ပျောက်သောလမ်းမှာ စမ်းတဝါး (အပိုင်း ၃)

မိုးမိုး (အင်းလျား) အပိုင်း (၃)-“အိမ်က လကုန်မှ ပြောင်းရမှာဆိုတော့ ယူ ဒီမှာ အေးအေးဆေးဆေး နေဦးပေါ့ကွာ” ကြည်မေဦးက အပြင်ထွက်ရန် ပြင်ဆင်ရင်း ကျွန်မကို လှမ်း ပြောလိုက်ပါသည်။ ကျွန်မမှာလည်း အိမ်ထောင်သည်ဘဝဖြင့် တစ်သက်လုံး အကျဉ်းကျနေရမည့် အရေးကို တွေးကြည့်ရင်း ခုလို လွတ်လွတ်လပ်လပ် ပြန်နေရသည့် ဘဝလေးကို ယခုမှပင် ပိုမိုခုံမင် နေပါပြီ။“မင်း ဘယ်သွားဦးမလို့လဲ မေဦး” ကျွန်မ ဖတ်လက်စဝတ္ထုစာအုပ်ကိုချပြီး မေဦးပြင်ဆင်နေပုံကို ငေးမောကြည့်နေမိကာ မေးလိုက်မိပါသည်။ “မာဂျရီတို့လေ ဖိလင်ပင်းကို အပြီးပြန်တော့မလို့၊ ဒီနေ့ နှုတ်ဆက်ပွဲလုပ်မယ်” ကြည်မေဦးက လက်သည်းများကို ဂရုတစိုက်ဆေးဆိုးရင်း ပြောလိုက်သည်။ “ကကြဦးမှာပေါ့” “ ဒါပေါ့ ” “မင်းကို ဘယ်သူ လာကြိုမှာလဲ” “ချာလီလေ” ချာလီကို ကျွန်မ ကောင်းကောင်းသိပါသည်။

သူသည် ရှမ်းစော်ဘွား အဆက်အနွယ်တစ်ဦးဖြစ်ပါသည်။ အေးဆေးသည်။ ဖော်ရွေသည်။ ပထမက သူသည် ကြည်မေဦး၏ သူငယ်ချင်း အီဗလင်မျိုးခင်၏ ရည်းစားဖြစ်သည်။ အီဗလင့်ဆီလာတွေ့ရင်း ကြည်မေဦးနှင့် ခင်မင်သွားသည်တဲ့။ ကြည်မေဦးကို အခင်မင်လွန် သွား၍ ထင်သည်။ အီဗလင်က အထင်အမြင်လွဲကာ ချာလီကို အဆက်ဖြတ်သည်။ ကြည်မေဦးက မမှု။ ကိုယ့်လူကို ကိုယ်နိုင်အောင် ထိန်းပေါ့ဟုဆိုသေးသည်။ ချာလီက အီဗလင်ကို ရှင်းပြ၍မရသည့် အဆုံး လက်လွှတ်လိုက်ရသည်။ “ချာလီ သနားပါတယ်၊ အီဗလင်က သူ့ကို ပါးတောင်ရိုက်တာ” ဟု ကြည်မေဦးက ဆိုသည်။ခုတော့ ချာလီနှင့် ကြည်မေဦး တွဲဖြစ်ကြသည်။ ချာလီက ကြည်မေဦးကို စွဲနေပေပြီ။ ကြည်မေဦးက ချာလီကို ခင်ရုံပဲခင်တာ၊ သူများရည်းစားကို လုယူသလိုမျိုး အဖြစ်မခံနိုင်ပါဘူးဟု ရှင်းရှင်းပဲ ပြောလိုက်သည်။ သို့သော် သူတို့နှစ်ယောက်ကတော့ တတွဲတွဲ။

“မေဦးရယ် ချာလီတစ်ယောက်လဲ သနားပါတယ်၊ ချစ်ချင်လဲ ပြန်ချစ်လိုက်ပါကွာ၊ သူက သဘောကောင်းပါတယ်” “ကိုယ်က သဘောကောင်းလွန်းတဲ့ ယောက်ျားလဲ မကြိုက် ဘူးကွ” မေဦးက လက်သည်းဆိုးဆေးများ ခြောက်သွားရန် လက် ချောင်းလေးများကို ပါးစပ်ဖြင့်မှုတ်ရင်း ပြောလိုက်သည်။ ဘော်လီအင်္ကျီလက်မောင်းနှစ်ဖက်ကိုလျှိုသွင်းပြီး ကျွန်မဘက်သို့ ကျောလှည့် ပေးသည်။ ကျွန်မက ချိတ်များကို ချိတ်ပေးလိုက်ရသည်။ မေဦးသည် သူအနှစ်သက်ဆုံးဆိုသော “ဘလက်အင်ဝှိုက်” အဖြူနှင့် အနက် နှစ်ရောင်တည်းသာပါသော အဝတ်အစားများကို ရွေး ဝတ်ထားသည်။ ဘောင်းဘီရှည်အနက်၊ ဘလောက်စ်အကျီအဖြူ၊ ခေါင်းစည်းအနက်၊ ဖိနပ်အဖြူနှင့် ပိုက်ဆံအိတ်အနက်တို့ဖြစ်သည်။ ဆံပင်ကို နဖူးတွင် တင်းနေအောင်မြှင့်ထားသည်။ အသားက ဖြူဆွတ်နေ၍ သူ့ဖက်ရှင်သည် အထူးပေါ်လွင်လှ၏။

“သီတာနွယ်ကပြီးပလားမသိဘူး” မေဦးကစာအုပ်တစ်အုပ်ဖြင့် ချွေးမထွက်စေရန် ယပ်ခတ်ရင်း ပြောလိုက်သည်။ “သီတာနွယ်က လိုက်ဦးမလို့လား” “အေးတဲ့ကွာ၊ ကိုယ်ကလဲ မကောင်းတတ်လို့ ခေါ်ရမှာ၊ ပြီးတော့ သူကရင် မလှဘူးကွ၊ သိပ်ပျာလောင်ခတ်တာပဲ” ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ကျွန်မက တံခါးထဖွင့်ပေးလိုက်ရာ သီတာနွယ်က ကြော့ ကြော့မော့မော့လေး ဝင်လာပါသည်။ သူမကိုကြည့်ရသည်မှာ မပြု မပြင်ဘဲထားသည်က ပိုလှ သေးသည်ဟု ကျွန်မထင်မိပါသည်။ အင်္ကျီနှင့်လုံချည်ကိုအထက်အောက် ပွင့်ရိုက်ဆင်တူဝတ်ထားပြီး မိတ်ကပ်များက ရဲလွန်းနေသည်။ မျက်ခွံတွင်ဆွဲထားသော အိုင်း လိုင်နာက အပြာဖြစ်နေ၍ ကျွန်မတို့မျက်စိနှင့်တော့ ကြည့်၍မလှပါ။ ခေါင်းတွင် တင်ထားသော ဖဲပွင့်ကလည်း ကြီးလွန်းနေသည်။ မေဦးနှင့် ယှဉ်ကြည့်လျှင် မေဦးပြင်ဆင်ပုံက အထက်တန်းကျသည်။ သပ်ရပ်သည်။ သီတာနွယ်က ကလေးကလားဆန်နေသည်။မကြာမီ အိမ်ရှေ့မှ ကားဟွန်းတီးသံကြားရသည်။ သူတို့ နှစ်ယောက်သည် နောက်ဖေးပေါက်မှ ထွက်ပြီး အိမ်ဘေးမှ ကွေ့ သွားကြသည်။ သို့တိုင် ရှေ့ခန်းမှအမျိုးသမီးများက ပြတင်းပေါက်များမှ ကိုယ်စီကိုယ်ငှ ချောင်းကြည့်ဖြစ်အောင် ကြည့်လိုက်ကြသေး၏။

ကျွန်မက အိမ်ရှေ့ထွက်သွားကာ သူတို့ကို မျှော်ကြည့်မိပြန်သည်။ ချာလီသည် ရှမ်းအမျိုးသားဝတ်စုံကို ဝတ်ထားသဖြင့် အမြင်ဆန်း နေပေသည်။ ချာလီနှင့် ကြည်မေဦးကြားတွင် သီတာနွယ်က ထိုင်လိုက်သွားသည်။ ကြည်မေဦးက ကားတံခါးကိုပိတ်ရင်း ကျွန်မကို လက်ပြသွားသည်။ ကျွန်မသည် သူအပြင်ထွက်ခါနီးတိုင်း အိမ်ရှေ့ ထွက်၍ လိုက်ကြည့်တတ်သည်ကို သူမမေ့သေးပေ။ကားထွက်သွားလျှင်ပင် အမျိုးသမီးတစ်သိုက်၏ အတင်း ပြောသံသည် သောသောညံ၍ ထွက်လာလေသည်။ “ဒါကြောင့် ဒို့အသိယောက်ျားလေး သူငယ်ချင်းတွေကပြော တာကွ၊ နင်တို့အဆောင်က ဟာတွေက ကြက်တွေလားတဲ့” “အေးလေကွာ၊ ဟိုကောင်မလေး လုပ်ထားပုံက ပိုဆိုးသေး” “သီတာနွယ်လား၊ ဒီကောင်မလေးကတော့ မလယ်မဝယ်နဲ့ တကယ် ကြက်ဖြစ်တော့မှာပဲ၊ ကြည်မေဦးက ဝါရင့်ပြီးသား” ကျွန်မသည် သူတို့တစ်သိုက်ကိုလှည့်ပြုံးပြရင်း အခန်းထဲသို့ ပြန်လာခဲ့ပါသည်။ အခန်းထဲတွင် ထုံးစံအတိုင်း ကြည်မေဦးသွားသော်အလှပြင်သည့် ပစ္စည်းများကို သူ့စားပွဲပေါ်တွင်သပ်သပ်ယပ်ယပ် ဖြစ်အောင် ပြန်စီပေးနေမိလေသည်။

ကျွန်မတို့ အိမ်ပြောင်းရသည်မှာ ပျော်စရာကောင်းလှသည်။ အိမ်ပြောင်း သည် ဆိုသော်လည်း အဆောင်မှာထားသော ကျွန်မ ပစ္စည်းများကို ရွှေ့ယူသွားခြင်းသာဖြစ်သည်။ အိပ်ရာလိပ်၊ စာအုပ်သေတ္တာ၊ အိုးခွက်အနည်းငယ်နှင့် တိုလီမိုလီများကို သူငယ်ချင်းများက တစ်ယောက်တစ်လက် ဆွဲကာ လိုက်ပို့ကြခြင်းဖြစ်သည်။ ကိုကိုက မြို့ထဲမှာ ကျွန်မ အဝတ်အစားသေတ္တာနှင့် သူ့ အဝတ်အစားများကို သုံးဘီးတစ်စီးဖြင့် သယ်လာပေးသည်။ ကျွန်မတို့ အိမ်ပြောင်းသည်မှာ ဤမျှသာဖြစ်၏။ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဖြစ်သဖြင့် သူငယ်ချင်းများ စုပေါင်း၍ အိမ်ရှင်းပေးကြသည်။ ခင်အေးရီက ရေပုံးတစ်ပုံးဖြင့် ကြမ်းကို ဒိုင်ခံတုက်ပေးသည်။ မမြတ်နွယ်က မျက်နှာသုတ်ပဝါ ခေါင်းပေါင်းပေါင်း၍ ကြပ်ခိုးရှင်းသည်။ ကြည်မေဦးက သူ့တွင်ရှိသော ပိတ်စ အသစ်ကလေးများဖြင့် ပြတင်းပေါက်များကို ခန်းဆီးတပ်သည်။ ကျွန်မကိုတော့ ဘာမှ မလုပ်နှင့်ဟုဆိုကာ ထိုင်ခိုင်းထားသည်။ ကျွန်မအဖို့တော့ လက်ထပ်သည့်နေ့ကထက်ပင် ပျော်နေပါသည်။ဘုရားအိုး၊ သောက်ရေအိုး၊ ဆန်အိုး၊ ရေထည့်ဖို့ စဉ့်အိုး။မြမြသင်းက လောလောဆယ် ဝယ်မည့် ပစ္စည်းများကို စာရင်းလုပ်နေပါသည်။ ယခု အိမ်ရှေ့တွင် စာအုပ်သေတ္တာကြီးကို စားပွဲခင်း ခင်း၍ အိမ်ရှေ့စားပွဲ လုပ်ထားသည်။ အိပ်ခန်းထဲတွင် ကျွန်မ အိပ်ရာလိပ်ကို ဖြည်၍ ခင်းထားသည်။ မီးလုံးတစ်လုံး တပ်လိုက်သည်။ မီဖိုခန်းတွင် ရေနံဆီမီးဖိုလေး ရှိသည်။ ဒယ်အိုးလေးတစ်လုံး၊ ဒန်အိုးလေးတစ်လုံးနှင့် ပန်းကန်ပြား တစ်ချပ်၊ ဇွန်းနှစ်ချောင်းရှိသည်။ ရေပုံးတစ်ပုံး၊ ပလတ်စတစ်ဇလုံ တစ်လုံးရှိသည်။ ကျွန်မတို့ အိမ်ထောင်ပရိဘောဂမှာ ဤမျှသာဖြစ်၏။

“ဒီအိမ်ပြောင်းလာတဲ့လူတွေ တော်တော်ချမ်းသာပုံရတယ်ဆိုပြီး ဓားပြလာတိုက်နေဦးမယ် သတိထား” ခင်အေးရီက ရယ်စရာပြောသည်။ “တို့များလဲ လှိုင့်ကို လက်မဖွဲ့ရသေးဘူး၊ ခုနေဆိုဘာပစ္စည်းပဲ ဖြစ်ဖြစ် လှိုင်တို့အတွက် အသုံးဝင်မှာပဲ၊ တတ်နိုင်သမျှ လာပို့ပေးမယ်” မြမြသင်းက အားပေးသည်။ “လက်နှီးစုတ်လေး၊ နို့ဆီခွက်လေး စသဖြင့်ပေါ့ကွယ်” မမြတ်နွယ်က အရွှန်းဖောက်သည်။ သူတို့ပြန်သွားကြတော့ ကျွန်မနှင့်ကိုကို နှစ်ယောက်တည်း ငေါင်းစင်းစင်းဖြင့်ကျန်ခဲ့ကြသည်။ မှောင်လာသည်နှင့်အမျှ ရပ်ကွက်က တိတ်ဆိတ်လာသည်။ အိမ်ထဲတွင် ပစ္စည်းမရှိ၍လည်း အိမ်နှင့် မတူဘဲ ဟာလာဟင်းလင်းကြီး ဖြစ်နေသည်။ မြို့ထဲမှာလို စကားပြောသံတွေ၊ ဆူညံသံတွေလည်း မကြာရ။ ချောက်ချားစရာပင် ကောင်း သေးတော့။

“အိပ်ကြပါစို့ ကိုကိုရာ” “အေးကွယ်၊ ဝတ္ထုစာအုပ်လေးဘာလေး ယူခဲ့ရအကောင်းသား” “ကိုကို အပြင်ထွက်ရအောင်” “အပေါ့အပါးသွားချင် အထဲမှာပဲ သွားလိုက်ပါလား လှိုင်” “ဟင် ကိုကိုကလဲ မသွားတတ်ပါဘူး၊ အိမ်သာက အပြင်မှာပဲ“အပြင်မထွက်ပါနဲ့ လှိုင်ရယ်” “ဘာဖြစ်လို့လဲ ကိုကိုရဲ့” “ကြောက်စရာကြီး”ဗုဒ္ဓေါ မြတ်စွာဘုရား။ ယောက်ျားရယ်လို့ အားကိုးရမည်ထင်ပါ့။ သူက ကြောက်သည်တဲ့။ “ဘာကြောက်တာလဲ ကိုကိုရဲ့၊ ကိုကိုကလဲ ယောက်ျားဖြစ်ပြီး တော့ ကြောက်ရတယ်လို့ပဲ” “အို ဒီရပ်ကွက်အကြောင်းလဲ ဘာမှ မသိရသေးဘဲနဲ့၊ ပြီတော့ မှောင်မှောင်မည်းမည်းကြီး” “ဟင်း” ကျွန်မမှာ သက်ပြင်းသာချမိပါတော့သည်။ မြို့လယ်ခေါင်မှာ မီးထိန်ထိန်လင်းပြီး ဆူဆူညံညံ နေခဲ့ရတော့ သည်လို တိတ်ဆိတ်မှောင်မည်းနေသည့် ခြံဝန်းကြီးထဲမှာ ကြောက်ရှာတယ်ထင်ပါ့ ။ ထိုညက တစ်ညလုံး မီးဖွင့်၍ အိပ်ကြရသည်။ မင်္ဂလာဦးညကလိုပါပဲ။ ခေါင်းအုံးတစ်လုံး ဖျာတစ်ချပ် စောင်တစ်ထည်။ တစ်ခုတော့ ပိုပါ သည်။ ခြင်ထောင်တစ်လုံးပေါ့။

“ကိုကို လှိုင့်ကို ဘယ်လောက်ချစ်သလဲကြည့်စမ်း ခေါင်းအုံး တစ်လုံးကို ကိုကို တစ်ယောက်တည်း မအုံးဘူး၊ လှိုင့် ကိုပါ တစ်ဝက်ပေးတယ်” ကိုကိုက သူဖတ်ဖူးသော ဝတ္ထုစာအုပ်တစ်အုပ်ထဲမှ စကားလုံး လေးကို သတိတရပြန်ပြောလိုက်ခြင်း ဖြစ်ပါသည်။ တကယ်တော့ လည်း ကျွန်မတို့သည် လူ့ဘဝ၏ ဒုက္ခ သုခမှန်သမျှကို ခုချိန်မှစ၍ တစ်ဝက်စီ မျှ၍ ခံယူကြရပေတော့မည်။ “ဧည့်ခန်း နံရံလေးကို အပြာနုရောင်လေး သုတ်ရအောင် ကိုကို၊ သင်္ဘောဆေး အပြာတစ်ဘူး အဖြူတစ်ဘူးဝယ်ပြီး ရောလိုက်ရင် မိုးပြာရောင်လေးရရော၊ ပြီးတော့ ကြမ်းတိုက်ဖယောင်းလဲ ဝယ်ခဲ့ပါဦး၊ ဓာတ်ဆီဆိုင်တွေမှာ ရောင်းတယ်လေ၊ ဖယောင်းနဲ့ ရေနံဆီရောပြီး တိုက်လိုက်ရရင် ဒီကြမ်းတွေ ပြောင်လက်လာမှာပဲ၊ ရေတွင်းထဲက အမှိုက်တွေလဲဆယ်ပြီး ပိုးသတ်ဆေး ခတ်ရဦးမယ်၊ ကင်ပွန်းချဉ်ပင် တွေကို အထက်နားက အကိုင်းတွေ ညှပ်လိုက်ရင် အညွန့်တွေ တက်လာမှာ” ကျွန်မမှာ တစ်အိမ်လုံး ပြုပြင်ရ မွမ်းမံရနှင့် မအားရအောင် ဖြစ်နေသည်။ ပါးစပ်မှလည်း မနားတမ်း အစီအစဉ်တွေ ချပြီး စီမံခန့်ခွဲနေမိသည်။ ခုမှ တကယ့် အိမ်ရှင်မကြီး ဖြစ်ရပြီကိုး။ ကိုကိုကတော့ ၊“လှိုင်ကလဲ ဒီအိမ်မှာ တစ်သက်လုံးနေမှာ ကျနေတာပဲ။ ကိုယ်ပိုင်တိုက်ကြီးဝယ်ပြီး စီမံခန့်ခွဲနေသလား အောက်မေ့ရတယ်” ဟု ဆိုလေသည်။ ကျွန်မမှာတော့ ခဏတဖြုတ်လေးပဲ နေရ နေရ ကျွန်မနှင့် ကိုကို့အတွက် သုခဘုံလေး ဖန်တီးလိုက်ချင်သည်။ အိမ်ထောင့် အရသာဆိုတာ ဒီလိုပါ ကိုကိုရဲ့ ဟု ခံစားစေချင်သည်။

