ပျောက်သောလမ်းမှာ စမ်းတဝါး အပိုင်း (၅)

မိုးမိုး (အင်းလျား) အပိုင်း (၅)- “သမီး သမီးဖွားဖွားတို့နဲ့ တွေ့ရတော့မယ်၊ သမီးပျော်လားဟင်၊ သမီးဖေဖေကြီးကော” သမီးငယ်သည် ဖေဖေကြီးကော ဟူသောစကားကို ကောင်း ကောင်းနားလည်ဟန်ဖြင့် လက်ကလေးဖြင့် “ဟိုးသွား” ဟု လုပ်ပြပါသည်။ သမီးသည် ရထားစီးရ၍ ပျော်နေပါသည်။ ရထားက လူကြပ်လှသော်လည်း ကျွန်မတို့သားအမိကို ညှာတာစွာ နေရာပေးသူ နှင့်ကြုံရသဖြင့် ထိုင်လိုက်ခဲ့ရသည်။ ကျွန်မပုံသွင်ကလည်း ကလေးငယ် တစ်ယောက်နှင့် ညှိုးညှိုးနွမ်းနွမ်းဖြစ်ကာ သနားစရာလေး ဖြစ်နေ သလားမသိပါ။

“သမီး မေမေတို့ကို လွမ်းလို့လာလည်တာ၊ ကိုကိုလဲ ရုံးက ခွင့်တွေများနေလို့ လိုက်မပို့နိုင်ဘူး မေမေ” ကျွန်မသည် မေမေတို့နှင့်တွေ့လျှင် ပြောမည့်စကားများကို စဉ်းစားလာပါသည်။ ကျွန်မ လုပ်ခဲ့သည်မှာ မှန်သလား၊ မှားသလား မသိပါ။ မည်သူနှင့်မျှလည်း မတိုင်ပင်ခဲ့ပါ။ အိမ်ကို သော့ခတ်ပြီး ထုံးစံအတိုင်း ခေါင်းရင်းအိမ်တွင် အပ်ကာ မြို့ထဲခဏဟုဆိုပြီး ထွက်လာပါသည်။ ဘာပဲဖြစ်ဖြစ် ပဲခူးထိပြန်သွားသည်ဆိုလျှင်တော့ ကိုကို လိုက်ခေါ်တန်ကောင်းပါရဲ့။ “ဟဲ့၊ ဆိုက်ကားပေါ်က ဆင်းလာတာ ဘယ်သူလဲမှတ်တယ်။ မိလိုင်ပါလား၊ ပေးပေး ကလေး၊ အမလေး သမီးကြီးကလဲ လိုက် တာ၊ မောင်ကြည်သာကော မပါဘူးလားတဲ့” ဒေါ်ကြီးက ဝမ်းသာအားရ ဆီးကြိုပါသည်။

“မေမေကော ဟင်” “နောက်ဖေးမှာ” စဉ်းစားလာစဉ်က တစ်မျိုး၊ လက်တွေ့မှာတော့ တစ်မျိုး။ ဒေါ်ကြီးကို မြင်စဉ်ကပင် ကျွန်မ မျက်ရည်ဝဲနေပြီး မေမေ့ကို တွေ့သောအခါတွင်မှ ချုံးပွဲချ၍ ငိုလိုက်မိပါတော့သည်။ကျွန်မသည် အိမ်မှ ထွက်လာရသည့်အကြောင်းရင်းကို မေမေ့ ကို ရေရေရာရာမပြောနိုင်ပါ။ စိတ်ဆိုးသည်၊ စိတ်ကောက်သည်၊ ထို့ကြောင့် ထွက်လာခဲ့သည်။ ဤမျှသာဖြစ်ပါသည်။ ကျွန်မဘယ်လို ပြောပြရမည်လည်း မသိပါ။ တကယ်တော့ ကျွန်မရင်ထဲတွင် ပြောစရာတွေက တစ်ပုံတစ်ပင်ကြီးပါ။ပဲခူးချောင်းသည် တသွင်သွင်စီးဆင်းနေပါသည်။ ကျွန်မတို့ အိမ်သည် ပန်းလှိုင်ရပ်တွင်ရှိ၍ ချောင်းကမ်းပါးဘက်အစွန်းတွင် ရှိနေသည်။ ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လျှင် ကြိုးတံတားကြီး ကို မြင်နေရသည်။ ကျွန်မ ငယ်စဉ်က ကြိုးတံတားကြီးသည် သစ်သား တံတားကြီးသာဖြစ်၍ ကားများဖြတ်သွားလျှင် တဂျုံးဂျုံး မြည်တတ်သည်။ ကျွန်မသည် တံတားပေါ်မှ ဖြတ်သွားတိုင်းချောင်းများကြားမှ ကျွန်မ ခြေထောက်ကလေးများ ကျွံကျသွား မလားဟုပင် အမြဲထင်မှတ် စိုးရိမ်ခဲ့ရသည်။ ယခုတော့လည်း မေမေ့လက်ကိုလွှတ်ကာ ကျွန်မဘဝကို ကျွန်မ တစ်ကိုယ်တည်းလျှောက်ခဲ့မိပါပြီ။ ကျွန်မ မျှော်လင့်အားထားခဲ့သော ချစ်သူ၏ လက်သည်ပင် စွဲမြဲခိုင်မာခြင်းမရှိတော့ပါပေ။

“မှားတယ်၊ သမီးသိပ်မှားတယ်၊ မိန်းကလေးဆိုတာ ဒီလို စိတ်လိုက်မာန်ပါ ဘယ်တော့မှ မလုပ်ရဘူး” မေမေကကျွန်မကို တဖွဖွဆုံးမနေပါသည်။ ကိုကို့ဆီကိုလည်း စာရေးမည် တကဲကဲ လုပ်နေပါသည်။ သို့ မဟုတ်ပါကလည်း ကိုယ့်အိမ်ကိုယ်ပြန်နေ၊ မေမေပါ လိုက်ခဲ့မည်ဟု ဆိုပါသည်။ ဒေါ်ကြီး ကမူ အပျိုကြီးပီပီ “နေစမ်းပါစေအေ၊ ဂျင်းစိမ်းနဲ့မိတ်သလင်ပေါ့၊ သူကြင်နာရင် သူလာလိုက်ခေါ်လိမ့်မယ်’ ဟု ဆိုပါသည်။ဒေါ်ကြီးအနေ နှင့်ကား ကျွန်မတို့အိမ်ထောင်ရေးကို အစကတည်းက အားရကျေနပ် လှသည် မဟုတ်ခဲ့ပါ။ ဒေါ်ကြီးမှာ အပျိုကြီးဖြစ်သော်လည်း မိဘလက်ထက်ကပင် မပူမပင် မကြောင့်မကြ ပြည့်ပြည့်စုံစုံနေခဲ့ ရသူ ဖြစ်သည်။ အိမ်တွင် ဆန် ဆီ စသည်တို့ကို ပိုပိုလျှံလျှံထား၍ သုံးစွဲလာရသူ ဖြစ်သည်။ ငွေကို လိုသည့်အချိန် သုံးနိုင်အောင် အသင့် ဆောင်ထားနိုင်သူမျိုး ဖြစ်သည်။ ကျွန်မတို့လို တစ်လတစ်လ အလျင်မီအောင် မနည်းကြိုးစားနေရသောဘဝမျိုးကို စိတ်ကူး၍ပင် ရပုံမရပါ၊

အိမ်ထောင်ပြုတာ ဘာအဓိပ္ပာယ်ရှိလို့တုန်း၊ ကိုယ့် ဘာသာ နေတာကမှ အေးသေးဟု ဒေါ်ကြီးက သူ့ဝါဒကို အခိုင်အမာ ပြုနေချေပြီ။ကျွန်မ မေမေတို့အိမ်မှာ ၁၅ ရက်ခန့်ကြာခဲ့ပါပြီ။ ကိုကို့ဆီမှ စာတစ်စောင် ရောက်လာခဲ့လေသည်။လှိုင်လှိုင် ပြန်ခဲ့စေချင်သည်။အိမ်ကို အိမ်ရှင်တွေက ရောင်းတော့မလို့တဲ့၊ ကိုကို တို့ ဖယ်ပေးရလိမ့်မယ်၊ အိမ်မှာ ကိုကို ပစ္စည်းတွေ သိမ်း နေရတယ်၊ လှိုင့်ပစ္စည်းတွေပါ၊ ဒါကြောင့် ကိုကို လာမခေါ် နိုင်တော့ဘူး၊ ကိုကိုတို့ နေရေး ထိုင်ရေး ဆွေးနွေးရအောင် မြန်မြန်ပြန်ခဲ့ပါ။ ပြီးတော့ လှိုင်အတွက် အလုပ်ရဖို့လည်း သေချာနေပြီ။သမီးကို သိပ်လွမ်းတယ်ကိုကိုကျွန်မ ထင်သလို ကိုကိုထံမှ လှိုင်ရေ ခုလို ခွဲခွာရတော့ ကိုကို မနေတတ်တော့ပါဘူး၊ လှိုင် ပြန်လာပါတော့၊ ကိုကို လာခေါ် မယ် စသည်ဖြင့် ရေးမထားလေ၍ ကျွန်မ အားငယ်သွားမိပါသည်။ ကျွန်မကို အကဲခတ်နေသော မေမေတို့ကိုလည်း ရဲရဲမကြည့်ဝံ့ပါ။

“သမီးတို့အိမ် ဖယ်ပေးရမယ်တဲ့ မေမေ” ကျွန်မက ထိုမျှသာ ပြောမိသည်။ “ဒီလိုဆို သမီးပြန်မှဖြစ်မှာပေါ့၊ မေမေတို့ လိုက်ခဲ့ရမလား” “နေပါစေတော့ မေမေ၊ သမီးဘာသာ ပြန်ပါ့မယ်” “ဒီလိုဆို ဒို့မြေးလေးထားခဲ့ပါဟယ်၊ ကလေးကလဲ သွေးမှန်း သိလိုက်တာ၊ ဒို့လက်ပေါ်ကကို မဆင်းတော့ဘူးတဲ့၊ မအေတောင် သိပ်မကပ်ဘူး၊ နော် သမီး၊ ဘွားဘွားတို့နဲ့ နေခဲ့နော်” ဒေါ်ကြီးက သမီးကို ထားခဲ့ရန် ပြောပါသည်။ ကျွန်မမှာစဉ်းစားတွေဝေနေရသည်။ ကိုကိုက သမီးကို လွမ်းသည်ဟု ဆိုသည်။ကျွန်မကိုတော့ မလွမ်းဘူးထင်သည်။ သိပ်စိတ်နာနေသည် ထင်ရဲ့ ။ ပြီးတော့ အိမ်မှ ပစ္စည်းတွေကို လှိုင့်ပစ္စည်းတွေပါဟု ဆိုသည်။ ကိုကို့တွင် သည်မာနလေးကလည်း ရှိသည်။ တစ်နေ့ကျရင် လှိုင့် အကြွေးတွေ ပြန်ဆပ်ပါ့မယ်ဟုလည်း ပြောဖူးသေးသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပြန်သွားရန် ဆုံးဖြတ်လိုက်ပါသည်။ သမီးလေးကိုတော့ ခေတ္တထားခဲ့ဦးမှ။

မေမေက ‘ဘယ်နေ့လာမယ် ဆိုတာ စာရေးလိုက်လေ” ဟု တိုက်တွန်းသော်လည်း ကျွန်မ မရေးဖြစ်။ရန်ကုန်ကို ကျွန်မ တစ်ယောက်တည်းပြန်ခဲ့သည်။ လမ်းထဲကို ခြေချမိလျှင်ပင် ကျွန်မ ငိုချင်လာသည်။ သည်အိမ်လေးမှ ဖယ်ပေး ရလျှင် ဘယ်များသွားနေရပါ့မလဲ။ သည်လို စပေါ်မပေးရသည့်အိမ်၊ အိမ်လခသက်သာသည့်အိမ် ဘယ်မှာ ရှိပါတော့မလဲ။ ရန်ကုန်မြို့ တွင်တော့ ဘယ်မှာမှ မရနိုင်တော့။အိမ်ရှေ့တွင် ခြံဝင်းတံခါးပွင့်နေသည်။ သံဇကာတံခါးကို ဂျက်ထိုးထားသည်။ အထဲတွင် လူရှိနေပြီ။ ကိုကိုပဲ ထင်ပါရဲ့။ ကျွန်မ က တံအခါးကို အသာလှုပ်လိုက်သည်။ “ဟဲ မရွှေလှိုင်ပါလား၊ လာခဲ့ ကောင်မလေး၊ နင် တော်တော်ဆိုး၊ တဲ့ ငါ့မြေးလေးကော၊ သူ့ဘွားအေတွေနဲ့ ထားခဲ့သလား၊ ကလေး သနားပါတယ်အေ၊ သူ့ ခမျာ ကြုံရာလူနဲ့ နေရရှာတာပဲ” ခေါင်းရင်းအိမ်မှ အဒေါ်ကြီးက ဆီး၍ပြောရင်း တံခါးလာဖွင့် ပေးပါသည်။

ငါမလဲ ညည်းတို့ပစ္စည်းတွေ သိမ်းပေးနေရတယ်လေ၊ညည်း သွားပြီး မကြာပါဘူး၊ အိမ်ဝယ်မယ့်လူက လာကြည့်ပြီး သဘော ကျတာနဲ့ ဈေးတည့်သွားတာပဲ၊ ခုနစ်ထောင်ထဲရယ်၊ ညည်းတို့ပဲ ဝယ်လိုက်ပါလားအေ” “မဝယ်နိုင်ပါဘူး ဒေါ်ဒေါ်ရယ်၊ ဒေါ်ဒေါ်တစ်ယောက်တည်း လားဟင်” ကျွန်မက ကိုကိုရောဟု တိုက်ရိုက်မမေးဘဲ အိမ်ထဲကို မသိမသာရှာရင်း မေးလိုက်မိပါသည်။ “အေးဟဲ့၊ ဒီနေ့တော့ မောင်ကြည်သာ ရုံးသွားတယ်၊ မနေ့က တော့ မသွားပါဘူး၊ အိမ်ကလဲ လကုန်ရင် လိုချင်တယ်ဆိုတော့ သုံးရက်လား လိုတော့တယ်၊ ချက်ချင်းဖယ်မပေးနဲ့ဦးပေါ့အေ၊ တစ်လ တန်သည် နှစ်လတန်သည် ပြောပြီး နေပါဦးလား” “မနေတော့ပါဘူး ဒေါ်ဒေါ်ရယ်၊ သူတို့လိုချင်တဲ့အချိန်ဖယ်ပေး ပါ့မယ်လို့ ကတိခံပြီး နေနေတာပါ၊ ရှိပါစေတော့” “ဒီလိုဆို ဘယ်ပြောင်းကြမလဲ” ‘ရှာရဦးမှာပေါ့ လေ” “ဒီလိုဆို မောင်ကြည်သာတို့အိမ် နေရမှာပေါ့” “ဟင့်အင်း ဟင့်အင်း၊ မနေပါဘူးဒေါ်ဒေါ်” ကျွန်မက ထိတ်လန့်တကြား ပျာပျာသလဲ ပြန်ပြောလိုက်မိ ပါသည်။

“ဟဲ့ ဒီလိုဆို ဘယ်သွားနေမှာလဲ၊ ပစ္စည်းတွေကကော” “ပစ္စည်းတွေ၊ အင်း ပစ္စည်းတွေ ဟုတ်ပါရဲ့၊ ဘယ်မှာ ထားရပါ့ မလဲ၊ စိတ်ညစ်လိုက်တာ ဒေါ်ဒေါ်ရယ်” ကျွန်မက ကျွန်မ လက်သုံးစကား စိတ်ညစ်လိုက်တာကိုသာ တွင်တွင် ညည်းမိပြန်ပါသည်။ “ညည်းမလဲ စိတ်ညစ်ဖို့ပဲတတ်တယ်၊ ဒီလိုလုပ်၊ ဒီပစ္စည်းတွေ ဒို့ခြံထဲပြောင်းထားခဲ့၊ ညည်းတို့ အဆင်ပြေတဲ့အခါ လာယူပေါ့ ၊ အဝတ်အစားတွေတော့ ယူသွားပေါ့” “ကျေးဇူးပါပဲဒေါ်ဒေါ်ရယ်၊ ကျွန်မ ဒေါ်ဒေါ်ကျေးဇူးကို တစ်သက် မမေ့ပါဘူး” “အေးပါအေ၊ ငါလဲ ညည်းတို့မိသားစုကို သားသမီးလို ခင်ပါတယ်၊ ပြောင်းသွားမယ်ဆိုတာတောင် စိတ်မကောင်းဘူးတဲ့။ ကဲ ကဲ ငါပြန်ဦးမယ်၊ ဒီမှာရော့ အိမ်သော့၊ ထမင်းမစားရသေးရင် လဲ လာစားလေ”ကျွန်မသည် အိမ်ထဲတွင် တစ်ယောက်တည်း ယောင်ချာချာ ထိုင်နေခဲ့မိပါသည်။ ပစ္စည်းများက ဖရိုဖရဲဖြစ်နေသည်။ ကျွန်မ မျှော်လင့်တကြီးဖြင့် တည်ဆောက်ခဲ့ရသော အိမ်ထောင်လေး၊ ကျွန်မနှင့်ကိုကို့အတွက် သုခဘုံလေးသဖွယ် ဖြစ်စေရမည်ဟု ကြုံးဝါး ခဲ့သည့်အိမ်ထောင်လေး၊ ကျွန်မ ခွန်အားရှိသမျှ သပ်ယပ် တင့်တယ်အောင် ကြိုးစားဖန်တီးခဲ့ရသော အိမ်ထောင်လေး။ ခုတော့ ပြိုကွဲ တော့မည်လား။

“လှိုင်” “ကိုကို” ကိုကို ကျွန်မနောက်နားတွင် ရောက်နေသည်မှာ မည်မျှ ကြာပြီမသိ။ ကျွန်မသည် ရုတ်တရက် ထရပ်မိလိုက်ရာ ယိုင်လဲ မတတ်ဖြစ်သွားရသည်။ ကိုကိုက လက်တစ်ဖက်ဖြင့် ထိန်းရင်း ကျွန်မ ပခုံးကို လှမ်းကိုင်လိုက်သည်။ ကျွန်မ ပါးပေါ်တွင် မျက်ရည်များ စီးကျလာသည်။ “မငိုပါနဲ့ လှိုင်ရယ်” ကိုကိုက သည်မျှသာပြောပြီး ကျွန်မပါးပြင်ကို သူ့နဖူးဖြင့် ငုံ့၍ ပွတ်သပ်ပေးကာ မျက်ရည်များကို ခြောက်စေသည်။ “သမီးကော ဟင်” “သမီး သမီးကို မေမေတို့ ခဏခေါ်ထားတယ်” ကျွန်မသည် ကိုကိုရင်ခွင်တွင် ခေါင်းကပ်ကာ ရှိုက်လိုက်မိပြန် ပါသည်။ “လှိုင်က ပြန်သွားဦးမှာမို့လား” ကိုကိုက ကျွန်မ ပခုံးလေးကို တင်းတင်းဆုပ်၍ မေးလာပါ သည်။ ကျွန်မက ခေါင်းကိုသာ ရမ်းခါပြမိသည်။ “ကိုကိုကရော ပြန်သွားစေချင်လို့လား ဟင်” ကိုကိုက ကျွန်မခေါင်းကို ဆွဲမော့လိုက်ကာ စူးစိုက်ကြည့်လိုက် ပါသည်။

“မသွားရပါဘူး လှိုင်ရယ်၊ ကိုကိုနောက်ကိုပဲ လိုက်ခဲ့စေချင်တာပါ” “ဘယ်ကိုလိုက်ရမှာလဲ ကိုကိုရယ်” “ကိုကိုတို့ အိမ်ကိုပါ လှိုင်” ကျွန်မသည် လက်ထပ်သည့်နေ့က ကိုကိုက ကိုကိုတို့အိမ်ကို လိုက်ရန်ခေါ်ခဲ့ဖူးသည်ကို သတိရမိသည်။ ခုလိုအချိန်မျိုးတွင် ကိုကို ကို ကျွန်မ အကြောက်အကန် မငြင်းဆန်ချင်တော့ပါ။ သို့တိုင်အောင် ကိုကိုနှင့်အတူ လိုက်နေဖို့ တော့ ကျွန်မ စိတ်မကူးဝံ့ပါပြီ။ “ကိုကိုရယ် တခြားမှာ အိမ်ရှာပါဦးလား၊ လှိုင့်မှာ ရှိသမျှ လက်ဝတ်လက်စားတွေ အကုန်ချရောင်းပစ်ပါ့မယ်၊ ပြီးတော့လေ ဒီတစ်ခါ လှိုင်တို့အိမ်ထောင်ရေး သာယာအောင်လဲ လှိုင် အစွမ်းကုန်ကြိုးစားပါ့မယ်၊ ပြဿနာမှန်သမျှကိုလဲ လှိုင် တစ်ယောက်တည်းပဲ ဖြေရှင်းပါ့မယ်၊ ကိုယ့်အိမ်ထောင်လေးနဲ့ ကိုယ် နေရတဲ့အရသာဟာ ဘာနဲ့မှ မတူပါဘူး၊ ကိုကိုအလုပ်က ပြန်လာရင် သင်ဖြူးလေး ခင်းပြီး ရေနွေးကြမ်းအိုးလေးဘေးချ၊ သားနဲ့ မယားနဲ့ စကားအေးအေး ဆိုရတာကိုက အရသာတစ်ခုပဲ မဟုတ်လားကိုကို”

“လှိုင်ပြောတာတွေ မှန်ပါတယ် လှိုင်၊ ကိုကို့ဘက်က ချွတ် ယွင်းခဲ့တာတွေလဲ ကိုကိုသိပါတယ်၊ ကိုကိုလဲ ပြုပြင်နိုင်ပါတယ်။ အိမ်ထောင်တစ်ခုမှာ ပြဿနာဆိုတာလဲ အမြဲရှိနေမှာပဲဆိုတာ ကိုကို နားလည်ပါတယ်၊ ဒါပေမယ့် လှိုင်၊ ခုအိမ်မှာ ဘွားမြင့်လဲ နေမကောင်း ဘူး၊ အစ်ကိုကြီး ကိုထွန်းသာတို့လဲ နယ်ကို ပြောင်းသွားရတယ်။ ကြီးကြီးသူဇာက ကိုကိုတို့ကို ပြန်လာစေချင်တယ်။ ဒီတစ်ခါတော့ ကြီးကြီးသူဇာတို့ စကားကို နားထောင်ချင်တယ်” အရင်တစ်ခါကတော့ ကြီးကြီးသူဇာစကားကို နားမထောင်ဘဲ ကျွန်မ အလိုကို လိုက်ခဲ့သည်ဟု ကိုကိုဆိုလိုလေသလား မသိပါ။ကျွန်မသည် ဖုန်တသောသော ထနေသောအိပ်ရာကိုလှဲကျင်း ပြင်ဆင်ရင်း ကိုကိုနှင့် လိုက်နေရ ကောင်းနိုးနိုး၊ အဆောင်မှာ သွားနေရကားနိုးနိုး စဉ်းစားနေမိပါသည်။ “စဉ်းစားသေးတာပေါ့ ကိုကိုရယ်” ကိုကိုသည် ကျွန်မကို ရင်ခွင်ထက်တွင် တယုတယထား၍ သိပ်ပါသည်။ ဤညသည်ကျွန်မတို့အတွက် တတိယမြောက်မင်္ဂလာဦး ညပါပဲ။

၁၉၇၃ ခု၊ ဂျူလိုင်လ ၆ ရက်။သည်နေ့သည် ကျွန်မအလုပ်စဝင်သည့်နေ့။ အိမ်မှပြောင်းရွှေ့ ပေးရသည့်နေ့ သို့မဟုတ် ကျွန်မ တည်ဆောက်ခဲ့သော အိမ်ထောင် လေး ပြိုကွဲသွားရသည့်နေ့။ ကျွန်မသည် အလုပ်စဝင်ရန် ကိုကိုနှင့်အတူ မြို့ထဲသို့ထွက်ခဲ့ ပါသည်။ ကျွန်မတို့ပစ္စည်းများကို ခေါင်းရင်းခြံထဲသို့ မနေ့ကပင် ရွှေ့ပြောင်းထားခဲ့ပြီးပါပြီ။ ကျွန်မ အဝတ်အစားသေတ္တာ တစ်လုံး ကိုလည်း အဆောင်မှာ ဝင်ထားခဲ့ပါသည်။ ကိုကိုက သူ့ အဝတ် အစားများကို ကျွန်မ ပဲခူးသွားနေစဉ်ကတည်းက သူ့အိမ်သို့ သယ်သွားခဲ့ပေပြီ။ “ရုံးဆင်းရင် လှိုင် ဘယ်ကို ပြန်မှာလဲ” “ကိုကို့ဆီကို လာခဲ့ပါမယ်၊ ကိုကိုကရော ဘယ်ကစောင့်နေမှာလဲ ?“အိမ်က” “ကောင်းပါပြီလေ” “လှိုင် ဆုံးဖြတ်ပြီးပြီလား” ကျွန်မက ခေါင်းကိုသာ အသာအယာ ခါပြမိသည်။

ယနေ့ ကျွန်မ ၁၃ဝကျပ် ဝင်ငွေရသော စာရေးမတစ်ယောက် ဖြစ်ခဲ့ပါပြီ။ နောင်ခြောက်လလောက်ကြာလျှင်တော့ သည်ထက် အခြေအနေ ပိုကောင်းတန်ရဲ့ ဟု အောက်မေ့ရသည်။ တကယ်တော့ ကျွန်မသည် ယခုလိုအခြေအနေလောက်တွင်မှ လက်ထပ်ခဲ့ဖို့သင့် သည်။ တစ်ချိန်က ကိုကိုနှင့်ကျွန်မ ချစ်တာတစ်ခုတည်းနှင့် လက်ထပ်ခဲ့ သည်။ ဆီတွေ၊ ဆန်တွေအကြောင်း ထည့်မစဉ်းစားခဲ့။ ခုတော့ လူ့ဘဝအကြောင်းကို အတော်လေး နားလည်ခဲ့ရပြီ။ ကျွန်မရုံးမှဆင်းသည်ဆိုလျှင်ပင် ကိုကိုတို့အိမ်သို့ လာခဲ့ပါ သည်။ ကိုကိုပြန်မရောက်သေးပါ။ ဘွားမြင့်ကို ကျွန်မသွားနှုတ်ဆတ် ပါသည်။

“ဘွားမြင့် နေကောင်းလား” “ကောင်းကောင်း နေမကောင်းလှပါဘူးအေ၊ ဒါနဲ့ ညည်း အလုပ်ရပြီနော်” ဟုတ်ကဲ့” “ဟဲ့ သမီး မသူဇာ၊ ဒီမှာ နီနီလှိုင် လာပြီ” ဘွားမြင့်ပြောပုံက ကျွန်မကို ဒေါ်သူဇာက စောင့်နေသည့် ပုံမျိုး ဖြစ်သည်။ ဒေါ်သူဇာသည် မျက်နှာထားမှန်မှန်ဖြင့် ဝင်လာသည်။ “နီနီလှိုင်တို့အိမ်လဲ ဖယ်ပေးလိုက်ရပြီ မဟုတ်လား” “ဟုတ်ကဲ့ ကြီးကြီး” “ ဒီတော့ ဘယ်မှာနေကြမလဲ” ကြီးကြီးသူဇာစကားကို ကျွန်မအံ့သြသွားမိပါသည်။ ကျွန်မ အထင်တော့ ဒီလိုဆိုလည်း ပြောင်းလာကြလေ၊ မောင်ထွန်းသာတို့လဲ မရှိတော့ဘူး စသဖြင့် ကိုကိုပြောသလို လိုလိုလားလား ပြန်ခေါ် မည်ဟု ထင်ခဲ့သည်။ ယခုတော့ကြီးကြီးသူဇာသည် အထက်စီးနှင့် စကားပြောတတ်သော ညာဉ်ကို လုံးဝမစွန့်လွှတ်ချေတကား။

ကျွန်မ က ကျွန်မတို့ ဒီမှာပဲ လာပြန်နေပါရစေဟု ပြောလာစေချင်ပုံရသည်။ ပြီးတော့ ကျွန်မကို တစ်သက်လုံး နိုင်ကွက်နှင့် ဆက်ဆံပေဦးမည်။ကျွန်မ၏ ငုပ်လျှိုးနေသော မာနကလေးသည် ဝုန်းကန်ပြန် ထလာပြန်ပါပြီ။ တကယ်တော့ ကျွန်မ ရေရေရာရာဘာကိုမျှ မဆုံး ဖြတ်ရသေးပါ။ ကြီးကြီးသူဇာတို့ကသာ ကျွန်မကို နည်းနည်းလေး လိုလားဟန် ပြမည်ဆိုလျှင် ကျွန်မနေရန် ဆုံးဖြတ်မိမည်သာ ဖြစ် ပါသည်။ “လှိုင် အိမ်ရှာလို့ မရမချင်း အဆောင်မှာပဲနေပါ့မယ် ကြီးကြီး၊ အိမ်ကိုလဲ လှိုင့်ဖာသာ ရအောင်ရှာပါ့မယ်၊ ကိုကို့အနေနဲ့ကတော့ သူ့သဘောတစ်ခုပါ၊ လှိုင်ပြန်ပါဦးမယ်၊ ဘွားမြင့် လှိုင်ပြန်တော့မယ်” ကျွန်မသည် ဆတ်ဆတ်ထိ မခံတတ်သော မာနလေးဖြင့် ထပြန်လာခဲ့မိပါသည်။ ကြီးကြီးသူဇာသည် ကျွန်မ၏ မာနကို ချိုးနှိမ်လိုဟန်ရှိပါသည်။ ကိုကို့ကိုလည်း ကျွန်မနှင့် မတူမတန်ဟု သဘောထားပုံရပါသည်။ ယောက်ျားလေးရှင်မို့လည်း တင်းနိုင်ပေ မည်။ သည်လို ပုံစံနဲ့တော့ ကြာရှည်နေလို့ ဖြစ်မည်မထင်ပါ။ တစ်နေ့မဟုတ် တစ်နေ့ ပြဿနာပေါ်ပါလိမ့်ဦးမည်။

“ဘယ်လိုလဲဟေ့ အဆင်ပြေခဲ့လား” “မပြေပါဘူးကွာ၊ အဲ ပြေပါတယ်လေ” ကျွန်မသည် မြမြသင်းက အလုပ်ဝင်ခဲ့ရသည့်အကြောင်း မေးလာသည်ကို ရုတ်တရက် ကျွန်မအတွေးနှင့်ကျွန်မ ဖြေမိရာ ဖြေပြီးမှ ပြင်ပြောလိုက်ရသည်ကို မြမြသင်းမှာ အူကြောင်ကြောင် ဖြစ်သွားရှာပါသည်။ “ဘယ်လိုလဲဟ လှိုင့်ဟာကလဲ၊ ဒါနဲ့ လှိုင် ခင်အေးရီတို့ အခန်းမှာ နေရလိမ့်မယ်၊ ကြည်မေဦးအခန်းမှာ သီတာနွယ် ရောက် နေပြီ” “ဘယ်မှာ နေရနေရ လှိုင့်အတွက်တော့ မထူးပါဘူး” မြမြသင်းသည် ကျွန်မ အခြေအနေကို ရိပ်မိသိရှိပါသည်။ ကျွန်မအား မနက်ကပင် မြမြသင်းက ကိုကိုနှင့် လိုက်နေရန် တိုက်တွန်းသည်ကို ကြီးကြီးသူဇာတို့နှင့် သွားတွေ့ပြီးမှ ဆုံးဖြတ် မယ်ဟု ပြောခဲ့သည်ကို သတိရနေပါလိမ့်မည်။

အိမ်ထောင်ပြုပြီးပြီ ဆိုမှတော့ အတူတူနေကြတာအကောင်း ဆုံးပဲလှိုင်၊ နေ့လယ်က ကိုကြည်သာ ကိုယ့်ဆီကို ဖုန်းဆက်တယ်။ လှိုင့်ကို အိမ်မှာ လိုက်နေဖို့ နားချပေးပါတဲ့၊ မြမြစကားကို သူနား ထောင်မှာတဲ့” “ကိုကိုဟာ ကြီးကြီးသူဇာဩဇာကို မလွန်ဆန်ဝံ့ဘူး၊ ပြီးတော့ ကိုကို သတ္တိမရှိဘူး” “ဟုတ်လား၊ ဘယ်လို သတ္တိမရှိတာလဲ” “အိမ်ထောင်တစ်ခုကို ယောက်ျားပီပီဦးဆောင်နိုင်တဲ့ သတ္တိပေါ့” “ကဲပါလေ၊ လှိုင် ခေါင်းအေးအေးထားပြီး စဉ်းစားပါဦး” “လှိုင် ဒီမှာ ခဏအိပ်မယ်ကွာ” ကျွန်မက ပြောပြောဆိုဆို မြမြသင်းအိပ်ရာပေါ်မှာ ပစ်လှဲ လိုက်သည်။ ကျွန်မ ကျောအောက်တွင် တစ်စုံတစ်ခုက ခုနေသဖြင့် ဆွဲယူလိုက်ရာ ဝတ္တုစာအုပ်တစ်အုပ် တွေ့ရပါသည်။

“မေတ္တာဝင်္ကပါ၊ မြဝတ်ရည်” “ဟယ် မြမြ၊ မင်း မင်း ဝတ္ထုစာအုပ်တွေ ဘာတွေ ထွက်နေပြီ ဟုတ်လား” “အေး ဟုတ်တယ်၊ အရင်လက ထွက်တာ၊ ဒီလ တစ်အုပ်ထွက်မယ်” ကျွန်မသည်မြမြသင်းကို ဝမ်းသာအားရ ဖက်တွယ်ထားလိုက်မိသည်။ “ဝမ်းသာလိုက်တာဟယ် လှိုင်လဲ ကိုယ့်အပူနဲ့ ကိုယ်မို့ သူငယ်ချင်းကြီး တစ်ယောက်လုံးလုံး စာရေးဆရာ ဖြစ်လာတာကို သတိမထားလိုက်မိဘူး၊ တကယ် တကယ်” မြမြသင်း ကိုယ်စား ကျွန်မတကယ်ပင် ဝမ်းသာမိပါသည်။ လောကတွင် ကိုယ်ဖြစ်ချင်သည့်အရာကို အောင်မြင်စွာ အရောက် လှမ်းနိုင်ခြင်းမှာ မည်မျှ ကျေနပ်စရာ ကောင်းပါသလဲ။

“ကိုယ်လဲ အေးအေးဆေးဆေးမှပြောမလို့ပါပဲ၊ မင်းပြောသလို စာရေးဆရာတော့ မဖြစ်သေးပါဘူးကွာ၊ အစ ရှိပါသေးတယ်” “ဘာပဲဖြစ်ဖြစ် မင်းကို လှိုင်ချီးကျူးပါတယ်၊ မင်း လိုချင်တဲ့ ပန်းတိုင် ရောက်အောင် ကြိုးစားနိုင်တယ်နော်၊ တော်ပါပေတယ်။ မင်းဝတ္ထုတွေ မဂ္ဂဇင်းတွေထဲမှာ ပါတာတော့ သိပါရဲ့၊ ဒီလောက် မြန်မြန်နဲ့ လုံးချင်းထုတ်ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး” “ကိုယ်ဝါသနာပါတာဆိုတော့ ကြိုးစားရတာပေါ့ကွာ၊ အလုပ် လုပ်ဖို့ကျတော့ ကိုယ်လဲ ထိထိရောက်ရောက် မလိုက်လို့ ခုထိ သုံးကျပ်ရှစ်ဆယ့်ငါးပြားက မတက်တာပဲကြည့်” “အို လောကမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ရဖို့က အဓိကပါကွာ၊ လိုရာ မရောက်ဘဲ လှေလှော်ရင်း တက်ကျိုးရတာတွေ တစ်ပုံ ကြီး၊ ကိုယ်ဆိုရင် အိမ်ထောင်တစ်ခုကို သာယာချမ်းမြေ့အောင် ဖန်တီးနိုင်တဲ့ အိမ်ထောင်ရှင်မကြီး တစ်ယောက် ဖြစ်ချင်တာ။ တကယ်တန်းကျတော့ ကိုယ် ဇွဲမရှိဘူး” “မင်း ပြင်ရင် ရပါသေးတယ် လှိုင်၊ ကြည်မေဦးတောင် ပြင်လို့ ရသွားပြီ” “ကြည်မေဦး ဟုတ်လား” “ဟုတ်တယ်၊ ကြည်မေဦး လက်ထပ်တော့မယ်” “အို ဝမ်းသာစရာတွေချည်းပါပဲ၊ ဘယ်သူနဲ့လဲ” “သူ့ အစ်ကိုရဲ့ မိတ်ဆွေတစ်ယောက်ပဲ၊ သူ့ထက်တော့ အသက်ကြီးတယ်၊ လူပျိုအရာရှိကြီးပါ” “ကောင်းပါလေရဲ့ ကွာ၊ မနက်မှပဲ ကြည်မေဦးကို သွားတွေ့ တော့မယ်၊ ကိုယ့်မှာ စိတ်ညစ်စရာတွေကြားထဲက ဝမ်းသာစရာတွေ ကြားနေရတယ်၊ ဒါနဲ့ မင်းစာအုပ်က ဘယ်က ထုတ်ပေးတာလဲ”“ကိုညိုသွေးကို သိတယ်မဟုတ်လား” “သိပါသော်ကောကွာ” “သူ့ အသိ ပတ်ဘလစ်ရှာ တစ်ယောက်ပဲ”“ကောင်းတယ် ကောင်းတယ်၊ လောကမှာကိုယ့်ရည်မှန်းချက် ကို အပျက်အစီး အတိမ်းအစောင်းမခံရဘဲ ရအောင် ကြိုးစားနိုင်တဲ့ မိန်းကလေးဟာ သတိအရှိဆုံးပဲ၊ တကယ့်ကို ချီးကျူးပါတယ်ကွာ”နောက်နေ့ အိပ်ရာမှ နိုးနိုးချင်း ကျွန်မအတွက် တယ်လီဖုန်း လာပါသည်။

ကျွန်မရောက်နေမှန်း မသိသော အိမ်ရှင်အန်တီပင် အံ့အားသင့်သွားသည်။ ကျွန်မက ခဏလာလယ်တာပါဟု ပြောလိုက် မိသည်။ “နီနီလှိုင်ပါရှင်” “ကိုကိုပါ လှိုင်” “လှိုင် မနေ့က အိမ်ကို ဝင်သွားတယ်ဆို” “ဟုတ်တယ် ကိုကို” “လှိုင် ဘယ်လိုဆုံးဖြတ်သလဲ လှိုင်၊ အိမ်မရမချင်း အဆောင် မှာပဲ နေမယ်လို့ပြောသွားတယ်ဆို၊ ခုဆိုရင် လှိုင်ဟာ အပျိုလေး မဟုတ်တော့ဘူး၊ ကလေးတစ်ယောက်အမေ ဖြစ်နေပြီ၊ မသင့်တော်ပါဘူး လှိုင်တစ်ယောက်တည်းနေလို့” “လှိုင် တစ်ယောက်တည်းနေလို့ မတင့်တယ်ရင် မေမေတို့ ဆီ ပြန်ပို့မယ် ကိုကို” “လှိုင်ရယ် မာနလေးကို တစ်ထစ်လျှော့ပါဦး” “ကိုကိုလဲ သတ္တိလေး နည်းနည်းမွေးပါဦး” “ကောင်းပါပြီလေ၊ လှိုင် ဖြစ်စေချင်တဲ့ မိန်းမတစ်ယောက်က အားကိုးအားထား ပြုနိုင်တဲ့ယောက်ျားတစ်ယောက် ဖြစ်လာအောင် ကိုကိုကြိုးစားပါ့မယ်၊ ဒါပါပဲ လှိုင်၊ အလုပ်ဝင်ရတာ အဆင်ပြေ တယ်နော်” “ဟုတ်ကဲ့၊ အဆင်ပြေပါတယ်၊ ဪ ဒါနဲ့ ကိုကို” “ပြောပါလှိုင်” “လှိုင် စနေနေ့ကျရင် ပဲခူးပြန်မယ်၊ သမီးဆီ လိုက်လယ်ဦးမလား” “လိုက်လယ်မယ်လေ၊ ဒါပဲနော်” “ဟုတ်ကဲ့” ကျွန်မသည် တယ်လီဖုန်းကို လေးကန်စွာ ချလိုက်ပါသည်။

အန်တီတို့ လာတော့ နီနီလှိုင် မရှိဘူးနော်၊ အန်တီညီမ ကလဲ သူတို့ တော်တော်နဲ့ ပြန်ပြောင်းလာနိုင်မှာ မဟုတ်သေးဘူး၊ ငွေလဲလိုနေလို့ ရောင်းချင်တယ်ဆိုတာနဲ့ကွယ်” အန်တီက ကျွန်မတို့ နေခဲ့သည့် အိမ်လေးကို ပြန်ရောင်းလိုက် ရသည့်ကိစ္စအတွက် ပြောနေပါသည်။ ထိုအခိုက် တယ်လီဖုန်းက မြည်လာသည်။ သီတာနွယ်နဲ့ စကားပြောချင်လို့ပါတဲ့။ ယောက်ျား တစ်ယောက်အသံဖြစ်သည်။ ကျွန်မက သီတာနွယ်ကိုသွားခေါ်ပေးရင်း ကြည်မေဦးကို တွေ့ရသည်။ “ကွန်ဂရက်ကျူလေးရှင်း မေဦး၊ မင်းလက်ထပ်တော့မယ်ဆို” ကြည်မေဦး၏ စားပွဲပေါ်တွင် ခါတိုင်းလို စီးကရက်တိုများ ပွမနေတော့ဘဲ ဖဲပွင့်လုပ်သည့် ပလပ်စတစ် ကြိုးလေးများ၊ နိုင်လွန်စများ ပွနေပေသည်။ “ယူပြောသလိုပဲ သတ်သတ်မှတ်မှတ် ရွေးချယ်လိုက်ပြီလေ” မေဦးက အပြုံးတစ်ဝက်ဖြင့် ကျွန်မကို ပြောလိုက်ပါသည်။ ဤနေရာတွင်တော့ မေဦးသည် ဦးနှောက်ကို အသုံးပြုလိုက်ပြီ ထင်ပါသည်။ တကယ်တော့ သူချာလီကို တကယ်ချစ်နေမှန်း ကျွန်မသိပါသည်။ ဘာပဲဖြစ်ဖြစ် ကြည်မေဦးတို့လို အစစပြည့်စုံ သည့် အထက်တန်းလွှာများအဖို့တော့ ရေကန်အသင့် ကြာအသင့် ဘာလုပ်လုပ် တင့်တယ်ပေသည်။ တော်ရုံနှင့်တော့ တိမ်းစောင်း မသွားနိုင်ချေ။ သတိလေး နည်းနည်းရှိလျှင် ဖြစ်သည်သာ။ထိုအခိုက်သီတာနွယ်က ပြန်ဝင်လာသည်။

“အဘိုးကြီးက ကိုးနာရီခွဲပွဲ ကြည့်ရအောင်တဲ့လေ၊ နွယ်က ဖိုးသာကျော်နဲ့ ချိန်းပြီးသားဖြစ်နေလို့ မနည်းညာလိုက်ရတယ်၊ နေ မကောင်းလွန်းလို့ပါလို့” သီတာနွယ်က ဟန်ပါပါဖြင့် ပြောပြနေသည်။ ကြည်မေဦးဆီ က ပညာတွေကို အကုန်ယူထားလိုက်ပြီ ထင်သည်။ ကြည်မေဦး သည် တယ်လီဖုန်းတစ်လုံးကို အသုံးချကာ ခြံထဲကို ကားတစ်စီးနှင့် တစ်စီး လာမဆုံမိစေရန် စီစဉ်သည့်နေရာတွင် အလွန်ကျွမ်းကျင် ပေသည်။ ကားတစ်စီးနှင့် ကြည်မေဦးပြန်ရောက်လာပြီး ၁၅ မိနစ် ခန့်အကြာတွင် နောက်တစ်စီး ရောက်လာတတ်သည်။ နောက်တစ်စီး ပြန်ထွက်သွားပြီး ငါးမိနစ်ခန့် အကြာတွင် နောက်တစ်ယောက် ရောက်လာသည်။ အမေရိကန်မှ လွှတ်သော ဂြိုဟ်တုနှင့် ရုရှားမှ လာသော ဂြိုဟ်တုတို့သာ အာကာသတွင် တိုက်မိချင် တိုက်မိကြမည်။ ကြည်မေဦး စီစဉ်ချိန်းဆိုထားသော လူများ၊ ကားများ၊ မော်တော် ဆိုင်ကယ်များသည် သီရိမြိုင်တွင် မည်သည့်အခါမျှ မဆုံမိကြပါချေ။သီတာနွယ်ကို ကြည့်ရသည်မှာမူ အရွယ်မရောက်သေးသော ယောက်ျားလေးတစ်ယောက်က တကယ့်ကာလသားကြီးဟန်ပန်ကို ယူ၍ စီးကရက်လက်ကြားညှပ်ထားပုံနှင့် တူလှပေသည်။ သူမသည် ဂင်္ဂါမြစ်ကို အလျားလိုက် ကူးရန် ကြိုးစားနေချေသည်တကား။

သီတာနွယ်၏ မိဘများသည် ဆင်းရဲချို့တဲ့သော သာမန် လူတန်းစား သာ ဖြစ်၍ သမီးလေး ပညာတတ်စေရန် အားကိုးတကြီးဖြင့် တက္ကသိုလ်သို့ စေလွှတ်လိုက်ခြင်းသာ ဖြစ်ပေသည်။ ခုတော့ သီတာနွယ်က သူ့ဝမ်း သူကျောင်းနေချေပြီ။ “မေဦးရေ ကိုယ့်ကို တစ်ခုကူညီစမ်းပါ” ကျွန်မ စကားမစပ် ကြည်မေဦးကို ပြောလိုက်မိသည်။ ကြည်မေဦး၏အစ်ကိုသည် အရေးပါသော ဌာနတစ်ခုမှ အရာရှိကြီး တစ်ဦးဖြစ်သည်ကို သတိရလိုက်မိ၍ ဖြစ်သည်။ “ပြောလေ ဘာများလဲ” မေဦးက ဖဲပွင့်တစ်ခုကို အစသပ်လိုက်ရင်း ပြန်မေးသည်။ “ကိုယ့်ကို ပဲခူးကို အလုပ်ပြောင်းရအောင် လုပ်ပေးစမ်းပါ ကွာ၊ မင်းက အဆက်အသွယ် များတယ်” ကြည်မေဦးက ကျွန်မကို မျက်ခုံးတစ်ချက် ပင့်ကြည့်သည်။

“ဘယ့်နှယ် အလုပ်မှ လုပ်မယ် မကြံသေးဘူး ပြောင်းချင် ပြီလား၊ ကိုကြည်သာအတွက်ပါ ပြောပေးရမှာလား” “ကိုယ့်တစ်ယောက်တည်း အတွက်ပါ” “ယူတို့ သိပ်အဆင်မပြေကြဘူး ထင်တယ်၊ ကိုယ်တော့ အဲလိုသာဖြစ်နေရင် မြန်မြန်ကွာပစ်လိုက်မှာပဲ၊ အို နိုးနိုး၊ ကိုယ့် အယူအဆကို ပြောတာပါနော်၊ ယူကတော့ စွဲမြဲတည်ကြည်တဲ့ မိန်းကလေးဆိုတော့ ဒီအတိုင်းပဲ ကောင်းပါတယ်” “လှိုင် နားလည်ပါတယ်ကွယ်၊ လှိုင်သွားမယ်နော် ရုံးတက်ရဦးမယ်” “ဘယ်လိုလဲသမီးရယ်၊ သမီးတို့ အိမ်ထောင်ရေး အဆင်မပြေသေး ဘူးလား၊ မိန်းမဆိုတာ တံခွန်နဲ့ကုက္ကား၊ ယောက်ျားရှိမှ တင့်တယ် သတဲ့၊ မြန်မာအမျိုးသမီးတွေဟာ တစ်ခုလပ်ဆိုတဲ့ နာမည်ကို အလေးအမြတ်မထားကြဘူး သမီး၊ သမီးစဉ်းစားစေချင်တယ်” `ဟုတ်ကဲ့ပါ မေမေ၊ သူနဲ့ လိုက်နေနိုင်အောင် သမီးစိတ်ကို သမီး ကြိုးစားဆုံးမနေပါတယ်” ‘ရင့်ကျက်တဲ့ မိန်းကလေးဆိုတာ အရာရာမှာ ဦးနှောက်ကို ဦးစားပေးရပါတယ်ကွယ်၊ ပြီးတော့ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရသတဲ့၊ မောင်ကြည်သာလဲ မေမေသိသလောက် မဆိုးရှာပါဘူး၊ ယောက်ျားများ ကိုယ့်အပေါ် သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းရင် တော်လှပြီ အောက်မေ့ရတာ သမီးရဲ့” ကျွန်မသည် အရက်သမား၊ ဖဲသမား အလေမလိုက်လျှင် တော်ပြီ၊ ကိုယ်ကပဲ ရှာကျွေးရရှာကျွေးရဟု သဘောထားသူ မိန်းမ များ တစ်ပုံတစ်ပင် ရှိနေသည်ဟု ကိုကိုက ပြောဖူးသည်ကို သတိရ မိပါသည်။

တကယ်တန်းကျတော့ ကိုကို ပဲခူးကို လိုက်မလာခဲ့ပါ။ သမီးသည်ပင် ဘွားအေးကို ကပ်ချွဲတတ်နေပါပြီ။ ကျွန်မမှာသာ တွေဝေသောနှလုံးသားဖြင့် ရန်ကုန် ပြန်ခဲ့ရပြန်ပါသည်။ အလုပ် ကလည်း မလုပ်ချင်သည့် အချိန်မှာမှ ရခဲ့ရသည်။ ကျွန်မ ဘယ်နေရာ မှာမှ မပျော်နိုင်တော့ပါ။သို့သော် ကြည်မေဦး၏ လက်ထပ်ပွဲတွင်တော့ အပျော်ကြီး ပျော်မိပါသည်။ ကြည်မေဦးသည် သတို့သား၏ အင်းလျားလမ်းရှိ တစ်ထပ်တိုက်ကလေးရှေ့ မြက်ခင်းပြင်တွင် မင်္ဂလာဧည့်ခံပွဲကျင်းပ ပါသည်။ လူများများစားစားမဖိတ်သည့်တိုင် မင်းစိုးရာဇာစုံလင်လှ သည် ။အစားအသောက်ကလည်း ကောင်းသည် ။ ပြီးတော့ လူငယ်တွေအတွက် ကပွဲကလည်းပါသည်။ ။“ဟောဒါက မေဦးရဲ့ အချစ်ဆုံး သူငယ်ချင်း နီနီလှိုင်တဲ့မေဦး၏ ခင်ပွန်းလောင်းက ဖော်ရွေစွာပြုံးပြပြီး ခေါင်းကို ညွှတ်ကာ အသိအမှတ်ပြုလာပါသည်။

“ဒါကတော့ အစ်ကိုကြီး သိပြီးပါပြီ၊ သီတာနွယ်တဲ့လေ” သီတာနွယ်က သွက်လက်စွာ လက်တစ်ဖက်ကို လှမ်းပေး ပါသည်။ “သိပ်ကို လှတဲ့ သီတာနွယ်ပါပဲ ခင်ဗျာ” သတို့သားက သီတာနွယ့် လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင် လှုပ်ရမ်းလိုက်ရင်း ချီးကျူးလိုက်ပါသည်။ “ကျေးဇူးတင်ပါတယ် ရှင်” သီတာနွယ်က လဲ့လဲ့လေးပြုံး၍ ဣန္ဒရရ ပြန်ပြောလိုက်သည်။ သီတာနွယ့်အဆင်အပြင်သည် ခေတ်မီ ဆန်းပြားပြီး သူ့ အသွင် နှင့်လည်း လိုက်ဖက်အဆင်ပြေနေသည်။ သည်ပွဲတွင် ပရိသတ် အပေါင်း၏ မျက်လုံးများသည် သီတာနွယ့်ဆီတွင်သာ ဝဲနေကြ သည်။ “သီတာနွယ်က ကဦးမှာ၊ လှိုင် ပြန်ချင်ရင် ပြန်ပို့ပေးမယ်လေ” “ဒီလိုဆို လှိုင် ပြန်တော့မယ်” “အစ်ကိုကြီး လှိုင့်ကိုပြန်ပို့ရအောင် ဘယ်သူ့ကားအားလဲဟင်” “ဟိုကောင် ခင်မောင်ဦး အားနေတယ်” ။ကြည်မေဦး၏ လက်ထပ်ပွဲကို အဆောင်မှ ကျွန်မနှင့် သီတာနွယ် နှစ်ယောက်တည်း လာရောက်ခဲ့သည်။ မြမြသင်းက ဝတ္ထုနိဂုံးချုပ် အရေးတကြီး ရေးရမည်ဆိုကာ မလိုက်လာနိုင်ခဲ့။ ကျန်လူများက သိပ်မလိုက်ချင်ကြ။ ကြည်မေဦးကလည်း လှိုက်လှိုက် လှဲလှဲ မဖိတ်ခေါ်ခဲ့၍ ထင်သည်။ ထို့ကြောင့် ကျွန်မတစ်ယောက်တည်း ပြန်ခဲ့ရသည်။

“ရှေ့ခန်းမှာပဲ ထိုင်ပါ ခင်ဗျား” တစ်ဖက်သားက ပြောလာ၍ ရိုင်းမည်စိုးသဖြင့် ရှေ့ခန်းမှာပင် ထိုင်လိုက်ခဲ့ရသည်။ ရှစ်နာရီ ကျော်ပေပြီ။အဆောင်ရှေ့တွင် ကားကို ထိုးရပ်လိုက်သည် ဆိုလျှင်ပင် ကားမီးရောင်ဖြင့် ပေါ်တီကိုအောက်တွင် ရပ်နေသော ကိုကို့ ကို တွေ့ရပါသည်။ “လှိုင် မေဦးရဲ့ မင်္ဂလာဧည့်ခံပွဲကို သွားနေတာ၊ ကိုကိုရောက် နေတာ ကြာပြီလား” “မြမြပြောပါတယ်၊ လှိုင်တစ်ယောက်တည်းလား” “သွားတုန်းကတော့ သီတာနွယ်နဲ့ နှစ်ယောက်ပါ၊ သူကနေခဲ့လို့” “သီတာနွယ်ဆိုတာ ဟို ဟို စီဖြစ်နေတဲ့ ကောင်မလေးလား” “အို ကိုကိုကလဲ၊ သူများ သားသမီးကို မဦးမချွတ်” “လှိုင်မှ မသိဘဲ၊ ဒီကောင်မလေး သိပ် နာမည်ကြီးနေတာ၊ ကိုကိုတို့ရုံးမှာတောင် ပြောနေကြတယ်၊ ထားပါတော့လေ ခု ကိုးနာရီလဲ ထိုးနေပြီ၊ ကိုကို ပြန်တော့မယ်” “ကိုကို ဘာ ပြောစရာရှိလို့လဲ ဟင်” “ဘာမှ ပြောစရာ မရှိပါဘူး၊ ဘွားမြင့် တော်တော်နေမကောင်း ဖြစ်နေတယ်၊ လှိုင် လာခဲ့မလား” ကျွန်မစိတ်ထဲမှာ ကိုကို လှိုင့်ကို သတိရလို့ လာတာ” ဟု ပြောစေချင်သည်။

“လှိုင် လာကြည့်ပါမယ် ကိုကို” “ကိုကို သွားမယ်” ကျွန်မသည် ကိုကို့ကို ခြံတံခါးအထိ လိုက်ပို့ပါသည်။ ကိုကိုက ခြံဝရောက်မှ ကျွန်မလက်ကလေးကို ဆုပ်ကိုင်ပြီး “ကိုကို သွားမယ်” ဟု နှုတ်ဆက်သည်။ ကျွန်မမျက်လုံးတွင် မျက်ရည်များ ဝဲဆူနေသည်ကို ကိုကိုမြင်မှ မြင်ရပါလေစ။ “ဒီအစလေးက လက်ငင်းပေးရင် ၂၈ကျပ်၊ တစ်လဆိုင်းဆိုရင်တော့ ၃ဝ ကျပ်တဲ့၊ နှစ်လဆိုင်းဆိုရင်တော့ ၃၅ကျပ်၊ လှိုင်နဲ့ လိုက်သားပဲ ယူလိုက်ပါလား” “မယူတော့ပါဘူး မဆွေရယ်၊ လှိုင် လခလေး ၁၃၀ နဲ့လှိုင် တစ်ယောက်တည်း မနည်းလောက်အောင် သုံးနေရတယ်” ကျွန်မက ရုံးတွင် စကားပြော ဆင်ခြင်နေရာမှ ရုတ်တရက် လွှတ်ခနဲ အမှားတစ်ခွန်းထွက်သွားမိပါသည်။ ကျွန်မသည် အိမ်ထောင်သည် တစ်ယောက်ဖြစ်ကြောင်း အားလုံးသိပါသည်။ သိအောင် လည်း ပြောထားပါသည်။

သို့ သော် “လှိုင်တစ်ယောက်တည်း” ဟူသော စကားတစ်ခွန်းကြောင့် ကျွန်မစားပွဲဘေးမှ ဆွေဆွေမြင့် က မျက်ခုံးတစ်ချက်ပင့်၍ ကျွန်မကို ကြည့်ပါလေသည်။ “မဆွေ တစ်ခုမေးမယ်၊ လှိုင် စိတ်မဆိုးနဲ့နော်” “မေးပါ မဆွေရယ်” “လှိုင်တို့ လင်မယား ကွဲနေကြတယ်ဆို” “အို ဘယ်သူတွေက ပြောတာလဲ” “ဒီလိုပဲ ကြားတာပါ၊ စိတ်မရှိနဲ့နော်” “ကိစ္စမရှိပါဘူး မဆွေရယ်၊ ပတ်ဝန်းကျင်ကတော့ ဒီလိုပဲ ထင်ကြမှာပဲ၊ လှိုင်တို့ကွဲနေတာ မဟုတ်ပါဘူး၊ ခွဲနေကြရတာတော့ အမှန်ပဲ၊ နေစရာအိမ် ရှာမရသေးလို့ပါ၊ အရင်အိမ်က ဖယ်ပေး လိုက်ရတော့ ကိုကိုက သူ့ အိမ်ပြန်နေတယ်၊ လှိုင့်ကို ခေါ်တာ လှိုင်က လိုက်မနေချင်ဘူး၊ အဖြစ်က ဒီလိုပါ” “ဪ လူတွေကလဲနော်၊ မကောင်းသတင်းများဆို ပြောချင် လိုက်ကြတာ၊ ဒီလိုဆို ပြောရောပေါ့ ကွာ၊ မဆွေတို့ ကျောက်မြောင်း ဘက်မှာ အိမ်တစ်အိမ်က အိမ်ငှားတွေ ပြောင်းတော့မယ်၊ ငှားမလား လို့ မေးကြည့်ပေးမယ်” “မေးပေးစမ်းပါကွယ်၊ ကျေးဇူးပါပဲ” ကျွန်မသည် ရုံးကို ရောက်တာ နှစ်လပင် မပြည့်သေး၊ ကျွန်မကို ယောက်ျားနှင့်ကွဲနေသည်ဟု သတင်းဖြစ်သွားရသည်ကို အံ့သြမိပါသည်။

ကျွန်မကိုယ်ကျွန်မလည်း တုန်လှုပ်ချောက်ချားသွားမိ သည်။ တကယ်တန်းသာ ကျွန်မသည် ယောက်ျားနှင့်ကွဲနေရပြီဆိုလျှင် ကျွန်မကို တစ်ခုလပ်အဖြစ် အများတကာက မလေးမစား ဆက်ဆံကြ လေမည်လား။ အခုကော ကျွန်မကို ဘယ်လိုများ သဘောထား နေကြပါလိမ့်။ ကျွန်မကိုကြည့်သော မျက်လုံးများကိုပင် ကျွန်မ မယုံကြည်တော့ပါ။ထိုနေ့ရုံးဆင်းချိန်တွင် ကိုကိုတို့အိမ်သို့ ကျွန်မ ဝင်ခဲ့ပါသည်။ ကျွန်မကို အေးမြစံသာက တံခါးလာဖွင့်ပေးသည်။ သူမက ကျွန်မ လာရောက်ခြင်းကို မည်သို့မျှ မထူးခြားဟန်ဖြင့် တံခါးကို ပြန်ပိတ်ပြီး သူ့နေလက်စနေရာမှာ ပြန်ထိုင်နေသည်။ ကျွန်မ ကိုကို ရောက်ချိန်မှန်း၍လာခဲ့သဖြင့် ကိုကို့ကို တွေ့ရပါသည်။ ကိုကိုသည် ရေချိုးထားပြီး အဝတ်အစားလဲကာ တစ်နေရာရာ သွားမည့်ဟန် ပြင်နေပါသည်။ ထိုနေ့က စနေနေ့ဖြစ်ပါသည်။

ကိုကို သွားစရာ ရှိလို့လား” ကျွန်မသည် ကိုယ့်ယောက်ျားကိုပင် ကိုယ့်ဖာသာ မဝံ့မရဲ မေးလိုက်မိသည်။ “ညီမလေးကို ရုပ်ရှင်လိုက်ပြမလို့ လှိုင်၊ လှိုင်ကော လိုက်ခဲ့ ပါလား” “နေပါစေတော့ ကိုကို၊ ကိုကိုတော့ လူပျိုပြန်ဖြစ်လို့ ပျော်နေမှပဲနော်” “လှိုင်လဲ အပျိုပြန်လုပ်နေတာပဲ မဟုတ်လား၊ ဟိုနေ့က ကြည်မေဦးတို့ မင်္ဂလာဆောင်က အပြန်မှာ လိုက်ပို့တာ ဘယ်သူလဲ” “အို သူတို့မိတ်ဆွေ တစ်ယောက်ပါကိုကို၊ လှိုင်နဲ့စကားတောင် တစ်ခွန်းမှ မပြောခဲ့မိပါဘူး” “ဘာပဲဖြစ်ဖြစ်လေ၊ မိန်းကလေးတစ်ယောက်တည်း ခုလို သူစိမ်းယောက်ျားနဲ့တွဲပြီး ပြန်လာတာ ဘယ်ကောင်းမလဲ၊ ပြီးတော့ လှိုင်က လွတ်လွတ်လပ်လပ်လဲ မဟုတ်တော့ဘူး” “မှန်ပါတယ် ကိုကိုရယ်၊ ခု လှိုင်လာတာကလဲ အဲဒါပြော မလို့ပါ၊ လှိုင်တို့ရုံးကတောင် လှိုင့်ကို တစ်ခုလပ်လို့ ပြောနေကြပြီ။ လှိုင်တို့ အတူတူပြန်နေကြရအောင်ပါ ကိုကို။ တစ်ချိန်က ကိုကိုက လှိုင့်ဆီက ချစ်ခွင့်လက်ထပ်ခွင့် တောင်းခဲ့သလို ခု လှိုင်က ကိုကို့ကို ပြန်ပြီး တောင်းခံနေရတဲ့ဘဝပါ” ကျွန်မ အပြောကြောင့် ကိုကို မျက်နှာပျက်သွားပါသည်။ စိတ်မကောင်းလည်း ဖြစ်သွားပုံရသည်။

ကြီးကြီး သူဇာကတော့ ကိုကို့ကို ဒီအိမ်က ဘယ်နည်းနဲ့မှ ထွက်မသွားစေချင်ဘူး “ဒါ လှိုင့်ကို သက်သက်နှိမ်ချင်လို့ပေါ့ ၊ ကိုကို့သဘောက ဘယ်လိုလဲဟင်၊ ပြောစမ်းပါ ကိုကို” “တိုးတိုးပြောပါလှိုင်ရယ်၊ တစ်ခြားလူတွေ ကြားသွားမယ်။ ကြီးကြီးသူဇာတော့ မရှိပါဘူး၊ ကဲ လာလာ၊ ဘွားမြင့်ကို သတင်းမေး လိုက်ဦး၊ ဘွားမြင့်က ခု သိပ်စိတ်ဓာတ်ကျနေတယ်၊ ကိုကို့ကိုလဲ အိမ်ရှာလို့ရရင် စပေါ်တင်ဖို့ ငွေထုတ်ပေးမယ်လို့ ပြောထားပါတယ်” ကျွန်မက ဘွားမြင့်ကို ဝင်တွေ့ပြီး သတင်းမေးပါသည်။

“အင်း ညည်းတို့ လင်မယားကလဲ ဒုက္ခပဲနော်၊ သမီးမသူဇာ ကလဲအပျိုကြီးပီပီ ဘာမှနားမလည်ဘူး၊ ဒီတစ်ခါ အိမ်ရှာလို့ရရင် အတူတူပြန်နေကြပါအေ၊ လင်နဲ့မယားဆိုတာ သပ်သပ်နေတာပဲ ကောင်းပါတယ်၊ အိမ်ထောင်ဆိုတာ နှစ်ခုတွဲနေရင်ပြဿနာတက်တာပဲ” ဘွားမြင့်က တရားနည်းလမ်းကျကျ စကားဆိုလာသဖြင့် ကျွန်မဝမ်းသာ၍ မဆုံးတော့ပါ။ ကိုကို ရုပ်ရှင်သွားမည့် အစီအစဉ် ကို ဖျက်ပြီး ကျွန်မကို အဆောင်လိုက်ပို့ပါသည်။ အေးမြစံသာက မကျေမနပ် ကျန်ခဲ့သည်။ကျွန်မတို့သည် အဆောင်ကို မပြန်သေးဘဲ အင်းလျားကန် ပေါင်ပေါ်သို့ တက်ခဲ့ကြသေးသည်။

“လှိုင်တို့ ဒီနေရာမှာ ချစ်သူဘဝရော အိမ်ထောင်သည်ဘဝ မှာရော စကားတွေ အမျိုးမျိုးပြော အမျိုးမျိုး ကြုံခဲ့ကြရတယ်နော်။ ဒီတစ်ခါ အတူတူပြန်နေကြရရင်လေ ဘယ်တော့မှ မခွဲတော့ဘူးလို့ ကတိစကား ထားကြရအောင် ကိုကိုရယ်” ။ကိုကိုသည် ကျွန်မ လက်ကလေးများကို ဖျစ်ညှစ် ဆုပ်ကိုင် လိုက်ပါသည်။ “ချစ်လို့ ယူခဲ့ကြတာပဲလှိုင်ရယ်၊ ဘယ်မှာ ခွဲနေချင်ပါ့မလဲ။ ခုလို အတူတူနေကြပြီးမှ ပြန်ခွဲနေရတာမျိုး ကိုကို မလိုလားဆုံးဘဲ၊ ဒါပေမယ့် ကိုကိုတို့မှာ အိမ်ထောင်တစ်ခုကို ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်အောင် ဖန်တီးနိုင်ဖို့ အတော်ကြိုးစားရဦးမှာ၊ ကိုကိုတို့ အိမ်ထောင် က စကတည်းက မပြည့်စုံခဲ့တာကိုးကွယ်” ကျွန်မသည် ကန်စပ်တွင် ပေါက်လျက်ရှိသော အလေ့ကျ ပန်းပင်လေးများမှ ပန်းပွင့်ဝါဝါလေးများကို လိုက်ခူးနေမိပါသည်။ ကိုကိုက ကန်ရေပြင်ကို ငေးမောရင်း ငိုင်နေပါသည်။

“ကဲပါ ကိုကိုရာ၊ ဒီတစ်ခါ လှိုင်တို့ အိမ်ထောင်လေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာပေါ့၊ ကိုကို မြန်မြန်အိမ်ရာ နော်၊ လှိုင် ကိုကိုနဲ့ အကြာကြီး ခွဲမနေချင်ဘူး” ကိုကိုသည် ကျွန်မလက်ကို လှမ်းဆွဲ၍ သူ့အနားသို့ ဆွဲယူလိုက်ပါသည်။ “ကိုကိုက လှိုင့်ကို သာတောင် ခွဲမထားချင်သေးတာပေါ့ လှိုင်ရယ်” “လွှတ်ပါ ကိုကို၊ တော်ကြာ လူတွေက လှိုင်တို့ကို ရည်းစား စုံတွဲထင်ပြီး ကဲ့ရဲ့ နေပါဦးမယ်” ကျွန်မသည် ရုံးဆင်းသည်နှင့် နံပါတ်ကိုးကားစီးရန် ဆူးလေပန်းခြံ ဘက်သို့ တစ်ယောက်တည်း လျှောက်လာခဲ့ပါသည်။ ကျွန်မနောက်မှ မလှမ်းမကမ်းတွင် ကျွန်မတို့ ရုံးမှ ဦးမြအောင်တစ်ယောက် ပါလာပါသည်။ သူနှင့်ကျွန်မ အမြဲလို ရှေ့ဆင့်နောက်ဆင့် ထွက်လာ မိတတ်ကြသည်ကို သတိထားမိသည်။ သို့သော် သူ နံပါတ်ကိုး ကားစီးသည် ကို တစ်ခါမျှ မတွေ့ရပေ။ ကျွန်မကို အမြဲလို လိုက်နှုတ်ဆက်တတ်သည်။ တစ်ရုံးတည်းအတူ လုပ်ကိုင်သူများမို့ စကားပြန်ပြောနေရသော်လည်း သူ့ အမူအရာကို မနှစ်ခြိုက်လှပါ။ ခုလည်း ကျွန်မနောက်က အမီလိုက်လာ၍ စတင်နှုတ်ဆက်ပါသည်။

“ကားတွေက သိပ်ကျပ်တာပဲဗျနော်” “ဟုတ်ကဲ့”“ဒေါ်နီနီလှိုင် ဖယ်ရီမစီးဘူးလား” “မစီးပါဘူးရှင်” ကမာရွတ်ဘက်သို့ထွက်မည့် ဟီးနိုးကြားမှာ လူပြည့်နေပေပြီ။ မတ်တတ်ရပ်သူကလည်းများသည်။ နောက်တစ်စီးစောင့်စီးရန် ကျွန်မ ဆက်ရပ်နေရပါသည်။ “ကားတွေက ကြပ်ဦးမှာ ဖြည်းဖြည်းပေါ့ ဗျာ” ဟီးနိုးကားဂိတ်ဖြစ်နေသဖြင့် လူတွေကမပြတ်လှပါ။ ရုံးဆင်း ချိန်ဖြစ်သဖြင့် စောင့်နေသူများလည်း မနည်းလှ။ သူကပန်းခြံ၏ သံတိုင်စည်းရိုးကိုမှီ၍ ထိုင်ရင်း အေးအေးဆေးဆေး ပြောနေသည်။ သူ့အမူအရာက ဘေးမှကြည့်လျှင် သူနှင့် ကျွန်မအတူလာသူများဟု ထင်စရာ။ “ဦးမြင့်အောင်က ဘာကားစီးမှာမို့လဲ” ကျွန်မက ပွင့်ပွင့်လင်းလင်းမေး၍ ရင်ဆိုင်ဖြေရှင်းလိုက်မည် ဟု ဆုံးဖြတ်လိုက်မိပါသည်။

“ကျွန်တော် ကျွန်တော် မနီနီလှိုင် တစ်ယောက်တည်းမို့ အဖော်ရအောင် စောင့်ပေးတာပါ” “ကိစ္စမရှိပါဘူးရှင်၊ ရန်ကုန်မှာ တစ်ယောက်တည်း သွားလာ လုပ်ကိုင်နေရတဲ့ မိန်းကလေးတွေ တစ်ပုံကြီးပါ၊ ဒီအတွက်များဖြင့် ဒုက္ခခံမနေပါနဲ့နော်၊ နောက်ကိုလဲ ကျွန်မနောက်က လိုက်မလာ ပါနဲ့တော့” ကျွန်မသည် ဘာပဲဖြစ်ဖြစ်ဟုသဘောထားကာ ခပ်ပြတ်ပြတ် ပြောပြီး မီရာကားပေါ်သို့ တိုးတက်ခဲ့ပါသည်။ ကားပေါ်တွင် လူတွေက ပြည့်ကြပ်နေသည်။ ကျွန်မမှာ ခြေနင်းခုံမှ အပေါ်ရောက်အောင် မနည်းတိုးတက်ခဲ့ရသည်။ ခြေနင်းခုံမှလွတ်ရင် ပြီးရော၊ လိမ့်မကျရင် ပြီးရော၊ အသက်မသေရင်ပြီးရော သဘောထားကာ မရှောင်မလွှဲသာ ဘတ်စ်ကားစီး ယောက်ျားကြီးများ၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်လိုက်ရပါလေသည်။ကျားသနားမှ နွားချမ်းသာမည့် အဖြစ်မျိုးပါတည်း။

အပိုင်း(၆)ဆက်လက်ရေးသားပါဦးမည်။

စာရေးဆရာမ မိုးမိုး (အင်းလျား) ရေးသားသော ပျောက်သောလမ်းမှာ စမ်းတဝါး စာအုပ်မှ ကူးယူဖော်ပြသည်။

OpenMoreOnline

Related Posts