောက်ကို သတ်မှတ်လိုက်မယ်ဆိုရင် အချစ်ရေး လဲ အဆင်ပြေသွားမှာပဲ” သီတာနွယ်ရှေ့မှာ ဖြစ်နေ၍ ကျွန်မ စကားကို ချင့်ချင့်ချိန် ချိန် ပြောလိုက်ရသည်။ ထိုအခိုက် သမီးက အိပ်ရာမှနိုး၍ ငိုလေသည်။ ကြည်မေဦးသည် သမီးကို ယူချီကာ ချော့မြူသည်။ “ကိုယ်လဲလေ သူ့လို သားနဲ့သမီးနဲ့ နေချင်ပါသေးတယ်” “ကိုယ်ကတော့ မေဦးတို့လို လွတ်လွတ်လပ်လပ်ပြန်နေချင် နေပြီ” ကြည်မေဦးတို့ပြန်သွားပြီး မကြာမီပင် ကိုကို ပြန်ရောက်လာ သည်။ ကိုကိုနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါလာသည်။ “ဟင် ကိုကို အစောကြီးပြန်လာတယ်” “ဟုတ်တယ် လှိုင်၊ ကိုကို့သူငယ်ချင်းတွေ ပါလာလို့” သူတို့ကို ကျွန်မ တစ်ခါမျှမမြင်ဘူးပါ။ အမျိုးသမီးသည် ကျွန်မကို မသိမသာကြည့်ပြီး အိမ်ကို မျက်လုံးတစ်ချက်ဝေ့၍ အကဲခတ်လိုက်သည်။

“ဒါ ကိုကိုတို့ရုံးက ကိုမြင့်အောင်တဲ့၊ ခုတင်ပဲ သူတို့လက်ထပ် လာကြတယ်၊ အဲဒါ ကိုကိုတို့တုန်းကလိုပဲပေါ့ ကွာ၊ အိမ်မှာ ခဏ နေချင်လို့” “အို ဟုတ်လား၊ ရပါတယ် ရပါတယ်၊ လွတ်လွတ်လပ်လပ် နေကြပါ” ကျွန်မက ကိုယ်ချင်းစာစိတ်ဖြင့် လှိုက်လှိုက်လှဲလှဲပြောမိ ပါသည်။ ကိုကိုက ကျွန်မကို အိမ်ထဲအသာမျက်စပစ်၍ ခေါ်ခဲ့ပြီး တိုးတိုးပြောလေသည်။ “အိမ်မှာ ဘာဟင်းချက်ထားလဲ လှိုင်၊ သူတို့အတွက် ကောင်း ကောင်းမွန်မွန် ချက်ကျွေးလိုက်ပါကွာ” “ညနေအတွက်တော့ ပုဇွန်ဆိတ်ကလေးတွေ ငါးပိချက် ချက်ထားတယ်၊ မနက်မှ ဈေးသွားရမှာဆိုတော့ မနက်ကျမှပဲ ကောင်းကောင်းချက်ကျွေးတော့မယ်လေ” “ဟာ မဟုတ်တာ လှိုင်ကလဲ၊ ညနေတစ်ခေါက်သွားလိုက် စမ်းပါဦး” ကျွန်မမှာ ကမာရွတ်ဈေးသို့ တစ်ခေါက်ပြေးရပြန်ပါသည်။ တစ်နေ့ဈေးဖိုး သုံး-လေးကျပ်သာ သုံးနိုင်သော ကျွန်မမှာ ဧည့်သည် အတွက် ဟင်းကောင်းကျွေးကောင်း ချက်ကျွေးရမည်ဆိုတော့ ဦးနှောက် ပင် ချာချာလည်သွားရပါသည်။ နောက်မှ ဖြစ်လိုရာ ဖြစ်စေတော့ ကိုကို့မိတ်ဆွေဖြစ်နေ၍ ဝတ္တရားကျေအောင် ပြုစုရပေတော့မည်။ ကျွန်မ မျက်စိထဲတွင်တော့ ရွှေနန်းကြိုးလေးများ ကွပ်ထားသော ပုလဲနားကပ်လေးကို ပြေးမြင်ယောင်နေလေသည်။

သည်အတိုင်း ဆိုလျှင်တော့ ကျွန်မ သေတ္တာထဲရှိ သံဘူးလေးထဲမှနေ၍ ပို၍လုံခြုံသော တစ်နေရာမှ ပလပ်စတစ်အိတ်ကလေးထဲရောက်မှာ သေချာနေပါပြီ။ ကိုကိုကတော့ ဝတ္တရားကျေကျေပြုစုနေသည်။ ညအိပ်ရာ ဝင်တော့ ကိုကိုက ညားကာစ ဇနီးမောင်နှံကို အတွင်းခန်းခုတင်ပေါ်မှာ သိပ်ချင်သည်ဟု ဆိုသည်။ ကျွန်မတို့က အိမ်ရှေ့ခန်းမှာ ထွက်အိပ်ရ သည်။ ခေါင်းရင်းအိမ်မှ ခြင်ထောင်တစ်လုံးငှားရသည်။ ကျွန်မတို့ တုန်းကထက် သူတို့မှာ ပို၍ အဆင်ပြေပါသည်။ အဆင်ပြေလွန်း၍ လားမသိ သူတို့ တော်တော်နှင့် မပြန်ကြပါ။ တစ်လကျော်မျှ ကြာလာပြီဆိုတော့ ကျွန်မ စိတ်ညစ်လာရပါပြီ။ တကယ်တော့ ကိုကိုနှင့် ကျွန်မတို့နှစ်ယောက်လုံးမှာ မိတ်ဆွေအပေါင်းအသင်းကို ခင်တွယ်သူများဖြစ်ကြပါသည်။ ကိုကို ဆိုလျှင် ကျွန်မ အပေါင်းအသင်းများကို မကြာခဏ ကျွေးမွေးပြုစု ခဲ့ဖူးသည်။ ကျွန်မတို့ ချစ်သူဘဝက ကိုကိုသည် ကျွန်မ သူငယ်ချင်း တစ်ပြုံတမကြီးကိုပင် ရုပ်ရှင်ပြသည်။ မုန့်ကျွေးသည်။ သွားလိုရာ လိုက်ပို့ပေးတတ်သည်။ သူတစ်ပါးကို ကျွေးမွေးပြုစုရလျှင် ကျွန်မတို့ ပျော်တတ်ခဲ့ပါသည်။ ယခုအဆင်မသင့်၍ အခိုက်အတန့် လာရောက်ခိုလှုံရသော ကိုကိုမိတ်ဆွေများကို ကျွန်မ မငြူစူသင့်သည်မှာ အမှန်ပင်။ သို့တိုင်အောင် အောင့်အည်းသည်း ခံနိုင်ခြင်းငှာ မစွမ်းတော့ပါ၍ ကိုကိုမလိုလားသော စကားများကိုပင် မိုက်မဲစွာ ပြောဖြစ်ခဲ့ရပါသည်။

“ကိုကိုရယ် အင်းလျားကန်ဘက် ခဏလျှောက်ရအောင်” ကျွန်မ ကိုကို့ကို စကားပြောချင်၍ အပြင်ခေါ်ထုတ်ခဲ့ရပါသည်။ ကျွန်မတို့ ချစ်စကားဆိုနေကျ ကန်ပေါင်ထက်ဝယ် ယခုတော့ ပြဿနာတက်ရချေပြီ။ “ကိုကိုဧည့်သည်တွေကလဲ ဘယ်လိုလဲကိုကို၊ လှိုင်တော့ စိတ်ညစ်လှပြီ” “လှိုင်ကလဲကွာ အဆင်မပြေလို့လာနေရတာကို ကိုယ်ချင်း ၊ စာမှပေါ့၊ သူတို့အိမ်ကလဲ ပြန်ခေါ်နေပါပြီ၊ မသကာ တစ်ပတ်လောက် ပဲနေတော့မှာ” သည်တွင် စကားကို ဖြတ်လိုက်လျှင် ဖြစ်သော်လည်း ရင်ထဲ ရှိသမျှ ထုတ်ပြောချင်သော ကျွန်မက ဆက်၍ ပြောမိပါသေးသည်။ “လှိုင်တို့မှာ ပိုက်ဆံလဲအများကြီး ကုန်သွားပြီ၊ အကြွေးလဲ တင်နေပြီ””အင်းလေ၊ ဒါတွေ ပြောမနေပါနဲ့တော့၊ ပြန်ကြတော့မှာ ပါဆိုနေမှပဲ” “ပြီးတော့ ကိုကိုကလဲ အရိပ်အခြေ ဘာမှမသိဘူး၊ ဧည့်သည် ရှိလို့ ဟင်းခွက်လှအောင် ထည့်ထားရင် ကိုကိုပါ အများကြီးစားပစ် တော့ လှိုင့်မှာ ဒုက္ခရောက်နေရတာ” သည်တစ်ခါတော့ ကျွန်မစကားလွန်သွားပါပြီ။ ကိုကို့မျက်နှာ သည် မည်းသွားကာ ရုတ်တရက် တင်းမာသွားပါသည်။ ကျွန်မ ကိုယ် ကျွန်မလည်း နောင်တရမိကာ စိတ်မကောင်းဖြစ်သွားရပါသည်။

“ကဲ လှိုင် တော်ပါတော့ကွာ၊ မင်းအိမ်မှာ မထားနိုင်ရင် ပြန်လွှတ်လိုက်တော့မယ်ဟေ့၊ ငါလဲ ပြန်မလာတော့ဘူ ကဲ” ကိုကိုသည် စိတ်ဆိုးမာန်ဆိုးဖြင့် ရှေ့မှတစ်ယောက်တည်း ဆင်းသွားပါသည်။ ကျွန်မသည်သာ ကန်ပေါင်ထက်မှာ တစ်ယောက်တည်း မျက်ရည်ကျကာ ကျန်ခဲ့ရသည်။ ချစ်သူဘဝက ကြင်နာမှုလေး တွေကို သတိရသေးရဲ့ လား အင်းလျားရယ်။ “ဟင် မိလှိုင်၊ မိုးချုပ်မှ ဘာလာလုပ်တာလဲ ဟင်” အိမ်မပြန်ဘဲ အဆောင်ကိုဝင်ခဲ့သော ကျွန်မကို မြမြသင်းက တအံ့တသြမေးလိုက်သည်။ ကျွန်မက ဘာမျှ မပြောဘဲသူ့အိပ်ရာ ထက်တွင် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပါသည်။

“ဘယ်လိုဖြစ်တာလဲဟယ်၊ ကိုကြည်သာနဲ့ ရန်ဖြစ်လာသလား၊ သမီးကော” “သမီး သမီး၊ သမီးကို သွားခေါ်ပေးပါ မြမြရယ်” “သမီးဘယ်မှာလဲ၊ ဘာလို့သွားခေါ်ရမှာလဲ၊ လှိုင် အိမ်မပြန် ဘူးလား” “ဟင့်အင်း မပြန်ချင်ဘူး၊ သမီး ခေါင်းရင်းအိမ်မှာရှိတယ်။ သမီးကို ခေါ်ပြီး လှိုင့်ကို ဘူတာရုံလိုက်ပို့ပေး” “ဟောတော် ဘယ်သွားမလို့လဲ” “ပဲခူးကို ပြန်မယ်” “အိုကွယ် လှိုင်ကလဲ၊ ကလေးကျနေတာပဲ၊ လာခဲ့ ကိုယ်ပြန် ပို့မယ်” “အို မပြန်ချင်ပါဘူးလို့ ဆိုနေမှပဲ” “လှိုင်ကကွာ၊ ဒါဖြင့် ကိုကြည်သာကို သွားခေါ်မယ်။ သူများတွေသိရင် ရှက်စရာကြီး လှိုင်ရာ၊ ခုတောင် ရိပ်မိကုန်ရော့မယ်” “လှိုင် မပြန်ချင်ဘူး မြမြရယ်၊ သိပ်စိတ်ညစ်တာပဲ” ကဲကွယ် ဒီလိုလုပ်၊ သမီးက ဟိုအဒေါ်ကြီးကို သိပ်ခင်နေ တယ်မဟုတ်လား၊ လှိုင် ဒီည အဆောင်မှာ အိပ်မယ်လို့ ကိုယ်သွား ပြောလိုက်မယ်၊ လှိုင် နက်ဖြန်အင်တာဗျူးဖြေရမယ်ဆို၊ ကြည်မေဦး က ပြောတယ်၊ ဒီတော့ စာကျက်နေတယ်လို့ ကိုယ် ပြောလိုက်မယ် ဟုတ်လား“မသိဘူးကွာ၊ ကြိုက်သလိုလုပ်” မြမြသင်းသည် သူငယ်ချင်းကောင်း ပီသစွာ အိမ်ကိုသွား၍ စီစဉ်ရှာပါသည်။ “မိလှိုင်က ကလေးဆန်တာကိုး၊ ဧည့်သည်တွေရှိတုန်း အိမ် ပေါ်က ဆင်းလာရတယ်လို့၊ ဧည့်သည်တွေတော့ ရိပ်မိကုန်ပြီ ထင် တယ်၊ မျက်နှာ မကောင်းဘူး၊ ကိုယ်ကတော့ ကောင်းအောင်ကြည့်ပြောခဲ့ပါတယ်၊ ကိုကြည်သာကလဲ အဲဒီမှာဆိုတော့ သူစာကြည့်ရ တာပေါ့ တဲ့၊ သတင်းစာအဟောင်းတွေနဲ့ ပညာပေးစာအုပ်တွေ ပေးလိုက်တယ်ရော့”