မိန်းမ တစ်ယောက်ရဲ့ အခွင့် အရေးဆိုတာ ကိုယ့် အိမ်ထောင်လေးကို ကိုယ့်ဘာသာ ဖန်တီးတည်ဆောက်ပိုင်ခွင့် လေးပါပဲ ဆို တာ နားလည်စေချင်သည်။ ကိုကို့ကို ရုံးမှ ခွင့် ၁၀ ရက် ယူခိုင်းရသည်။ ဘဏ်မှာကျွန်မ ငွေ တစ်ထောင်ထုတ်ပြီး မရှိမဖြစ် လိုအပ်သော ပစ္စည်းလေးများ လိုက်ဝယ်သည်။ အိပ်ရာ၊ ခြင်ထောင်၊ ခေါင်းအုံးကအစ မမြတ်နွယ်ပြော သလို လက်နှီးစုတ်နှင့် နို့ဆီခွက်အဆုံး အကုန်စုဆောင်းရသည်မို့ ဝယ်လို့ မဆုံးနိုင်တော့ပါချေ။ တတ်နိုင်သမျှ အကျယ်မချဲ့ဘဲ လိုအပ်သည့်အရာကိုသာ ဦးစားပေး ရွေးချယ်ရသည်။ သူငယ်ချင်း များကလည်း ကူညီကြသည်။ ကိုကို့ သူငယ်ချင်းတစ်စုက အိမ်မှာ မီးချောင်းလာဆင်ပေးသည်။ ပန်းကန်ခွက်ယောက် ဝယ်ပေးသည်။ကျွန်မ သူငယ်ချင်းများကလည်း တတ်နိုင်သမျှ အိမ်သုံးပစ္စည်းများ ဝယ်ခြမ်းပြီး လာပို့ကြသည်။ ကျွန်မတို့အတွက် လက်ဖွဲ့ ပစ္စည်းကို ခုမှ ပေးအပ်ကြခြင်းဖြစ်သည်။ မင်္ဂလာဆောင်လျှင် အများက ဝိုင်း၍ လက်ဖွဲ့ ကြသည်ကို ကျွန်မ ခုမှ ပိုသဘောပေါက်သည်။ အိမ်ထောင်တစ်ခုကို မိသားစု စိတ်ဓာတ်ဖြင့် ဝိုင်းဝန်း တည်ထောင် ပေးခြင်းပင် မဟုတ်ပါလား။ ။ကျွန်မတို့အိမ်လေးသည် တဖြည်းဖြည်း အိမ်နှင့် တူလာပါပြီ။ နေချင့်စဖွယ် ဖြစ်လာပါပြီ။ ကျွန်မအတွက်လည်း တာဝန်တွေပိုလာ သည်။

ကိုကို့အတွက် စားချင်ဖွယ်ရာ၊ ကောင်းနိုးရာရာ စီမံရသည်။မေမေတို့ဆီလည်း စာရေးလိုက်သည်။ မေမေတို့ သမီးဟာ မေမေတို့ ထင်သလို ကလေးမဟုတ်တော့ပါဘူး၊ အိမ်ထောင်တစ်ခုကို သပ်သပ် ရပ်ရပ် ဖန်တီးနိုင်ပါတယ်ဆိုတာပြချင်လှပြီ။ ဘွားမြင့်နှင့် ကြီးကြီး သူဇာတို့ကိုလည်း လက်ရာကောင်းကောင်းနှင့်ထမင်းကျွေးချင်သည်။ သူငယ်ချင်းများကိုလည်း ထမင်းမြိန်ကျွေး၍ ဂုဏ်ပြုရဦးမည်။ရုံးပိတ်ရက် တစ်ရက်တွင် ဖေဖေနှင့် ကြီးကြီးသူဇာ လာလည် ပါသည်။ ကြီးကြီးသူဇာက ရောက်ရောက်ချင်း “ကားဂိတ်နဲ့အိမ်ကလဲ ဝေးလိုက်တာအေ၊ မောင်ကြည်သာ ရုံးချိန်မီအောင် အစောကြီးသွားရမှာပေါ့၊ ကားစီးရတာကလဲ အဝေး ကြီး” ဟု ထောမနာပြုပါလေသည်။ “အဝေးကြီးမနေစေ့ချင် နီးတဲ့နေရာ ရှာပေးပါလား” ဟု ပြောလိုက်ချင်သည်။ ခုတော့ ကျွန်မဖန်တီး ထားသည့် အိမ်ထောင်လေးကို အပြစ်ရှာဖို့သာကြည့်သည်။ ကူညီ ဖြည့်စွမ်းဖို့တော့ တစ်ခွန်းမှမဟ။ အိမ်အနှံ့လိုက်ကြည့်ပြီး “မဆိုးပါဘူး၊ အိမ်လေးက နေလို့တော့ကောင်းသားပဲ” ဟုသာ ဆိုသည်။ အိုးခွက် ပန်းကန် ပြည့်စုံရဲ့ လား၊ အိပ်ရာခြင်ထောင်ရှိရဲ့လား၊ ဘာလိုသေးလဲဟု တစ်ခွန်းမှ မေးဖော်မရသဖြင့် ကျွန်မ ဝမ်းနည်းပါသည်။ ကျွန်မတို့ အိမ်ထောင်အတွက် ဘာမျှ တာဝန်မယူချင်သည့် သဘော ပေါ်လွင်နေ ပါသည်။ ဖေဖေကတော့ “အင်း ခုတင်တစ်လုံးတော့ဝယ်ပေးဦးမှ” ဟု ပြောသံကြားရသည်။

ကိုကိုသည် မနက်ရုံးချိန်မီအောင် စောစောထရပါသည်။ မြို့ထဲမှာလို အပျင်းထူပြီး ပေအိပ်နေ၍ မဖြစ်တော့ပါ။ ရေတွင်းထဲမှ ရေကို စက်သီးဖြင့်ဆွဲ၍ ရေစည်ထဲ ဖြည့်ပေးခဲ့ရသည်။ ကျွန်မက မပေါ့ မပါးနှင့်မို့ ရေဆွဲ၍ မဖြစ်ပါ။ ပြီးလျှင် ကိုကိုခြံထဲတွင်တံမြက်လှဲသည်။ ရေချိုး ထမင်းကြမ်းစားပြီးရုံးသွားသည်။ ကိုကို့မှာ အိမ်၏ တာဝန်ဟူ၍ ဘာမျှ မယ်မယ်ရရမရှိပါ။ တစ်အိမ်လုံး သံ ရိုက်တာကအစ၊ ကြိုးတန်း တန်းတာကအစ ကျွန်မလက်ရာချည်းသာ ဖြစ်သည်။ ကိုကို့ကို အစက ကျွန်မအထင်တကြီး အားကိုးခဲ့သော်လည်း ကိုကိုသည် အိမ်မှုကိစ္စကို စိတ်ဝင်စားခြင်းမရှိလှ၊ ခပ်ပေါ့ပေါ့ သာ နေတတ်ကြောင်းတွေ့ရပါသည်။ မိန်းမအလုပ်ဖြစ်သော မီးဖိုချောင်ကို စိတ်မဝင်စားသည်ထားတော့၊ အိမ်၏ အခြားလိုအပ်ချက်လေးများကိုတော့ ကူညီဖြည့်စွမ်းသင့်သည်ထင်သည်။ အိမ်တွင်မီးပျက်တာလေးက အစ၊ ဖိနပ်စင်ရိုက်တာလေးကအစ ကျွန်မမှာ အိမ်နီးနားချင်းကို အားကိုးနေရသည်။ သည်နား တစ်ဝိုက်က ကိုကိုထင်သလို မဆိုးလှဘဲ ကိုယ်ပိုင်အိမ်လေးများဖြင့် အခြေတကျ နေကြသူများမို့ ပေါင်းသင်း ဆက်ဆံ၍ကောင်းပါသည်။ ကူညီရိုင်းပင်းစိတ်လည်း ရှိကြသည်။

ကျွန်မတစ်ယောက်တည်း ရှိတဲ့အခါ လိုတာရှိရင်ပြောပါဟု မှာထား ကြသည်။ များသောအားဖြင့် အိမ်တွင်းမှု စီးပွားရေး လုပ်ငန်းလေး များဖြင့် အသက်မွေးကြသူများမို့ အိမ်မြဲကြသည်။ ခေါင်းရင်းအိမ်က ပန်းခြံစိုက်၍ ရောင်းစားသည်။ ခြေရင်းအိမ်က မီးဖိုသံဇကာ ဖောက်သည်။ ချမ်းချမ်းသာသာ မဟုတ်သည့် တိုင် စားနိုင် သောက်နိုင်ရှိသည်။ သို့သော် မကြာမီ ပြဿနာတစ်ခုနှင့် ရင်ဆိုင် လိုက်ရသေးသည်။ ကျွန်မတို့ အိမ်နောက်ဖေးဘက်မှာ အိမ်လေးများ ပြွတ်သိပ် တည်ရှိနေသည်။ လမ်းဟူ၍ မယ်မယ်ရရ မရှိ။ တစ်နေ့ တွင် နောက်ဖေးအိမ်မှ အဘွားကြီးတစ်ယောက်ဆုံးသွား လေသည်။ထိုအခါ အသုဘချဖို့ ပြဿနာတက်ရသည်။ အလောင်းစင်ကို သယ်ထုတ်ရန် သူတို့ ခြေရင်းအိမ်၏ တံစက်မြိတ်နှင့် မလွတ်ဘဲ ရှိနေသည်။ ခေါင်းရင်းဘက်ကမထုတ်စကောင်း၊ ခြေရင်းအိမ်ကလည်း တံစက်မြိတ်နှင့် မလွတ်၍ သူတို့ဘက်က မထုတ်စေချင်၊ ခိုက်တက် သည်ဆို၏။

ထိုအခါ ကျွန်မတို့ အိမ်ခြေရင်း ခြံစည်းရိုးအတွင်းမှ ထုတ်လိုသည်ဆို၏။ ထိုအကြောင်းကို ခြေရင်းအိမ်မှ အဒေါ်ကြီးက ကျွန်မကို ခေါ်ပြောသည်။ “အဲဒါ သူတို့လာပြောရင် အထုတ်မခံနဲ့၊ အဒေါ့်ခြံစည်းရိုး ဘက်ကတော့ အထုတ်မခံနိုင်ဘူး၊ ငါ့တူမကို သူတို့လာပြောလိမ့်မယ်” အသုဘကို ခြံဝန်းထဲမှ ဖြတ်သယ်သွားစေလျှင် အိမ်ကို မည်သို့ ထိခိုက်စေပါသနည်း။ ကျွန်မ မသိ။ သို့သော် ကျွန်မကြောက်သည်။ သူတို့ ပြဿနာတက်နေပုံကိုက ကြောက်စရာ။ ကိုကိုပြန်လာတော့ ကျွန်မ ပြောပြရပါသည်။ “ဒီလိုဆို ကိုကိုတို့လဲ ခွင့်ပြုလို့ ဘယ်ဖြစ်မလဲ၊ သူ့ဟာက ဘာဖြစ်တတ်မှန်းလဲမသိ” “ဒုက္ခပဲကိုကို၊ သူတို့လာပြောရင် ဘယ်လိုပြန်ပြောရမလဲ။ လှိုင် မပြောတတ်ဘူး၊ မာမာတင်းတင်းလဲ မပြောဝံ့ဘူး၊ အားလဲနာတယ်၊ ပြီးတော့ အသုဘကြီးက ဘယ်ကမှ ထုတ်မရရင်လဲ ဒီအတိုင်းထားလို့ ဘယ်ဖြစ်မလဲနော်၊ လှိုင် စိတ်ညစ်လိုက်တာ” “အသုဘက နက်ဖြန်ချမှာ မဟုတ်လား” “ဟုတ်တယ် ကိုကို နေ့ဝက် ရုံးဆင်းရမှာနော်၊ အသုဘက နှစ်နာရီချမှာဆိုတော့ ကိုကိုလဲ ရှိနေမှာပဲ၊ တော်ပါသေးရဲ့” “ကိုကိုရှိနေလို့ မဖြစ်ဘူးလှိုင်ရဲ့ ၊ ကိုကို ညနေမှပဲ ပြန်လာ တော့မယ်၊ လှိုင်သာကြည့်ပြောလိုက်၊ မိန်းမဆိုတော့ ကိစ္စမရှိဘူး၊ ကိုကိုတို့ ယောက်ျားချင်းချင်း ပြောရရင် ဘယ်ကောင်းမလဲ၊ မျက်နှာ နာနေမှာ” “ဟင် ကိုကိုရယ်၊လှိုင်တစ်ယောက်တည်း၊ လှိုင်လဲကြောက်တယ်”

သို့သော် နောက်နေ့ နေ့လယ်တွင် ကိုကိုတကယ်ပြန်မလာပါ။ ပြဿနာကြားမှာ တစ်ယောက်တည်း ထားခဲ့ရက်သော ကိုကို့ကို စိတ်ဆိုးလှပါသည်။ အသုဘချကာနီး ကြေးစည်ရိုက်လိုက်သည် ဆိုလျှင်ပင် ကျွန်မရင်မှာ တဒိန်းဒိန်းမြည်ပြီး အသုဘရှင်တွေနှင့်ရောငိုချင်စိတ်ပင် ပေါက်လာပါတော့သည်။ သို့သော် ကျွန်မဆီသို့ မည်သူမျှမလာပါ။ ဘာမျှလည်းလာမပြောပါ။ အသုဘကို နောက်ဖေး လမ်းကြားကပင် ထုတ်သွားပါသည်။ နောက်မှသိရသည်မှာ ခြေရင်းအိမ်တံစက်မြိတ်ကို ခဏဖျက်ချပြီး ထုတ်သွားရသည်ဟု ဆို သည် ။ ကျွန်မမှာတော့ အသုဘကြီး အိမ်ရှေ့ လမ်းပေါ် ရောက်သွားမှပင် ဟင်းချနိုင်ပါတော့သည်။ ညနေဘက်တွင်တော့ ကျွန်မတို့အဖြစ်ကို ကျွန်မတို့ဘာသာ မျက်နှာပူပူဖြင့် ကိုကိုက အသုဘအိမ်သို့သွားပြီး ငွေတစ်ဆယ် ကူငွေထည့်ပါသည်။ ဗိုက်ကြီး သည် အိမ်က ကူငွေထည့်ရင် စတိပြန်တောင်းရတယ်ဆိုပြီး ငါးပြား ပြန်တောင်းခဲ့ရပါသေးသည်။ ။ကျွန်မတို့ နားမလည်သေးသော ကိစ္စများကား များလေစွ။ အယူသည်းမှုများကို ခေတ်လူငယ်တွေပီပီ မစွဲလန်းသော်လည်း ကိုယ်တိုင်က လူကြီးဖြစ်လာသောအခါ ကြောက်ကြောက်နှင့် လိုက်လုပ်ရသည်လေးများ ရှိတတ်လာသည်ကို တွေ့ရသည်။ ဒါကြောင့်လည်း လူမျိုးတစ်မျိုးတွင် အယူအဆတစ်ခုကိုစွဲလန်းပြီ ဆိုလျှင် ဆွေစဉ်မျိုးဆက် ဖျက်မရအောင် ပါသွားတတ်သည် ထင်ပါသည်။ အိမ်ထောင်ရှင်ဖြစ်လာမှ အတွေးအခေါ် အယူအဆက အစ ခြားနားခဲ့ရပါလေပြီ။

ကိုကိုအလုပ်သွားချိန်တွင် ကျွန်မသည် ကလေးအကျီလေးများ ချုပ်ကာ၊ ဗိုက်ဖုံးအကျီလေးများ ချုပ်ကာဖြင့် မအားရအောင်ရှိနေ ပါသည်။ ကျွန်မတွင် ပျင်းသည်ဟူ၍မရှိ။ အိမ်ရှင်မကြီး လုပ်နေရ သည်ကို ကြည်နူးနေမိပါသည်။ တစ်နေ့တွင်တော့ မေမေ့ဆီက စာလာသည်။ သမီးတို့ အိမ်ရ၍ အခြေကျပြီဆိုသဖြင့် မေမေတို့ လာလည်မည့် အကြောင်း၊ တစ်ပတ်ခန့် နေမည့် အကြောင်း၊ ဘုရားလည်းဖူးပြီး မျက်စိလည်း စမ်းသပ်လိုကြောင်း ပါရှိလေသည်။ ညနေ ကိုကိုပြန်လာချိန်တွင် ထမင်းစားရင်း ကိုကို့ ကို ပြောပြ လိုက်မိပါသည်။ ကိုကိုသည် တစ်စုံတစ်ခုကို တွေးတောနေဟန် တူပါသည်။ “ထမင်းစားရင်း ဘာတွေစဉ်းစားနေတာလဲ ကိုကို” “ဪ လှိုင့်မေမေလာရင် အိမ်မှာကိုကိုတို့ဘက်ကဘာပစ္စည်း မှ ဝယ်ပေးမထားတာ သိသွားတော့မှာပဲနော်” “အို ကိုကိုကလဲ၊ လှိုင့်ပိုက်ဆံနဲ့ ဝယ်ထားရတာတွေချည်းပါလို့ လှိုင်က ပြောမှာမှ မဟုတ်ဘဲ” “မဟုတ်ဘူးလေကွာ၊ ခုတင်တို့ စားပွဲတို့ အိမ်ထောင်ပရိဘောဂ တွေ ပြောတာပါ” “မေမေက ဘာမှပြောမှာ မဟုတ်ပါဘူး ကိုကိုရယ်” “ဘာမှ မပြောပေမယ့် သိသွားတော့ ဘယ်ကောင်းမလဲ”

နောက်နေ့ နေ့လယ်တွင် ကိုကိုတစ်ယောက် ဒေါ့ဂျစ်တစ်စီးဖြင့် ပေါက်ချလာပါသည်။ ခုတင်ဝယ်၍ တင်လာခြင်း ဖြစ်ပါသည်။ထိုနေ့ညက တစ်ညလုံး ခုတင်ကို ဆင်ရပြင်ရနှင့် အတော်မောသွား ကြပါသည်။ မေမေ နက်ဖြန်ရောက်ပေမည်။ ပြောသာပြောရ ကိုယ့် မိခင်က ကိုယ့်ယောက်ျားအပေါ် အထင်လွဲသွားမည်ကို ကျွန်မလည်း စိုးရိမ်မိပါသည်။ ကိုကိုကလည်း ကိုကို့ဖေဖေကိုပြော၍ အရေးတကြီး ဝယ်လာခြင်းဖြစ်သည်။ ထိုနေ့က ကျွန်မတို့ အိမ်ထောင်တွင် ခုတင်တစ်ခုလုံး တိုးလာ၍ အတော်ပင် ဟန်ကျပန်ကျ ဖြစ်သွားသည်ဟု ဆိုရပေမည်။မေမေ့ကို ကိုကို ကိုယ်တိုင် ဘူတာရုံတွင် သွားကြိုပါသည်။ ဒေါ်ကြီးက အိမ်စောင့်နေခဲ့၍ လိုက်မလာနိုင်ပါ။ သို့သော် ကျွန်မ ကြိုက်တတ်သော သရက်သီး သနပ်ကို ကိုယ်တိုင်လုပ်၍ သတိတရ ထည့်ပေးလိုက်ရှာပါသည်။ မေမေ့တွင်လည်း အထုပ်အပိုးတွေ တစ်ပုံကြီးပါလာသည်။

“ဒါက ဒညင်းသီး၊ ဒါကတော့ ငါးပိရည်ကျိုလေး၊ ကောင်းလွန်း လို့၊ ရန်ကုန်က ငါးပိတွေက စားမကောင်းလှပါဘူး၊ ပြီးတော့ ငါးရံ့ခြောက်တွေလဲ များတယ်၊ မောင်ကြည်သာတို့အိမ်ကို ပို့ခိုင်း လိုက်ဦး၊ သမီးတို့ ဆန်ရှားနေသလားလို့ ဆန်တောင် ယူလာသေး တယ်၊ ဆီကတော့ ပုံးလေးတစ်လုံးတည်း ပါတယ်” ကျွန်မသည် ပထမဆုံးအကြိမ်အဖြစ် ကိုယ့်အမေကို ကိုယ် ပြန်အားနာနေမိပါသည်။ မေမေသည် ကျွန်မတို့အိမ်လေးကိုကြည့်ပြီး သဘောကျနေသည်။ ကျွန်မက “ခုမှစပြီး ဝယ်ရခြမ်းရမို့လို့ ဘာမှ မစုံလင်သေးဘူး မေမေရဲ့” ဟု မလုံမလဲ ပြောမိသေးသည်။ “ဘာမှ အပိုပစ္စည်းတွေ ဝယ်မနေပါနဲ့ သမီးရယ်၊ နေလို့ဖြစ်ရင် ပြီးတာပါပဲ၊ ပစ္စည်းက အရေးမကြီးဘူး၊ ငွေကိုသာစုဆောင်းတတ်ဖို့အရေးကြီးတယ်၊ ငွေရှိရင် ပစ္စည်းဝယ်လို့ရတယ်၊ ဒါနဲ့ သမီးကော အလုပ်ရဖို့ မနီးသေးဘူးလား“ ကိုကိုက ဆရာမ လုပ်ချင်လုပ်၊ တခြားအလုပ်တော့ မလုပ်စေချင်ဘူးဆိုလို့ ဆရာမအလုပ်ရဖို့ပဲ မျှော်နေတယ် မေမေ။ ရဖို့တော့ နီးနေပါပြီ” မေမေ စိတ်ချမ်းသာအောင် ကျွန်မကပြောလိုက်ရသည်။

တကယ်စိတ်ကူးထားသည်မှာတော့ အနီးအနားမှ ကလေးတွေစုပြီး အိုးမကွာ အိမ်မကွာ ကျူရှင်ပေးရန်သာ ဖြစ်ပါသည်။ မေမေ ရှိနေစဉ်အတွင်း ကျွန်မက မေမေသွားလိုရာသို့ လိုက်ပို့သည်။ ကိုကိုတို့အိမ်ကိုတော့ ခေါ်မသွားဖြစ်ပါ။ ကျွန်မတို့တွင် ကျွန်မအဆောင်မှာနေစဉ်က သုံးခဲ့သော ခြင်ထောင် ခေါင်းအုံးလေးများက ဧည့်ဆောင်အပိုပစ္စည်းဖြစ်လာ၍ မေမေ့ကို အိမ်ဦးခန်းတွင် သိပ်လိုက်နိုင်ပါသည်။ သို့သော် အလာတွင် တစ်ထုပ်တစ်ပိုး သယ်လာသော မေမေ့ကို အပြန်တွင်တော့ ကိတ်မုန့်လေး နှစ်ဘူးသာ ပြန်ဝယ်ပေးလိုက်နိုင်ပါသည်။

“အရိုးကိုစင်အောင်ထွင်နော် အချောင်မခိုနဲ့၊ မမြတ်နွယ်က ငရုတ်သီးကို စီးနေအောင်ထောင်း၊ ဟော ပဲပြုတ်အိုးက ဝေကျတော့မယ်” “မိ ခင်အေးရီ ဆရာမ ပီပီ သြဇာပေးလွန်းတယ်ကွာ၊ သူကတော့ သက်သာတဲ့အလုပ် အပိုင်ယူထားပြီး” “အမယ် ကြက်သွန်နွာရတာ မသက်သာဘူးနော်၊ မျက်ရည် ပေါက်ပေါက်ကျအောင် လုပ်ရတာပါ” ကျွန်မတို့ အိမ်တွင် သူငယ်ချင်းတစ်စု စုပေါင်း၍ မုန့်ဟင်းခါး ချက်စားနေကြခြင်း ဖြစ်ပါသည်။ မြမြသင်း၊ ခင်အေးရီ၊ မမြတ်နွယ်နှင့် အဆောင်တွင် လူသစ်များဖြစ်ကြသော တိုးတိုးနှင့် အယ်နီတို့လည်း ပါကြသည်။ ကြည်မေဦး ပါမလာ၍ ကျွန်မက စိတ်မကောင်း။

“မင်းတို့ကလဲကွာ၊ မေဦးကို ပစ် မထားကြပါနဲ့၊ သူက စိတ်ရင်း သဘောရင်း ကောင်းရှာပါတယ်” “ခေါ်ပါတယ် မိလှိုင်ရယ်၊ သူ့မှာ ဒီနေ့ အင်ဂေ့ချ်လုပ်ပြီးသား ရှိနေလို့၊ ဘဲရီးဆောရီးပါပဲတဲ့၊ ဒါပေမယ့် မုန့်ဟင်းခါးနည်းနည်းတော့ ယူခဲ့ပါတဲ့ရှင်” “ အခု ဘယ်သူနဲ့ တွဲနေလဲ ဟင်” “အရပ် မြင့်မြင့် ဗလကောင်းကောင်းနဲ့ လူကြီးဆရာ၊ ခုတော့ မေဦးက သူ့တစ်ယောက်ပဲ ချိန်းတယ် ထင်တယ်ကွ၊ တခြားကောင် တွေလာတာ မတွေ့ရဘူး” စပ်စုတတ်သော မမြတ်နွယ်က သေသေချာချာ ပြောပြသည်။ “တခြားကောင်တွေကို သူက ရှန်တိန်လုပ်လိုက်ပြီလေ” ခင်အေးရီစကားကို ကျွန်မ နားမရှင်းလှပေ။ “ဘယ်လိုရှန်တိန်လုပ်လိုက်တာလဲ” “သီတာနွယ့်ဆီ ပြောင်းပေးလိုက်တာပေါ့” “သီတာနွယ်ဆိုတာ ဟို ဖရက်ရှာ ချာတိတ်မလေး မဟုတ် လားကွယ်” “ဟုတ်တယ် မမလှိုင်ရဲ့ ၊ သီတာနွယ်က မမကြည်မေဦးကို သိပ်အထင်ကြီးနေတာ၊ သံရုံးဧည့်ခံပွဲတွေ ဘာတွေကိုလဲ သိပ်သဘော ကျနေတာပဲ၊ လူဆိုတာ အပေါင်းအသင်းဆန့်မှ ကောင်းတာတဲ့” ကျွန်မ အမေးကို တိုးတိုးက ဝင်ဖြေပါသည်။

“သူက အယ်နီတို့ကိုတောင် သိပ်စကားမပြောတော့ဘူး၊ ကလပ်စ်ချင်း တူတာတောင် အတူတူမသွားဘူး၊ မမကြည်မေဦးနဲ့ပဲ သွားတယ်” ။ကျွန်မ စိတ်ဝင်စားသော သီတာနွယ် အကြောင်းကို ကျွန်မ ကြားရပြန်ပါပြီ။ သီတာနွယ်ကို ကျွန်မ မြင်မြင်ချင်း ချစ်ခင်မိသည်။ ပြီးတော့ စိုးရိမ်မိသည်။ သူ့ပုံကိုက စိုးရိမ်ဖွယ်ရာကလေး။ ကြည်မေဦး အနေအထိုင်ကို မကြိုက်သည့်တိုင် သူ့အတွက်က စိတ်ချရသည်။ ကြည်မေဦးသည် သူ့ပြဿနာ သူရှင်းတတ်သည်။ ဘယ်သူ့ကိုမှလည်းဒုက္ခမပေးတတ်။ ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်။ သူလုပ်ချင်ရာ လုပ်သွားသည့်တိုင် သူ့သိက္ခာသည် အလွန်အမင်းကျသွားခြင်းမရှိ။ သူစာတော်အောင်ကြိုးစားသည်။ ဖိုင်နယ်စာမေးပွဲတွင် ဘာသာရပ် အားလုံး ဂရိတ် ၄ဒသမ၅ အထက်မှာ ရှိသည်။ မဟာဝိဇ္ဇာသင်တန်းကို လွတ်လွတ်ကျွတ်ကျွတ် တက်ရသည်။ ခု အလုပ် လုပ်ချင်လျှင် ခုချက်ချင်း သူ့အစ်ကိုအဆက်အသွယ်တွေနှင့် ရနိုင်သည်။ သူ့ကိုယ်သူ အဖတ်ဆယ်၍ ရနိုင်သည်။ ခက်သည်က ဟိုမရောက် သည်မရောက် မနူးမနပ်လေးတွေသာ မဟုတ်ပါလား။ ဖားတု၍ ခရုခုန်လို့ မဖြစ်ချေ။

“ကဲကဲ အတင်းပြောမနေကြနဲ့၊ ငါးဆီသတ်မယ်” မြမြသင်းက အိုးသူကြီးလုပ်ကာ ဒယ်အိုးနှင့် ယောက်မကို ဟန်ပါပါ ပြင်လိုက်ပါသည်။ ကျန်လူများက အရိုးထောင်းသူထောင်း၊ ရေစစ်သူကစစ်နှင့် အလုပ်ရှုပ်နေကြသည်။ ကျွန်မက ဗိုက်တစ်လုံး အကြောင်းပြက အသက်သာ ခိုနေရသည်။ ယခုလို ကိုယ်ပိုင် အိမ်ထောင်လေးတွင် သူငယ်ချင်းများနှင့် စုပေါင်းတွေ့ဆုံရသည့်ဘဝ ကို ကျွန်မ ကြည်နူးမဆုံးတော့ပါ။ ကျွန်မတို့ ချက်သော မုန့်ဟင်းခါး ဟင်းသည် ဘာလိုမှန်းမသိအောင် မကောင်းလှသော်လည်း စား၍ မြိန်သည်မှာ ပြောဖွယ်ရာမရှိတော့ပါချေ။

“လှိုင့်သူငယ်ချင်းတွေတော့ အိမ်ကို ဖိတ်ပြီးပြီ၊ ကိုကို သူငယ်ချင်းတွေ ဖိတ်ပြီး ထမင်းကျွေးရအောင် နော်” “ကိုကို့သူငယ်ချင်းတွေက ထမင်းစားချင်ကြတာမဟုတ်ဘူး၊ ဝိုင်းဖွဲ့ပြီး သောက်ချင်ကြတာလှိုင်ရဲ့ ၊ မင်းတို့ အိမ် ကျယ်တယ် မဟုတ်လားလို့ ခဏခဏ စကားခေါ်နေတယ်” “အို သောက်ကြပါစေလေ၊ ပျော်ပျော်ပါးပါးပေါ့၊ ကိုကို သူငယ်ချင်းတွေ လှိုင်တို့ကို အများကြီး ကူညီကြတာပဲ၊ ချိန်းသာ ချိန်းလိုက်ပါ ကိုကို၊ လှိုင် အမြည်းလုပ်ပေးမယ်၊ အမဲသားကြော်ပေး ရမလား၊ အာလူးကြော်ပေးရမလား” “လှိုင်က ကိုကိုထင်တာထက် အိမ်ရှင်မ ပီသနေပါလားကွယ်” ကိုကိုက ကျွန်မ ပခုံးလေးကို ဖက်ပြီး ကြည်နူးနှစ်သိမ့်စွာ ပြောလာပါသည်။ ကိုကိုကတော့ လှိုင်ထင်ခဲ့သလောက် အိမ်ထောင်ရှင် ယောက်ျား မပီသဘူးဟု ကျွန်မ ပြောမထွက်တော့ပါ။

“ဒါနဲ့ ကိုကို၊ ဒီသောကြာနေ့မှာ ဆေးရုံသွားရဦးမယ်နော်၊ ကိုကို လိုက်ပို့မှာပဲ မဟုတ်လား” “ဒီတစ်ခါတော့ လှိုင်တစ်ယောက်တည်းပဲ သွားပါတော့ကွာ၊ ကိုကိုလဲ ရုံးက ခဏခဏ ခွင့်ယူလို့မကောင်းဘူး၊ ပြီးတော့ စောင့်ရတာ အကြာကြီးပဲ” အမျိုးသမီးဆေးရုံ ပြင်ပလူနာဌာနသို့ သွားပြရသည်ကို ကျွန်မက ပို၍ပင် စိတ်ပျက်လှပါသည်။ သို့သော် မသွား၍ မဖြစ်။ ကျန်းမာရေးကိစ္စမို့ သွားရပါဦးမည်။ ကိုကိုမလိုက်လျှင်လည်း တစ်ယောက်တည်းကြဲရတာပ။မြမြသင်းဆီ ကျွန်မ ဖုန်းဆက်၍ ခေါ်မိသည်။ သောကြာနေ့ အားလျှင် ဆေးရုံလိုက်ခဲ့ပါမည့်အကြောင်း။ မြမြသင်းက လိုက်စေ ချင်လျှင် ရုံးမှ ခွင့်ယူလာမည့်အကြောင်း ပြောပါလေသည်။ ကျွန်မ အတွက်တော့ မြမြသင်းသည် ထာဝရသူငယ်ချင်းကောင်း တစ်ယောက် ပါပေ။ကျွန်မတို့နှစ်ယောက် ဆေးရုံရောက်တော့ ရှစ်နာရီကျော်ပြီ။

လက်မှတ်ထပ်သည့်နေရာတွင် တန်းစီနေသော လူတန်းကြီးက ရှည်လျားလှပါဘိ။ ကျွန်မသည် တစ်ခေါက်ရောက်ဖူးပြီမို့ ပထမဆုံး အစီအစဉ်ကို စကာ ဆောင်ရွက်လိုက်ပါသည်။ ဗိုက်ကြီးသည် ယိမ်းများ ထွက်နေသလား ထင်ရအောင် များပြားလှသော ဗိုက်များ ကြားတွင် ဝင်၍စီလိုက်ပါသည်။ ပထမဆုံးအခေါက်ကလောက် မစောင့်ရတော့ပါ။ ပေါင်ချိန်သည့် နေရာတွင်တော့ အတော့်ကို ကြာအောင် စောင့်ရပါလေသည်။ “ ငါတော့ လင်ယူဖို့တောင် စိတ်ကုန်ပြီဟေ့” မြမြသင်းက ညည်းပါလေပြီ။ “ငါလဲ နောက်ထပ်ကလေးမွေးဖို့ဆိုရင် စိတ်ကုန်ပြီ” ကိုယ့်နာမည် ခေါ်လျှင် ကြားရအောင် နားကို အစွမ်းကုန် စွင့်ထားရသည်။ သို့သော် သည်နေရာကလည်း သိပ်မဆိုးသေး။ ပေါင်ချိန်ပြီးလျှင် သွေးချိန်ရန် လက်မှတ်ထပ်ရပြန်သည်။ သွေးချိန် ပြီးလျှင်တော့ ဆီးစစ်သည့်အခန်းသို့ ပြေးပေတော့။ သည်နေရာ တွင် အခက်အတွေ့ရဆုံးတည်း။ တစ်ပတ်နှင့် တစ်ပတ် တာဝန်ကျ ဆရာဝန် ဆရာမများ မတူသည့်အလျောက် အစီအစဉ်ကလည်း ခြားနားနေတတ်ပါသည်။

မြမြသင်း အဖော်လိုက်သည့် အပတ်တွင်မှ အစီအစဉ်က ချာလှသည်။ သက်ဆိုင်ရာ စားပွဲမှ လက်မှတ်များကို နာမည် အစဉ်လိုက်မခေါ်ဘဲ ဆီးစစ်ပြီးသူများက နာမည်ပြော၍ လက်မှတ်ပြန်ယူရသည်။ ဆီးစစ်ခွင့်ရရန် ခွက်ငယ်ကိုယူ၍ အိမ်သာ တွင်သွားကာ ဆီးကို ထည့်ယူလာခဲ့ရသည်။ ယူလာသောဆီးကို ဖန်ပြွန်ငယ်ဖြင့် လက်ခံကာ ချက်ပေးပါသည်။ဆီးထည့်ရန်ခွက်က ၄-၅ ခွက်၊ ဗိုက်ကြီးသည်က တစ်ရာ နှစ်ရာ ဖြစ်နေပါသည်။ ခွက်လုပွဲကြီးကား မြင်မကောင်းတော့ပေ။ “အို အရမ်းမတိုးပါနဲ့၊ ဒီမှာ ညပ်နေပြီ” “အစ်မကြီး ပြီးရင် အဲဒီခွက်လေး ကျွန်မ ပေးပါနော်” “ဒီက အရင် တောင်းတာရှင့်” “အို ဘယ့်နှယ် လိုက်လုနေရတာလဲ၊ ဒီမှာ စစ်တောင် မစစ်ရသေးဘူး” တစ်ယောက်နှင့် တစ်ယောက် ဗိုက်ချင်းတိုက်ပြီး တိုးကြေ ကြ ရန်ဖြစ်ကြသည်။ စိတ်ပျက်ပျက်နှင့် ပြန်ချင်တဲ့အချိန်မှ ပြန်ရ ပေစေတော့ဟု ခြေပစ်လက်ပစ် ထိုင်သူက ထိုင်နေကြသည်။

“အိုး နောက်ဆုတ်ကြစမ်းပါဦး၊ ဒီမှာ ဆီးတွေ ဖိတ်ကုန်ပြီ” ဆီးချက်ပေးသည့် ဆရာမက နှစ်ယောက်တည်းမို့ မနိုင်မနင်း ဖြစ်ကာ အော်၍သာ လွှတ်တော့သည်။ စိတ်ပျက်ဖွယ်ကောင်းလှ ပါဘိ။ “ကိုယ့်ဗိုက်သာကိုယ် လက်သီးနဲ့ ထိုးပစ်လိုက်ချင်တော့တယ်” မိခင်လောင်းတစ်ယောက်က ညည်းချေပြီ။ ဆရာဝန်နဲ့တွေ့ဖို့ ကျပြန်တော့ကော။ စမ်းသပ်ပေးမည့် ဆရာဝန်က နှစ်ယောက် တည်း။ လူနာ ငါးယောက်တစ်တွဲ ခေါ်သွင်းသည်။ “အင်္ကျီကြယ်သီးတွေ အဆင်သင့် ဖြုတ်ထားပါ” ဆရာဝန်အခန်းထဲရောက်သည်ဆိုလျှင်ပင် စမ်းသပ်ခံဖို့ အဆင်သင့် ပြင်ကာ စောင့်ကြရပါသည်။

“ကဲ ပြီးရင် တစ်ယောက်တက်၊ မြန်မြန်” မြန်မြန်ဆိုမှတော့ လာလေ့။ အပြေးအလွှားတက်၊ မြန်မြန် စမ်းသပ်ခံ၊ မြန်မြန်ဆင်းပေတော့။ မြန်မြန်ပြီးလျှင် ပြီးရော။ “ကလေးတစ်ယောက် မွေးရတာလဲ မလွယ်ပါလားမိလှိုင်ရာ၊ ဒါနဲ့ သတင်းစာထဲမှာ ပါပါနေတဲ့ အမျိုးသမီးဆေးရုံကြီးမှာ သားဦးလေး ဖွားမြင်ကြောင်း၊ ကျေးဇူးတင်ကြောင်းဆိုပြီး ကြော်ငြာ တွေ ထည့်ထည့်နေတဲ့ လူတွေကကော ဒီမှာပဲ ဒီလို ဒုက္ခခံပြီး လာအပ်ကြတာပဲလား” “အဲဒါ လှိုင်လဲ စဉ်းစားနေတာပဲ၊ ရုပ်ရှင်မင်းသမီးတွေရော၊ အရာရှိဇနီးတွေရော စုံနေတာပဲနော်၊ ဒီကိုလာသမျှတော့ ကိုယ့်အမြင် ဖြင့် သားသားနားနားတောင် မတွေ့ရဘူး၊ ဆင်းဆင်းရဲရဲ အမျိုး သမီးတွေချည်းပဲ” “အေး ဟုတ်တယ်ကွ၊ စဉ်းစားစရာပဲ” ကျွန်မတို့ မသိနားမလည်သော အရာကို ကြည်မေဦးက လာ၍ရှင်းပြသွားသည်။ နောက်နေ့တွင် ကျွန်မဆီသို့ ကြည်မေဦး ရောက်လာသည်။

“ယူ ဆေးရုံသွားပြတာ မြမြလိုက်ပို့ခဲ့ရတယ်လို့ပြောတယ်။ သိပ်စိတ်ညစ်ဖို့ကောင်းတာပဲတဲ့၊ အပျိုကြီးက ညည်းနေပြီ” “အေးကွာ၊ လှိုင်လဲ သူ့ကို ဒုက္ခပေးသလို ဖြစ်သွားတယ်” “လှိုင်က အ တာကိုး၊ အပြင်မှာ ဆရာဝန်ကြီးတွေနဲ့ အပ်ပါ လား” “လှိုင်က ဆေးတိုက်တွေမှာ မမွေးချင်ဘူး၊ ဆေးရုံကိုပဲ အား ကိုးတယ်” “ဒါကြောင့်လှိုင့်ကို အ တယ်ပြောတာပေါ့၊ ဆေးရုံမှာပဲ မွေးရမှာပါပဲ၊ ကောင်းကောင်းမွန်မွန် မွေးရမှာ” “အို ဟုတ်လား ဘယ်သူ့ဆီ သွားအပ်ရမှာလဲဟင်၊ တစ်ချို့က ပြောတော့ အသိဆရာဝန်ရှိမှ ဆို၊ မေဦးနဲ့သိတဲ့ ဆရာဝန်ရှိလားဟင်” “သိဖို့ မလိုပါဘူးကွာ၊ ဆရာဝန်မကြီးတွေကိုယ်တိုင် အပြင်မှာ ဆေးခန်းဖွင့်ပြီး ဗိုက်လက်ခံနေတာပဲဟာ” ထို့နောက် မေဦးက ကျွန်မကို ဗိုက်အပ်ပုံအပ်နည်း သင်ပေး ပါသည်။ ဆရာဝန်မကြီးများဆိုင်ရာ ဆေးခန်းများကိုလည်း လမ်း ညွှန်သည်။ မေဦးကျေးဇူးဖြင့် နောက်အပတ်များတွင် ကျွန်မဒုက္ခ မရောက်တော့ပါ။ ဆေးခန်းတွင် ဆရာဝန်မကြီး တစ်ဦးနှင့်တွေ့ဆုံကာ ဗိုက်အပ်သည်။ ဆီးစစ်သည်။ ထိုနေရာတွင်မှ ကျွန်မတို့ ဆေးရုံတွင် မမြင်ရသော အမျိုးသမီးများကို ဗိုက်ဖုံးအကျီချင်း အလှပြိုင်၍ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရပါလေသတည်း။ ဗိုက်ကို သက်သက်သာသာ အစမ်းသပ်ခံ၍ ငွေကိုလည်း ရက်ရက်ရောရော ပေးခဲ့ရပါလေသည်။

“ကိုကို ကိုကို ထပါဦး ကိုကိုရယ်၊ သမီးလေး ကိုယ်တွေ ပူနေတယ်၊ကိုကိုကလဲ မကြားဘူးလား၊ အိပ်လိုက်တာ သိုးနေတာပဲ” “အင် အုပ်ဆေး အုပ်ဆေး လိမ်းပေးလိုက်လေ” “အုပ်ဆေးက အရမ်းလိမ်းလို့ ရတာမှ မဟုတ်ဘဲ ကိုကိုရဲ့၊ ထစမ်းပါဦးတဲ့မှ တကတဲ” “အင် လှိုင်ကလဲကွာ၊ ကိုကို မနက် ရုံးတက်ရဦးမှာ” သမီးလေးမအိပ်၍ ပခုံးပေါ်တင်ပြီး လျှောက်ရသည်မှာ နာရီဝက်ခန့်ရှိပါပြီ။ ကျွန်မမှာ မွေးဖွားပြီး နှစ်လမျှသာရှိသေး၍ ခြေထောက်များထုံပြီး နာလာပါသည်။ ကိုကိုကတော့ ငဲ့စောင်း၍မှ မေးဖော်မရဘဲ နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်နေပါ၏။ နေနိုင်လွန်းသော ကိုကို့ကို ကျွန်မ ဒေါသဖြစ်မိသည်။

“ကိုကို တစ်ယောက်တည်း အလုပ်လုပ်ရတာ မဟုတ်ပါဘူး ကိုကို၊ လှိုင်လဲတစ်နေ့လုံး မနားတမ်း လုပ်နေရတာပါပဲ၊ အိမ်မှာ နေတယ်ဆိုပေမယ့် အားနေတာ မဟုတ်ပါဘူး ကိုကိုရယ်” “ကွာ ဘာတွေ ပြောနေတာလဲ၊ အိပ်ချင်လွန်းလို့ပါ” “လှိုင် တစ်ရေးမှ မရသေးဘူး” “ကဲ ကဲ ပေး ကလေး၊ အိပ်စမ်းကွာ” ကိုကိုက စိတ်မရှည်သလို သမီးကိုလှမ်းချီရင်း ပြောပါသည်။ ကျွန်မ ကိုကို့ကို နားမလည်နိုင်တော့ပါ။ ကျွန်မတို့ အိမ်ထောင်သက် တစ်လျှောက်လုံးတွင် ကိုကိုသည် အလုပ်လုပ်ကျွေးသည်ကလွဲ၍ ကျန်အိမ်မှုကိစ္စများကို လျစ်လျူရှုခဲ့သည်သာ များချေသည်။ ယခုလို သွေးနုသားနုအချိန်မှာပင် မယားတစ်ယောက်ကို ညှာတာဖို့ ကိုကို ဝန်လေးချေသည်လား။

“လှိုင် မအိပ်ဘဲ နေနိုင်ပါတယ် ကိုကို၊ သမီးကို စိတ်ပူလို့ ပါ၊ ကိုကို မချီပါနဲ့၊ လှိုင်ပဲချီပါ့မယ်၊ ကိုကို အိပ်ချင်ပြန်အိပ်ပါ” ကျွန်မမှာ ဒေါသလည်းဖြစ် ဝမ်းလည်းနည်းသဖြင့် ကိုကို့ကို ခပ်ဆတ်ဆတ်ပြန်ပြောပြီး သမီးကို ပြန်ခေါ်လိုက်ပါသည်။ “လှိုင် ဘယ်လိုပြောတာလဲ၊ တစ်လှည့်ချီပါဦးလို့ ရှင်းရှင်းပြော လဲ ပြီးတာပဲ” “ပြောစရာများ လိုသေးလို့လားကိုကိုရယ်” “အို ပြောမှ သိမှာပေါ့ကွာ၊ အိပ်ပျော်နေတဲ့ ဟာကို” “လှိုင် အိပ်ရေးပျက်တာ သမီးမွေးပြီးကတည်းကပဲ၊ ညည ကလေး ထငိုတဲ့အခါ ကိုကို ကြားတဲ့အခါလဲ ကြားတာပဲ၊ ဒါပေမယ့် မသိချင်ယောင်ဆောင်ပြီး ပြန်အိပ်တာပဲ မဟုတ်လား” “ဟေ့ ကလေးငိုတာ မအေ အလုပ်ပဲကွ”“ဟုတ်ပါတယ်၊ ဒီအိမ်မှာ လှိုင့်အလုပ်ချည်းပါပဲ၊ ကိုကို အနေနဲ့ကတော့ လခ မှန်မှန်အပ်ရင် ကိုကို့ဝတ္တရား ကျေပြီပေါ့ ၊ ကျန်တာတွေ ကိုကိုနဲ့ ဘာမှ မဆိုင်ဘူးပေါ့” “လှိုင်ရှင်းရှင်းပြောစမ်းပါ၊ ဘာကို မကျေမနပ်ဖြစ်နေတာလဲ” “မကျေနပ်တာ မဟုတ်ပါဘူးကိုကို၊ ဝမ်းနည်းတာပါ၊ လှိုင်တို့ အိမ်ထောင်ရေးကို ကိုကိုစိတ်ဝင်စားမှုမရှိတာ ဝမ်းနည်းတာပဲ” “တောက် ဘာတွေမှန်းလဲမသိဘူး၊ အလကား အဓိပ္ပာယ်မရှိ” တကယ်တော့ ကျွန်မ ရင်ထဲမှာ ကိုကို့ကို ပြောချင်တာတွေ ပြည့်လျှံနေပါသည်။

ကလေးထမချီသည့် ကိစ္စလေးတစ်ခုတည်း မဟုတ်ပါ။ ကြုံလာသမျှ ပြဿနာတိုင်းကို ကိုကိုသည် ယောက်ျားပီပီ ဦးဆောင်ခြင်းမရှိ။ လျစ်လျူရှု၍ နေတတ်ဘိသည်။ ခုလဲကြည့်။ ကျွန်မမှာသာ ဒေါသဖြစ်၍ ကျန်ခဲ့ရသည်။ သူက ပြန်အိပ်ပျော်နေပေပြီ။ သမီးလေးအိပ်ပျော်သွားမှ ကျွန်မ အိပ်ရာဝင်ခဲ့ရသည်။မနက်တွင်တော့ ခါတိုင်းလို ကျွန်မ စောစောမနိုးတော့ပါ။ ကိုကို့အတွက် ထမင်းချက်ရမည့်အချိန်တွင် ကျွန်မအိပ်မောကျနေခဲ့ ပါသည်။ ကျွန်မနဖူးကို ညင်သာစွာထိတွေ့ လာသော အတွေ့အထိကြောင့် ကျွန်မ နိုးလာရသည်။ ကိုကိုသည် ရုံးသွားရန် အင်္ကျီပင် လဲပြီးချေပြီ။ ကျွန်မက ကမန်းကတန်း လူးလဲထလိုက်ရသည်။

“အိပ်နေပါ လှိုင်၊ လှိုင်ညက အိပ်ရေးပျက်ခဲ့တာပဲ၊ ကိုကို အကြော်ဝယ်ပြီး ထမင်းကြမ်းနဲ့ စားလိုက်ပြီ၊ လှိုင့်ဖို့လဲ အကြော် နှစ်ခုချန်ထားတယ်၊ ရေနွေးလဲ ထည့်ထားတယ်၊ ကိုကိုသွားတော့မယ်” ကျွန်မသည် ညကအဖြစ်ကိုမေ့ပြီး ကိုကို့ကိုသနားသွားသည်။ ကိုကိုကလည်း ကျွန်မအတွက် စိတ်မကောင်းဖြစ်နေပုံရပါသည်။ တကယ်တော့ ကိုကိုသည်လည်း သူ့ အိမ်တွင် လူကြီးမိဘတို့၏ အကြင်နာ အယုယခံကာ လွတ်လွတ်လပ်လပ် နေထိုင် လာခဲ့ရသူ ပေပဲ။ အိပ်ချင်လွန်းသဖြင့်သာ အော်မိအော်ရာ အော်ခဲ့ခြင်းဖြစ် ပါလိမ့်မည်။ ယခုတော့ ကျွန်မကို ညှာတာကာ သူ့ ထမင်း သူ ကြံဖန်စားပြီး အင်္ကျီကိုလည်း ကိုယ်တိုင် မီးပူတိုက်ထားသည်။ ကော်လာနှင့် ရင်ပတ်ကမူကြေနေပေသည်။ချစ်သူဘဝက ကျွန်မဆီလာတိုင်း အလွန်ရိုးများခဲ့သော ကိုကို့ကို မြင်ယောင်ရင်း ကျွန်မ သက်ပြင်းချမိပါသည်။ထိုနေ့တွင် သမီးငယ်ကိုချီ၍ ကလေးဆေးရုံကို ပြေးရပြန်ပါ သည်။ သုံးဘီးမရသဖြင့် ဘတ်စ်ကားနှစ်တန်စီးရသည်။ သမီးငယ်က ကားပေါ်တွင် တကျီကျီငိုပါလေသဖြင့် လူရှေ့တွင် နို့မတိုက်ဝံ့သော ကျွန်မမှာ ရှက်ရှက်နှင့် နို့တိုက်ရပြန်ပါသည်။

“ရှင် ရှင် ဒါဘာလုပ်တာလဲဟင်” “ဘာလဲဗျ၊ မတော်တဆ ခိုက်မိတာပဲ” “ဘာ မတော်တဆလဲ၊ ရှင် တမင်ယုတ်မာတာ မသိဘူးမှတ်လား” “အထိမခံနိုင်ရင် ကိုယ်ပိုင်ကား စီးပါလား” နောက်ဘက်မှ ဆူဆူညံညံ အသံကြားသဖြင့် ဘတ်စ်ကား နောက်ပိုင်းသို့ ကျွန်မလှည့်ကြည့်မိပါသည်။ “ဟင် တိုးတိုး” အမျိုးသားတစ်ဦးနှင့်ရန်ဖြစ်နေသော တိုးတိုးကို တွေ့ရသည်။ကျွန်မက လှမ်းခေါ်လိုသော်လည်း တိုးတိုးက ကျွန်မကို မမြင်ပါ။ သူမ မျက်နှာလေးမှာ ရှက်စိတ်ကြောင့် ရဲနေပါသည်။ ဆတ်ဆတ် ထိမခံတတ်သောအသွင်လေးက အထင်းသားပေါ်နေပြီး လက်ထဲတွင် ခေါက်ထီးကို ဟန်ပါပါ ကိုင်ထားသည်။ ဘေးလူများက မျက်လုံး အပြူးသားဖြင့် ဝိုင်းကြည့်နေကြပြီး မည်သို့မျှ ဖြေရှင်းမပေးကြ။တော်ပါသေးသည်။ မှတ်တိုင်တစ်တိုင်တွင် ကားကရပ်လိုက်စဉ် အမျိုးသားဆင်းသွားပါလေသည်။ ထိုအချိန်တွင်မှ တိုးတိုးကလည်း ကျွန်မကို မြင်သွားသည်။

“လာ တိုးတိုး၊ ဒီမှာလာထိုင်၊ မမရှေ့မှတ်တိုင်မှာဆင်းမှာ” တိုးတိုးက မထိုင်တော့ဘဲ ကျွန်မဆင်းသည့် မှတ်တိုင်လိုက်၍ ဆင်းလာပါသည်။ “သိပ်ပြီး နှမချင်းမစာနာတာဘဲ မမလှိုင်ရယ်၊ လက်တန်းပေါ် လှမ်းကိုင်ထားတဲ့ တိုးတိုးလက်ပေါ်ကို အုပ်ပြီး လာကိုင်တယ်၊ ပြီးတော့ ပြီးတော့ တိုးတိုးကို အတင်းဖိကပ်ထားတာနဲ့ တိုးတိုးလဲ မနေနိုင်တော့လို့ ဒေါသဖြစ်ဖြစ်နဲ့ ရန်တွေ့လိုက်တာပဲ၊ ရှက်လိုက်တာ” “သူတို့ကလဲ ရှက်ရှက်နဲ့ ငြိမ်နေတာကို အခွင့်ကောင်းယူ နေကြတာပဲ ညီမရေ၊ ဒါနဲ့ တိုးတိုးက ဘယ်သွားမှာလဲ” “စမ်းချောင်းက အဒေါ်တစ်ယောက်ဆီက ပြန်လာတာ မမလှိုင်၊ မြို့ထဲဆက်သွားမလို့၊ မသွားချင်တော့ပါဘူး မမရယ်၊ မမနဲ့ပဲ လိုက်ခဲ့မယ်” တိုးတိုးသည် ကလေးဆေးရုံထိ ကျွန်မနှင့်အဖော်လိုက်လာ ပါသည်။ အပြန်တွင် တိုးတိုးကို အဆောင်ထိ ကျွန်မပြန်ပို့ခဲ့သည်။ကျောင်းတက်သွားကြသဖြင့် အခြားဘယ်သူ့ကိုမှ ကျွန်မ မတွေ့ခဲ့ရပေ။ အမျိုးသားတစ်ယောက်နှင့် စကားပြောနေသော သီတာ နွယ်ကိုသာ အဆောင်ရှေ့ ဧည့်ခန်းတွင် တွေ့ရသည်။အိမ်ပြန်ပြီး သမီးကိုသိပ်ရင်း အိပ်ပျော်သွားရာ ကိုကို ပြန်လာမှ ကျွန်မ နိုးပါလေသည်။

“ဟင် ကိုကိုပြန်လာပြီ၊ ဘယ်နှစ်နာရီ ထိုးသွားပြီလဲ” “ငါးနာရီ ကျော်ပြီ” “ဟော တော်၊ ထမင်းလဲ မချက်ရသေးဘူး” ကျွန်မ မီးဖိုးထဲပြေး၍ ထမင်းကို ကမန်းကတန်းချက်ရပါသည်။ ကိုကိုသည် စိတ်လိုလက်ရ သမီးကို ပုခက်လွှဲပေးနေသည်။ “ကိုကိုတော့ ဆာနေတော့မှာပဲ၊ နေ့လယ်က သမီးကို ကလေး ဆေးရုံ သွားပြရတယ်ကိုကို၊ စောင့်လိုက်ရတာ အကြာကြီးပဲ” “ဟုတ်လား၊ ခု နေကောင်းသွားပြီလား” “သက်သာသွားပါပြီ၊ ကိုယ်မပူတော့ဘူး၊ ကောင်းကောင်း လဲ အိပ်တယ်၊ ညကတော့ တစ်ညလုံးကို မအိပ်ဘူး၊ ကိုကိုကလဲ နေနိုင်လိုက်တာ” ကျွန်မက မကျေနပ်သည့်စိတ်လေးကို နည်းနည်းလေးမှ မပြောလိုက်ရလျှင် မနေတတ်သော မိန်းမတို့ ဝါသနာအတိုင်း ကိုကို့ကို ပြောဖြစ်အောင် ပြောလိုက်ပါသေးသည်။

“ကိုကိုလဲအိပ်ချင်လွန်းလို့သာ အိပ်နေရတယ်၊ လှိုင်က ဘယ် တော့များ လာအော်ဦးမလဲလို့ တစ်ထင့်ထင့်နဲ့ပါကွာ” ကျွန်မသည် ယောက်ျားတို့၏ အပျင်းထူတတ်ပုံကိုသာ နားလည်ခွင့်လွှတ်ရတော့မလို ဖြစ်သွားမိပါသည်။ သို့သော် ရင်ထဲမှ မကျေနပ်ချက်လေးများကိုတော့ ဆက်ပြောလိုက်မိသေးသည်။ “ကိုကိုက ကိုယ့်အိမ်ထောင်ကို ဂရုစိုက်ရကောင်းမှန်းမသိဘူး၊ သိပ်လျစ်လျူရှုနေနိုင်တာပဲ” “ဒါတော့ လှိုင်က လောဘကြီးတာကိုး” “ဘာ လောဘကြီးတာလဲ” “ယောက်ျား တစ်ယောက်ဟာ အချိန်မှန်အိမ်ပြန်လာတယ်။ ရတဲ့ငွေကို မှန်မှန်အပ်တယ်၊ အလေမလိုက်ဘူး၊ မိန်းမကို မနှိပ်စက်ဘူး ဆိုရင် အဲဒီမိန်းမ အင်မတန် ကံကောင်းတာ လှိုင်ရဲ့” ကိုကိုပြောသည်မှာ မှန်ချင်လည်း မှန်ပါလိမ့်မည်။

သို့သော် အိမ်ထောင်တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဖန်တီးချင်သော ကျွန်မအတွက်တော့ လက်မခံနိုင်ပါ။ “ကိုကိုတို့ ယောက်ျားတွေရဲ့ အဘိဓမ္မာက ဒီလိုပဲလားဟင်” “ယောက်ျားတွေရဲ့ အဘိဓမ္မာမဟုတ်ဘူး၊ မိန်းမတွေရဲ့ အဘိဓမ္မာ လှိုင်ရဲ့ ၊ အရက်သမား၊ ဖဲသမားနဲ့ ညားရတဲ့ မိန်းမတွေ၊ ယောက်ျားက အိမ်မကပ်လို့ စိတ်ညစ်ရတဲ့ မိန်းမတွေ မေးကြည့်စမ်းပါလား၊ အိမ်မှာသာ အေးအေးထိုင်နေစမ်းပါတော်၊ ကိုယ်ကပဲ ရှာကျွေးရ ကျွေးရ ဆိုတာမျိုးတွေ တစ်ပုံကြီး” “လှိုင်တော့ ယောက်ျားဆိုတာ ရှေ့က ဦးဆောင်နိုင်ရမယ်။ အားကိုးအားထား ပြုထိုက်ရမယ်၊ ကြုံလာသမျှကို ရှေ့တန်းက ရင်ဆိုင်ဖြေရှင်းရမယ်၊ ဒါမှအိမ်ထောင်ရှင်ယောက်ျားပဲ၊ အရက်သမား၊ ဖဲသမား အလေလိုက်တယ်ဆိုတဲ့ လူမျိုးကိုတော့ စာရင်းထဲတောင် ထည့်မစဉ်းစားဘူး” မီးဖိုဆောင်တွင် ကျွန်မက ထမင်းချက်ရင်း ကိုကိုက ဘေးမှ ထိုင်ကြည့်ရင်းဖြင့် ကျွန်မတို့၏ အိမ်ထောင်ရေးဆွေးနွေးပွဲကြီးမှာ အကြိတ်အနယ်ဖြစ်လာပါသည်။ ကိုကိုကလည်း သူ့ဘက်က သူကာကွယ်သည်။ ကျွန်မကလည်း ကျွန်မဘက်မှ တစ်ပြားသား မလျှော့ချင်။

“ဒါ့ကြောင့် လှိုင့်ကို လောဘကြီးတယ် ပြောတာပေါ့” “ဒီလိုဆို လှိုင်ကလဲ ကိုကို အေးအေးဆေးဆေး နေနေတာကို ကျေးဇူးတင်ရဦးတော့မှာပေါ့ နော်၊ ကိုကိုအတွေးအခေါ်က သာမန် ယောက်ျားတွေရဲ့အတွေးအခေါ်ပါကိုကိုရယ်၊ လှိုင်က လှိုင့်ယောက်ျား ကို သာမန်ယောက်ျားမဖြစ်စေချင်ဘူး” “ဒီလိုဆို လှိုင် အရွေးမှားနေပြီ” “မှားတာကတော့ အစကတည်းကပါ” “ဘာရယ်” “ဪ၊လှိုင်အိမ်ထောင်ပြုတာကိုက မှားတယ်လို့ပြောတာပါ” ကိုကိုက မျက်နှာ ပျက်သွားပါသည်။ ရုတ်တရက်လည်း တွေဝေသွားသည် ။ ကျွန်မက ပြောချင်တာ ပြောလိုက်ရ၍ ကျွန်မလုပ်စရာ ရှိတာသာ ဆက်လုပ်နေသော်လည်း ကိုကိုက ငူငူ ငိုင်ငိုင်းမောဆဲဖြစ်ပါသည်။ အတန်ကြာမှ ကိုကို့နှုတ်မှ ကြေကွဲသံ ထွက်လာသည်။

အပိုင်း(၄)ဆက်လက်ရေးသားပါဦးမည်။

စာရေးဆရာမ မိုးမိုး (အင်းလျား) ရေးသားသော ပျောက်သောလမ်းမှာ စမ်းတဝါး စာအုပ်မှ ကူးယူဖော်ပြသည်။

OpenMoreOnline

Related Posts