မာန်မာနရဲ့ ဆိုးကျိုးများ

မာနကို ကောင်းတဲ့ဘက်ကနေလည်း ပြောကြတာ ရှိပေမဲ့ ဒီဆောင်းပါးမှာတော့ သူ့ရဲ့ ဆိုးကျိုးတွေကို ဆွေးနွေးပါမယ်။

ဘောလီးဝုဒ်ဇာတ်ကားတစ်ကားမှာ ကြည့်ဖူးတယ်။ အစ္စလာမ်ဘာသာမှာ ဝတ်ပြုဆုတောင်းခြင်းကို ဘာလို့ အလေးထားတာလဲ ဆိုတော့ ဘဝမှာ ကြုံတွေ့ရသမျှ ပြဿနာတွေနဲ့ အဖြေနဲ့ဟာ ဒူးနဲ့ မြေကြီးလောက်ပဲ ဝေးတာမို့လို့ပါတဲ့။ ဆိုလိုတာက ဒူးထောက်ပြီး မြေကြီးနဲ့ ထိလိုက်တဲ့အခါ ပြဿနာတွေ ပြေလည်သွားတယ်၊ အဖြေရှာတွေ့သွားတယ်ပေါ့။ မာန်မာနတွေ မထားနဲ့၊ ကိုယ့်ဘက်က စလို့ အလျှော့ပေးလိုက်ပါလို့ ဆိုလိုဟန် တူတယ်။

တကယ်တမ်း စဉ်းစားကြည့်ရင်လည်း အဲ့လိုသာ မာန်မာနတွေ လျှော့ချနိုင်ရင် ဆက်ဆံရေး ပြဿနာ တော်တော်များများ ပြေလည်သွားနိုင်တယ်။ သမီးရည်းစား၊ အိမ်ထောင်ရေးမှ မဟုတ်ဘူး။ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ဘယ်လိုဆက်ဆံရေးမျိုးမဆိုပဲ။ မှားသွားပါတယ် ဆိုပြီး တောင်းပန်လိုက်ရင် ပြီးသွားနိုင်တာကို အဲဒါလေးတစ်ခွန်း ပြောဖို့ကို ပြောမထွက် ဖြစ်နေကြတာ အများကြီး။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ သြကာသ ကန်တော့ချိုးမှာလည်း ပါတယ်။ “ရှိခိုးပူဇော် ဖူးမြော်မာန်လျော့” ဆိုတာလေး။ မြတ်စွာဘုရားကို ရှိခိုးဆည်းကပ်တဲ့အခါ မာန်ကို လျှော့ပြီး ဆည်းကပ်ရတယ်။ ဒါမှသာ သူ့ရဲ့ အဆုံးအမကို နာယူလက်ခံနိုင်လိမ့်မယ်။ ပြောသမျှအကုန် မျက်စိမှိတ် လက်ခံရမယ်လည်း မဟုတ်ပါဘူး။ ဗုဒ္ဓကို ဆရာသမားတစ်ယောက်လို မြင်ကြည့်လိုက်။ သူ့ဆီက ပညာတွေ လိုချင်လို့ သွားဆည်းကပ်သင်ယူတာ။ အဲဒီအခါ ဒီလူ ဘာမှမတတ်ပါဘူး ဆိုပြီး သူ့စကားတွေထဲကနေ ဘာအမှားတွေ့မလဲ ဆိုတဲ့ စိတ်အခံနဲ့ နားထောင်နေရင်တော့ ဘာပညာမှကို ရမှာ မဟုတ်ဘူးပေါ့။

ဒါ ဘာသာတရား အဆုံးအမ ခံယူမှ မဟုတ်ဘူး။ လောကီပညာတွေ သင်ယူတဲ့အခါမှာလည်း မာန ခံနေရင် အဆင်မပြေဘူး။ စာပဲဖတ်ဖတ်၊ သင်တန်းပဲတက်တက်၊ ဟောပြောတာ တစ်ခုခုပဲ နားထောင်နားထောင်၊ ငါ့လောက် မတတ်ပါဘူး၊ ဒီလူ ဘာတွေ ဖောမလဲ နားထောင်ကြည့်မယ်၊ သူ ပြောပြီးရင်တော့ ငါ တစ်ခုခု ထမေးပြီး ပညာစွမ်းပြလိုက်မယ်၊ အဲ့လိုစိတ်နဲ့ဆို ဘယ်လိုမှ သင်ယူနိုင်ဖို့ မလွယ်ဘူး။

ကျောင်းသားငယ်ဘဝမှာတော့ ဒီလိုမာန ဖြစ်ခဲတယ်။ ဘွဲ့တွေ ရလာပြီး၊ ကိုယ်တိုင်လည်း လေ့လာအား များလာတဲ့အခါ အဲ့လို ဖြစ်လာတတ်တယ်။ ကိုယ်ကလွဲလို့ ဘယ်သူ့မှ အထင်မကြီးတော့တာမျိုး။ ကိုယ့်ထက် ငယ်တဲ့သူ၊ ကိုယ်နဲ့ Profession ချင်း မတူတဲ့သူတွေအပေါ် မလေးစားနိုင်တော့ဘူး။ ဝေဖန်အကြံပြုရလည်း ခက်လာတယ်။ အလုပ်တွဲလုပ်ရတာလည်း အဆင်မပြေတော့ဘူး။

ပြောရရင် မာနက ပညာသင်ယူရ ခက်စေပြီး တစ်ဖက်ပိတ် ဖြစ်သွားစေနိုင်တယ်။ ပရိုမပီသတဲ့ ခံယူချက်၊ လုပ်ရပ်တွေ လုပ်မိလာစေတယ်။ မင်းသား၊ မင်းသမီး၊ Influencer တွေ နာမည်တအားကြီးလာရင်၊ သူတို့မှ သူတို့ ဖြစ်လာရင် အလုပ်ကို သေချာမလုပ်တော့ဘူး ဆိုတာ အဲဒီမာနကြောင့်ပဲပေါ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ လောကမှာ ဘယ်အရာမှမှ မတည်မြဲတာ။ ဒီတော့ ကိုယ် မာန်တက်ခဲ့တဲ့ အရာတစ်ခုက ပျက်စီးသွားပြီ ဆိုတဲ့အခါ လုံးဝပြိုလဲသွားနိုင်တယ်။ လှလို့ မာန်တက်တယ်။ အကြောင်းကြောင်းကြောင့် အလှတွေ ပျက်စီးသွားတဲ့အခါ သူများထက် ပိုပြီး ထိခိုက်ခံစားရတယ်။ ကျန်းမာတယ် ဆိုပြီး မာန်တက်တယ်။ အဲ့အခါ နေမကောင်းလည်း ဖြစ်ရော၊ လူသိတောင် မခံချင်တော့ဘဲ ကြိတ်ကုရတဲ့ အဖြစ်တွေ ရှိလာတယ်။

Ovarian lottery ဆိုတဲ့ ‘ဗိုက်ကံကောင်းခြင်း’ အပေါ် မာန်တက်တယ်။ ဒါ မိဘချမ်းသာပြီး တအား အလိုလိုက်ခံထားရတဲ့ ကလေးတွေမှာ ဖြစ်တတ်တယ်။ ငါ့မိဘက ချမ်းသာတယ် ဆိုပြီး တခြားရွယ်တူကလေးတွေကို နှိမ်တာ၊ အိမ်အကူတွေပေါ် မောက်မောက်မာမာ ဆက်ဆံတာတွေပေါ့။ အဲဒီအခါ မိဘက စီးပွားလည်း ပျက်သွားရော၊ အဲ့လို အထည်ကြီးပျက် ဖြစ်သွားတဲ့ဒဏ်ကို သူတို့ မခံနိုင်တော့ဘူး။ လူမြင်ကောင်းအောင် ဟန်ဆောင်တယ်။ သုံးပြတယ်။ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ဘူး။ မာနက တင်းခံနေတော့ အခြေအနေမှန်ကို လက်သင့်မခံနိုင်တာပေါ့။

လူမှာ မာန်မာန တက်စရာ အကြောင်းရင်းတွေ အများကြီး ရှိတယ်။ ပညာ၊ လှပမှု၊ ငယ်ရွယ်မှု၊ အောင်မြင်မှု၊ နာမည်ကျော်ကြားမှု၊ ရာထူး၊ အာဏာ၊ ငွေကြေး၊ မိဘချမ်းသာမှု၊ မျိုးရိုး၊ နောက်ဆုံး ယောက်ျားဖြစ်ခြင်းအပေါ်မှာတောင် မာန်တက်တာတွေ ရှိတယ်။ ကျွန်တော်တို့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ Patriarchy (ဖိုဝါဒ) လွှမ်းမိုးနေတဲ့အခါ ယောက်ျားတွေမှာက မာနပိုကြီးတယ်။ ဒါကြောင့် မိန်းမက ပိုတော်နေရင်၊ နာမည်ပိုကြီးနေရင်၊ ဝင်ငွေပိုကောင်းနေရင် မကြိုက်တော့ဘူး။ တစ်ခုခု ဆရာလာလုပ်လည်း မကြိုက်ဘူး။ အဲ့အခါ လိုချင်တာ မိဖုရား၊ ညားတော့ ဘုရင်မ ဆိုပြီး ဖြစ်ကုန်ကြတာ။ Patriarchy က ယောက်ျားဖြစ်ခြင်းအပေါ် မာနတက်စေတယ်။ အဲဒီမာနကို ထိခိုက်လာတဲ့အခါ ဆက်ဆံရေးတွေ ပျက်စီးတယ်။

ဒါဖြင့် စဉ်းစားကြည့်ရအောင်။ ဘာလို့ မာနတက်မိတာလဲ။ တစ်လုံးတည်း ပြောရရင် “မသိခြင်း” ကြောင့်ပဲ။ တရားဓမ္မစကားနဲ့ ပြောရရင် ‘အဝိဇ္ဇာ’ ပေါ့။ မသိတာ၊ အမှန်မမြင်တာ။ မတည်မြဲတာတွေကို တည်မြဲတယ်လို့ ထင်နေလို့ မာနတက်တာပဲ။

လှပမှုကလည်း မတည်မြဲဘူး၊ ပစ္စည်းဥစ္စာတွေကလည်း မတည်မြဲဘူး၊ ရာထူးတွေ၊ နာမည်ကျော်ကြားမှုတွေ ဆိုတာလည်း နေ့မြင်ညပျောက်သဘောပဲ။ သို့သော် အဲဒါတွေကို တည်မြဲနေမယ်လို့ အထင်မှားတဲ့အခါ အဲဒီအပေါ်မှာ မာန်တက်လာတော့တာပဲ။

ဒီအတွက် မှန်ကန်စွာ နှလုံးသွင်းဖို့၊ ရှုမြင်နိုင်ဖို့ အင်မတန် အရေးကြီးတယ်။ မဂ္ဂင် ၈ ပါးထဲက Right Thought & Right Understanding ဆိုတာ အဲဒါပဲ။

တစ်ယောက်နဲ့တစ်ယောက် ဖြစ်တဲ့ရောဂါ မတူရင် သောက်ရတဲ့ဆေး မတူဘူး။ မာနဆိုတာလည်း စိတ်အညစ်အကြေးတစ်ခု၊ စိတ်ရဲ့ နာဖျားမှုတစ်ခုပဲ။ ဒါကို ကုတဲ့နေရာမှာ ကိုယ်က ဘယ်အပေါ်မှာ မာနတက်နေမိသလဲ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ကုရမယ်။

လှပခြင်းအပေါ် မာနတက်တယ်ဆို ကိုယ့်ရဲ့ မလှပမှုတွေကို တွေးတောရမယ်။ အခု အိုမင်းရင့်ရော်နေတဲ့ လူတွေနေရာမှာ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ရမယ်။ ဆီးတွေ၊ ဝမ်းတွေ သွားတဲ့အခါ ရွံစရာအတိ ဖြစ်နေပါလားလို့ ဆင်ခြင်ကြည့်ရမယ်။ (အသုဘကမ္မဌာန်း ခေါ်တာပေါ့)

ကျွန်တော့်လိုမျိုးကျ လှပခြင်းအပေါ် မာနမတက်ဘူး။ လှမှ မလှတာ။ သို့သော် နာမည်ကြီးခြင်းအပေါ် မာန်တက်တယ်။ ပညာအပေါ် မာန်တက်တယ်။ ကိုယ့်လောက်မှ လူမသိတဲ့သူ၊ ကိုယ့်ထက် ဂျူနီယာကျတဲ့သူက တစ်ခုခု ပြောရင်၊ ရေးရင် အဲဒီမာန ပေါ်ပေါ်လာတတ်တာ သတိထားမိတယ်။ ဒီလောက်များ ငါ သိပါတယ်ပေါ့။ ဒီအတွက် ဒါတွေဟာ မတည်မြဲဘူးလို့ မကြာခဏ ဆင်ခြင်ပေးရတယ်။

ပညာဆိုတာကလည်း အင်မတန် ကျယ်ပြန့်တဲ့သဘော ရှိတယ်။ ဆရာဝန်တစ်ယောက်ဟာ ဥပဒေအကြောင်း နားမလည်နိုင်သလို၊ အင်ဂျင်နီယာတစ်ယောက်ကလည်း ရုပ်ရှင်အနုပညာ ဖန်တီးခြင်းအ​ကြောင်း သေချာမသိနိုင်ဘူး။ ဒီပညာတွေမှာ ဘယ်တစ်ခုက ဘယ်တစ်ခုထက် ပိုအရေးကြီးတယ် ဆိုတာလည်း မရှိဘူး။ ဒါကြောင့် ကိုယ့်ပညာနဲ့ ပတ်သက်လို့ တန်ဖိုးထားတဲ့ တစ်ပြိုင်တည်းမှာ တစ်ဖက်လူရဲ့ ပညာကိုလည်း လေးစားပေးဖို့ လိုတယ်။ နောက်ဆုံး ဆရာဝန်ကြီး၊ ပါမောက္ခကြီးမှာတောင် သူ့တပည့်တွေလောက် မသိတဲ့၊ မတတ်တဲ့ အရာတွေ အများကြီး ရှိနေနိုင်တယ်။

ဆက်ဆံရေးတွေမှာ တင်းခံပြီး မပြေမလည် ဖြစ်နေကြတယ် ဆိုတာလည်း ငါ ဆိုတဲ့ အတ္တကို ရှေ့တန်းတင်ထားလို့ပဲ။ နောက်ပြီး သေမယ်ဆိုတာကို မေ့နေကြတာပေါ့။ မနက်ဖြန် ကိုယ် သို့မဟုတ် ကိုယ်နဲ့ အခု ရန်ဖြစ်နေတဲ့၊ ကိုယ်ချစ်ရတဲ့ လူတစ်ယောက်သာ သေရမယ်ဆို ဒီလိုတွေ ဘယ်ပြဿနာဖြစ်နေတော့မလဲ။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်လမ်းကိုယ်သွားနေကြတုန်း လမ်းဆုံမှာ ခဏတွေ့ကြတာပါလားလို့ သဘောပေါက်သွားရင် တအားလည်း သံယောဇဉ် တွယ်မနေတော့သလို တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာအောင် ထားဖို့ပဲ စဉ်းစားမိလာလိမ့်မယ်။

ဒါတွေကတော့ မာနပယ်သတ်နည်းတွေပေါ့။ ပြန်ချုပ်ရရင် မာနက ပညာယူရ ခက်ခဲစေတယ်။ ပရိုမပီသတဲ့သူ ဖြစ်စေတယ်။ ဆက်ဆံရေးတွေမှာ ထိခိုက်စေတယ်။ ကိုယ့်ရဲ့ စိတ်ကိုလည်း မအေးချမ်းစေဘူး။ ကိုယ်မာနတက်နေတဲ့ အရာတစ်ခု မရှိတော့ဘူး ဆိုတဲ့အခါမှာလည်း ပိုပြိုလဲတယ်။ ဒါကြောင့် မှန်သောအသိ၊ မှန်သောဆင်ခြင်မှုတွေနဲ့ ကိုယ့်စိတ်ကို မပြတ်ထိန်းသိမ်းပြုပြင်ပြီး မာနတွေ လျော့နည်းသွားအောင် ကြိုးစားအားထုတ်စေချင်ပါတယ်။

မာန်မာနရဲ့ ဆိုးကျိုးများ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

OpenMoreOnline

Related Posts