သို့သော် ထိုညက ကျွန်မ စာတစ်လုံးမှ မကြည့်ဖြစ်ပါ။ ဘယ်သူနဲ့မှလည်း စကားမပြောတော့ဘဲ အိပ်၍သာ နေလိုက်သည်။ သမီးကိုလည်း သတိရနေသည်။ ကိုကို့ကိုလည်း စိတ်ဆိုးသည်။ တကယ်တော့ ကျွန်မတို့နှစ်ဦးပြဿနာမှာ ဒီတစ်ခုတည်း မဟုတ်။ မြစ်လက်တက်ကလေးပေါင်း များစွာပေါင်းစု၍ မြစ်ကြီးထဲ စီးဝင်သလို ရင်ထဲတွင် မဖြေရှင်းနိုင်သေးသော ပြဿနာများစွာမှ ပေါက်ဖွား လာရခြင်း ဖြစ်ပါသည်။ နောက်နေ့ အင်တာဗျူး ဖြေဖြေပြီးချင်း ကျွန်မ အိမ်ပြန်ဆီသို့ ပြေးပြီး သမီးကို ဖက်ကာ ငိုမိပါသည်။ “ဟဲ့ ကောင်မလေး၊ တယ်လဲ ခက်တာကိုး၊ လင်နဲ့ မယားဆိုတာ ဒီလိုပဲတဲ့၊ အခိုက်မသင့်တဲ့အခါ” အဒေါ်ကြီးက ကျွန်မကို နှစ်သိမ့်ပါသည်။ လင်မယား ရန်ဖြစ်တာ ဘာမျှမဆန်းဘူးဟူသော သဘောဖြင့် ရယ်မောနေပါသည်။

“ညည်းသမီးကဖြင့် မအေတောင် သတိရရဲ့ လားမသိဘူး၊ အိပ်လိုက်တာ သိုးလို့၊ ငါလဲ ထမင်းကျွေးထားပြီးပြီ” “ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်ရယ်၊ လှိုင့်မှာ ဒေါ်ဒေါ်တို့လို အိမ်နီးချင်းကောင်းရှိလို့ တစ်ယောက်တည်းနေလို့ဖြစ်တာပါ။ နို့မို့ရင် ဒီကလေးတစ်ယောက်နဲ့ ဘယ်မှ သွားနိုင်မှာ မဟုတ်ဘူး” “ကိစ္စမရှိပါဘူးအေ၊ ငါတို့လဲ ကလေးကို သံယောဇဉ်ရှိနေ ပြီ၊ ဒါနဲ့ ညည်းအလုပ်ရတော့မယ်ဆို” “ခုမှ ဖြေထားတုန်း ရှိပါသေးတယ်” ‘ရပါလိမ့်မယ်၊ သူ့အဖေကို ပြောထားတယ်တဲ့၊ မောင်ကြည် သာ ညနေက ပြောတယ်၊ သူ့ ခမျာလဲမျက်နှာ မကောင်းရှာပါဘူး၊ ကဲကဲပြန်တော့၊ ထမင်းလေးဘာလေး ချက်ထားဦး၊ ဒန့်သလွန်သီး တွေ သီးနေပြီ၊ ငါးခြောက်ရိုးကလေးနဲ့ ကုလားဟင်း ချက်ပါလား” ကျွန်မသည် ထမင်းဟင်းကို စိတ်ရှည်လက်ရှည်ချက်ကာ ကိုကို ပြန်အလာကို စောင့်နေပါသည်။

ကိုကို့ခမျာ သူ့မိတ်ဆွေ တွေကို အတော်မျက်နှာပူမှာပဲဟု တွေးရင်း နောင်တရကာ စိတ်မကောင်းဖြစ်နေမိပါသည်။ နောက်ကို ဘာပြဿနာပဲရင်ဆိုင်ရ ရင်ဆိုင်ရ တစ်ယောက်တည်း ခါးစည်းကာ ခံတော့မည်၊ ကိုကို့ကို နားမပူတော့ဟုလည်း ဆုံးဖြတ်လိုက်မိသည်။ သို့သော် ထိုညက ကိုကိုပြန်မလာပါ။ ကျွန်မကို စိတ်နာ သွားပြီထင်ပါသည်။ တကယ်တော့ ကျွန်မ အိမ်မှ ပြန်လာရဲ့ လား၊ ပြန်မလာလျှင် အဆောင်မှာ လိုက်ခေါ်ရကောင်းမလားဟု တွေးတော ကာ စောစော ပြန်လာလိမ့်မည်ဟု ကျွန်မ ထင်သည်။ ခုတော့ ကျွန်မ တစ်ယောက်တည်း စိတ်ရှိလက်ရှိ ငိုကြွေးရင်းဖြင့်သာ တစ်ညတာကို ပင်ပန်းကြီးစွာ ကုန်လွန်ခဲ့ရပါချေပြီ။

အပိုင်း(၅)ဆက်လက်‌ရေးသားပါဦးမည်။

စာရေးဆရာမ မိုးမိုး (အင်းလျား) ရေးသားသော ပျောက်သောလမ်းမှာ စမ်းတဝါး စာအုပ်မှ ကူးယူဖော်ပြသည်။

OpenMoreOnline

Related Posts