ယုံကြည်မှုလွန်ကဲ အလွဲများစွာ

ယုံကြည်မှုလွန်ကဲ အလွဲများစွာ

ယုံကြည်မှုလွန်ကဲ အလွဲများစွာ

သမီးရေ သမီးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်စေချင်တယ်။ ဒါပေမယ့် ယုံကြည်မှုလွန်ကဲတဲ့ မိန်းကလေးမျိုးတော့ မဖြစ်စေချင်ဘူး။ Confident ရှိပါ။ over confident တော့ မဖြစ်စေနဲ့ သမီး။ ပြီးတော့ မှားယွင်းယုံကြည်မိတာမျိုးမဖြစ်အောင် သမီး သတိထားရမယ်နော်။

တစ်ခါတလေကျတော့ တချို့မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးကြတယ်။ ငါက လှတယ်၊ ငါက ဆွဲဆောင်မှုရှိတယ်၊ ငါ့ကို ယောက်ျားလေးတွေက ချစ်ခင်စုံမက်ကြမှာပဲ၊ လက်ထပ်ချင်ကြမှာပဲ၊ ငါပြောသမျှ ယုံကြည်လက်ခံမှာပဲ၊ ငါခိုင်းသမျှ လုပ်မှာပဲ စသည်ဖြင့်ပေါ့ သမီးရယ်၊ သူကတော့ ငါ့ကို ကြွေနေပါပြီလို့လည်း တစ်ဖက်သတ် ထင်မြင်တတ်ကြတာပေါ့…။

ဥပမာတစ်ခုပြောရရင် တချို့ မိန်းကလေးတွေဟာ အွန်လိုင်းပေါ်မှာ ရည်းစားထားကြတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ တွေ့ဆုံရင်းနှီးပတ်သက်ပြီး ချက်တင်ဝင်ကြတယ်။ လူချင်းမတွေ့ဖူးဘဲ တစ်ဖက်ယောက်ျားလေးက ကိုယ့်ကိုချစ်ပါတယ်လို့ ချက်တင်ဝင်ပြီး လာပြောရင်လည်း ယုံကြတာပဲနော်။ အဲ့ဒီလိုယုံတယ်ဆိုတာကိုက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်းတစ်မျိုးပဲ သမီးရဲ့။

သူက ကိုယ့်ကို တကယ်ချစ်တာပါလို့ ယုံကြည်ခြင်းဟာ ကိုယ်က တကယ်ချစ်စရာကောင်းသူကလေး၊ ချစ်ချင်စရာလေး၊ မလှည့်စားရက်စရာလေး၊ ရုပ်မမြင်ရဘဲနဲ့တောင် ကိုယ့်ကို ချစ်ခင်စွဲလမ်းလာအောင် ဆွဲဆောင်နိုင်စွမ်းရှိသူကလေး၊ အတည်ကြံချင်စရာလေး၊ တန်ဖိုးထားလက်ထပ်ယူချင်စရာလေးရယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်တွေကြီးပြီး ယုံကြည်မှုလွန်ကဲသွားတာနော်…။

တစ်ဖက်သားကို သိပ်ယုံမိတာဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရာကနေ စတတ်တယ် သမီး၊ သူဟာ ကိုယ့်ကိုလိမ်မယ့်သူမဟုတ်ဘူးလို့ သူ့ကိုယုံကြည်မိတာက အလွဲတစ်ခု၊ ကိုယ်ဟာ အလိမ်ခံရမယ့်သူ မဟုတ်ဘူး၊ လိမ်ရက်စရာမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတာက အလွဲတစ်ခု၊ အဲ့ဒီအလွဲနှစ်ခုဟာ တစ်ခုနဲ့တစ်ခု အမြဲပတ်သက် စပ်ဆက်နေတတ်တယ်။

အဲ့ဒီလိုလွဲပြီဆိုရင် အလွဲရဲ့ နောက်မှာ အမှားတွေဟာ သူ့အလိုလို အော်တိုမစ်တစ် ပါလာတော့တာပဲ။ လူချင်းမဆုံဖူးဘဲ အွန်လိုင်းပေါ်မှာ ချစ်ကြိုက်မိတဲ့ ယောက်ျားလေးက အပြင်မှာတွေ့ပါရစေလို့ မိန်းကလေးကို တောင်းဆိုလာတဲ့အခါ မိန်းကလေးက အဲ့ဒီလူကိုလည်း ယုံလိုက်တယ်၊ သူ့ကိုယ်သူလည်း ယုံလိုက်တယ်။ ငါ့ကို သူက စွဲလမ်းသထက် စွဲလမ်းလာပြီ၊ ငါတို့ အပြင်မှာ တကယ်တွေ့ဆုံ ချစ်သူတွေဖြစ်ရတော့မယ်လို့ကို ယုံလိုက်တာပေါ့။

အဲ့ဒီလို ယုံပြီးတွေ့လိုက်မိလို့ ဖျက်ဆီးခံလိုက်ရတဲ့ မိန်းကလေးတွေအများကြီးပဲ သမီးရေ။ ဂျာနယ်တွေမှာလည်း အဲဒီလို သတင်းတွေ သမီး ဖတ်ရမှာပါ။ တချို့ ဆယ်ကျော်သက် လူငယ်ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် သိပ်ကိုယုံကြည်မှုလွန်ကဲတတ်ကြတယ် သမီးရဲ့ ၊ သူတို့ ရည်းစားထားလို့ မိဘက တားမြစ်ရင် မိဘကို ရန်သူလိုတောင် မြင်လာတယ်။

တစ်ဖက် ယောက်ျားလေးက ကိုယ့်သမီးအပေါ် လှည့်စားနေမှန်းသိလို့ မိဘကပြောရင် ဆတ်ဆတ်ခါနာကြတယ်။ သူတို့ကို အထင်သေးတယ်လို့ထင်တယ်၊ ကိုယ့်ကိုတကယ်ချစ်တာမဟုတ်ဘူးလို့ ပြောရင်ကို အထင်သေးလို့ ပြောတယ်ထင်တယ်။ ကိုယ်ဟာ တကယ်အချစ်ခံနေရတာပါလို့ ယုံကြည်မှု လွန်ကဲနေကြတာပါပဲ။

အချစ်ကိစ္စမှာမှ မဟုတ်ဘူး သမီးရေ ပညာသင်ကြားတဲ့ကိစ္စ၊ အလုပ်ကိစ္စ၊ တခြား လူမှုရေး၊ စီးပွားရေးကိစ္စတွေကအစ ဘယ်ကိစ္စမှာမှ တစ်ဖက်သားအပေါ်ရော ကိုယ့်ကိုယ်ကိုယ်ပါ ယုံကြည်မှုမလွန်ကဲမိပါစေနဲ့လို့ မေမေ အထူးမှာချင်တာပါပဲ သမီးရယ်။ ယုံကြည်မှု လွန်ကဲရင်လည်း လွဲတတ်တာကိုး သမီးရဲ့။

စာရေးဆရာမ ပုညခင် ရေးသားထားသော မိန်းကလေးများသို့ မေတ္တာစကား စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts