ပျားရည်

ပျားရည် ကို လိုသော် ပျားအုံ ကို မဖျက်နှင့် (အပိုင်း-၁)

၁၉၃၁ ခုနှစ် မေ ၇ ရက်နေ့က နယူးယောက်မြို့တော်တွင် ရှေးက တွေ့ကြုံခဲ့ဖူးသော ‘ လူဖမ်းပွဲ ‘ တို့အနက် တုန်လှုပ်ချောက်ချားဖွယ်ရာ အကောင်းဆုံးဖြစ်သော လူဖမ်းပွဲတစ်ခုကို နယူးယောက်မြို့သူမြို့သားတို့ တွေ့မြင်ကြရလေသည်။ တနင်္ဂနွေ အပတ်ပေါင်းများစွာ လိုက်လံရှာဖွေရပြီးနောက် ဆေးလိပ်နှင့်အရက်ကို မသောက်တတ်သော သေနတ်နှစ်လက်ကိုင် ကရိုလီ ခေါ် လူသတ်သမားကို အနောက်ဖျားရိပ်သာအရပ်ရှိ သူ၏ ရည်စားသည် အိမ်တွင် ပုလိပ်များ ဝိုင်းမိလေ၏။

သူပုန်းနေသော အပေါ်ဆုံးအထပ်ကို ပုလိပ်သား ၁၅၀ နှင့် စုံထောက်တို့သည် ဝိုင်းထားပြီးလျှင် အမိုးမှ အပေါက်များဖောက်ပြီး မျက်ရည်ကျစေတတ်သော ဓာတ်ငွေ့များသွင်းလျက် ပုလိပ်သတ်သမား လူဆိုးကြီး ကရိုလီကို လက်ရဖမ်းဆီးရန် ကြိုးစားကြလေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အိမ်များမှ စက်သေနတ်များဖြင့် ချိန်ပြီး နယူးယောက်မြို့၏ အလွန်သပ်ရပ်သော ထိုရပ်ကွက်တွင် တစ်နာရီကျော်ကျော်လောက် သေနတ်သံ တဒိန်းဒိန်းနှင့် ပစ်ခတ်လျက်ရှိကြ၏။ ခုထားသော ကုလားထိုင်တစ်လုံး၏ နောက်မှာဝပ်ပြီး ကရိုလီသည် ပုလိပ်များကို မရပ်မနားဘဲ ပစ်ခတ်လျက်ရှိ၏။ ထိုကဲ့သို့ ကရိုလီနှင့် ပုလိပ်တို့ အပြန်အလှန် ပစ်ခတ်နေသော ပွဲကို လူတစ်သောင်းလောက် များစွာ စိတ်ဝင်စားစွာနှင့် စောင့်ကြည့်လျက် ရှိကြ၏။ နယူးယောက်မြို့၏ လမ်းပေါ်တွင် ထိုကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းသော ‘ ပွဲ ‘ မျိုးကို တစ်ခါဖူးမျှ ရှေးက မတွေ့ကြုံခဲ့ဖူးချေ။

ကရိုလီကို မိသောအခါ ပုလိပ်မင်းကြီး မူလရူနေ ဆိုသူက ကရိုလီသည် နယူးယောက်မြို့၏ လူဆိုးစာရင်းတွင် ကြောက်စရာအကောင်းဆုံး လူဆိုးတစ်ယောက် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုလေသည်။

‘ ဒီအကောင်ဟာ ငှက်မွေးကလေး တစ်မွေးလောက် ကျတာနဲ့လည်း သတ်မှာပဲ ‘
ဟု ပုလိပ်မင်းကြီးက ထပ်ပြီး ပြောသေးသည်။

သို့ရာတွင် ကရိုလီသည် သူ့ကိုယ်ကိုယ်သူ ဘယ်လိုလူစားဟူ၍  ထင်ပါသလဲ။ သူဘယ်လိုထင်သည်ကို ကျွန်ုပ် ပြောပြနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အခန်းတွင်းသို့ ပုလိပ်များက သေနတ်နှင့် ပစ်ခတ်နေစဉ် ‘ သက်ဆိုင်သူများသို့ ‘ ဟူ၍ ခေါင်းတပ်ပြီးလျှင် သူသည် စာတစ်စောင် ရေး၏။ စာရေးနေစဉ် သူ၏ သေနတ်များမှ စီးကျလာသော သွေးများသည် စာရေးစက္ကူပေါ်တွင် ကျသဖြင့် သွေးကွက်မာျးပင် ထင်းလျက်ရှိလေသည်။ စာထဲတွင်

‘ ကျွန်ုပ်၏ အင်္ကျီအောက်တွင် နွမ်းနယ်သော နှလုံးသားတစ်ခု ရှိ၏။ ထိုနှလုံးသားသည် နွမ်းနယ်လင့်ကစား ကြင်နာတတ်သည်ဖြစ်၍ မည်သူ့ကိုမျှ ဘေးမလုပ်လို ‘ ဟူ၍ ရေးသားထား၏။

ထိုသို့ မဖြစ်ပျက်မီကလေးတွင် ကရိုလီသည် လောင်းအိုင်လန် အရပ်၏ အနီးရှိ တောလမ်းကလေးတစ်လမ်းတွင် မိမိ၏ မော်တော်ကားကိုရပ်၍ ချစ်သူတစ်ဦးနှင့် ကျီစယ်နေစဉ် ပုလိပ်အရာရှိ တစ်ဦးသည် ရုတ်တရက်ပေါ်လာပြီးလျှင်
          ‘ ခင်ဗျား၏ မော်တော်ကားလိုင်စင်ကို ကြည့်ပါရစေ ‘ ဟု တောင်းလေသည်။

ကရိုသည် ဘာစကားကိုမျှ ပြန်မပြောလိုက်ဘဲ သေနတ်ကို ဆွဲထုတ်ပြီးလျှင် ပုလိပ်အရာရှိကို အချက်ပေါင်းများစွာ ပစ်ထည့်လိုက်၏။ ပုလိပ်အရာရှိသည် လဲကျသွားစဉ်တွင် ကရိုလီသည် မိမိ၏ ကားထဲမှ ခုန်ထွက်လာပြီးနောက် အရာရှိ၏ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီးလျှင် မလှုပ်နိုင်ဘဲ စန့်၍နေသော ပုလိပ်သား၏ ကိုယ်ထဲသို့ ကျည်ဆံတစ်ဆံ ပစ်သွင်းလိုက်သေး၏။ ထိုမျှ ရက်စက်စွာ သတ်လိုက်သော လူသတ်ကြီးက ‘ ကျွန်ုပ်၏ အင်္ကျီအောက်တွင် နွမ်းနယ်နေသော နှလုံးသားတစ်ခု ရှိ၏။ ထိုနှလုံးသားသည် နွမ်းနယ်လင့်ကစား ကြင်နာတတ်သည်ဖြစ်၍ မည်သူကိုမျှ ဘေးမလုပ်လို’ ဟူသော စာမျိုးကို ရေးသေး၏။

ကရိုလီကို သေစားသေစေရန် စီရင်ချက်ချ၏။ အသတ်ခံရန် ဆင်းဆင်း ထောင်သို့ရောက်သောအခါ ‘ ကျွန်တော် ယခုလို အသတ်ခံရတာ လူများကို သတ်မိလို့ပါ’ ဟု ကရိုလီက ပြောသလား၊ မပြောပါ။ ‘ကျွန်တော့်အသက်ကို ကျွန်တော်ကာကွယ်မိလို့ ဒီလိုအသတ်ခံရတာ ‘ ဟူ၍သာ ကရိုလီက ပြောလေသည်။

(ယခု အဖြစ်အပျက်ကလေး၏ လိုရင်းအဓိပ္ပာယ်မှာ ဘာပဲဖြစ်ဖြစ် ကရိုလီသည် မိမိကိုယ်မိမိ အပြစ်မတင်ခြင်းပင် ဖြစ်သည်။)

မူရင်းရေးသားသူ DALE CARNEGIE , ဘာသာပြန် ဦးနု၏ မိတ္တဗလဋ္ဋီကာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts