hapeye

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည် (အပိုင်း – ၂)

အမှန်ကိုရောက်အောင် တွေ့နိုင်သောသူများသည် အလွန်ရှားလေသည်။ ကျွန်ုပ်တို့သည် များသောအားဖြင့် အစွဲအလမ်းကြီးသောသူများ ဖြစ်ကြသည်။ များသောအားဖြင့် ကျွန်ုပ်တို့တွင် အဖက်ဖက် စွဲလမ်းလျက်ရှိသော စိတ်ကူးများ၊ သဝန်ကြောင်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ ကြောက်ရွံ့စိုးရိမ်ခြင်း၊ မနာလိုခြင်းနှင့် မာနများ ရှိကြလေသည်။ များစွာသော လူတို့သည် သူတို့ယုံကြည်သော ဘာသာ သို့မဟုတ် နှစ်သက်သော ဆံတောက်ပုံ သို့မဟုတ် မှန်သည်ထင်သော ကွန်မြူနစ်ဝါဒ သို့မဟုတ် စွဲလမ်းလျက်ရှိသော ဇာတ်လိုက်မင်းသား ကလတ်ဂေဗယ် စသည့်အရာတို့ကို စွန့်ပစ်ကြရန် အလိုမရှိကြချေ။

ထို့ကြောင့် အကယ်၍ တစ်ဖက်သားကို မှားသည်ဟု ပြောတတ်သော ဝါသနာ အသင့်တွင်ရှိခဲ့ပါလျှင် အောက်ပါစာပိုဒ်ကို နံနက်စာမစားမီ နံနက်တိုင်း ဖတ်ကြားပါလေ။ ထိုစာပိုဒ်သည် ပရော်ဖက်ဆာဂျိမ်းဟာဗေး ရောဗင်ဆန် ရေးသားသော ‘စိတ်ဖြစ်ပေါ်ပုံ’ စာအုပ်မှ ကောက်နှုတ်ချက် ဖြစ်သည်။

ပြင်းပြင်းထန်ထန် မကြိုးစားရဘဲနှင့် ကျွန်ုပ်တို့၏ စိတ်ထားများသည် ပြုပြင်ပြောင်းလဲသွားသည်ကို ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ တွေ့ရဖူး၏။ သို့ရာတွင် ကျွန်ုပ်တို့ကို တစ်စုံတစ်ယောက်သောသူက မှားသည်ဟု စွပ်စွဲလိုက်သောအခါ ကျွန်ုပ်တို့သည် ဤသို့ပြောဆိုခြင်းကို မနှစ်မြို့သောကြောင့် ကျွနု်ပ်တို့၏ မူလသဘောထားကို မပြောင်းဘဲ ဇွတ်တရွတ် နေတတ်ကြလေသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်စွဲလမ်းချက်များအပေါ်တွင် အမှုမဲ့အမှတ်မဲ့ ပေါ့ပေါ့ဆဆ နေတတ်ကြသော်လည်း တစ်စုံတစ်ယောက်သောသူက ထိုအချက်များကို ထိခိုက်ပြောဆိုလာသောအခါ သူတို့အပေါ်တွင်ရှိသော ကျွန်ုပ်တို့၏ စွဲလမ်းခြင်းစိတ်ဓာတ်တို့သည် ကျွန်ုပ်တို့၏ရင်တွင်းတွင် ဆထက်ထမ်းပိုး တိုးလာသည်ကို တွေ့ရှိရပေလိမ့်မည်။ စင်စစ်မှာမူကား ဤကဲ့သို့ ဖြစ်ခြင်းသည် အမှားအမှန်ကို ဤမျှလောက် ဂရုစိုက်လှ၍ မဟုတ်။ ကျွန်ုပ်တို့၏ ဂုဏ်ကို ထိခိုက်သောကြောင့် ဖြစ်သည်။ ….. လူတို့တွင် ‘ငါ့ဟာ’ ဆိုသော စကားလုံးလေးသည် အလွန်အရေးကြီးလေသည်။ ထိုအချက်ကို ကောင်းစွာအသုံးပြုတတ်ခြင်းသည် ပညာရှိခြင်း၏ အစပင်တည်း။ ‘ငါ့ထမင်း’ ‘ငါ့ခွေး’ ‘ငါ့အိမ်’ ‘ငါ့အဖေ’ ‘ငါ့တိုင်းပြည်’ ‘ငါ့ဘုရားသခင်’ စသော စကားလုံးတို့သည် အဓိပ္ပာယ်လေးနက်ရာတွင် ညီတူမျှတူပင်ဖြစ်သည်။

ကျွန်ုပ်တို့၏နာရီသည် အချိန်မှားနေသည်ဟူ၍ လည်းကောင်း၊ ကျွန်ုပ်တို့၏မော်တော်ကားသည် စုတ်နေသည်ဟူ၍ လည်းကောင်း အပြောခံရမည်ကို မနှစ်မြို့ရုံသာမက အင်္ဂါဂြိုလ်တွင် ရှိသော ရေသွားမြောင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ မှတ်သားထားသည့် အချက်များသည်လည်းကောင်း၊ ‘အက်ပိတက်တပ်’ ဟူသော စကားလုံးကို ခေါ်ရာတွင် ကျွန်ုပ်တို့၏ အသံထွက်သည်လည်းကောင်း၊ ဆယ်လီဆင်ဓာတ်သည် ဆေးဖက်တွင် မည်မျှ အသုံးဝင်သည် သို့မဟုတ် ပထမဆာဂွန်၏ မွေးနေ့သည် မည်သည့်နေ့ဖြစ်သည်ဟူ၍ ကျွန်ုပ်တို့၏ အမှတ်အသားများသည်လည်းကောင်း မှားယွင်းချွတ်ချော်နေသောကြောင့် သူတို့ကို အသစ်ပြင်ရန် လိုသည်ဟူသော သွန်သင်ချက်တို့ကိုလည်း ကျွန်ုပ်တို့ မနှစ်မြို့ချေ။ ကျွန်ုပ်တို့ မှန်သည်ဟု အယူရှိထားသော ယုံကြည်ချက်တို့ကို ကျွန်ုပ်တို့သည် ဆက်လက်ယုံကြည်လိုသော ဆန္ဒများ ရှိကြသည်။ ထိုယုံကြည်ချက်များကို ထိခိုက်ပြောဆိုလာသောအခါ မခံချင်သော စိတ်ဓာတ်များ ကြွတက်လာပြီးလျှင် ထိုအချက်များဘက်မှနေ၍ ဆင်ခြေအမျိုးမျိုး ပေးကာ ခုခံကာကွယ်တတ်ကြသည်။ သို့ဖြစ်သောကြောင့် စကားပြောရာတွင် ကျွန်ုပ်တို့၏ အကိုးအကားများသည် အခြားမဟုတ်၊ ကျွန်ုပ်တို့ ယုံကြည်ရင်းစွဲ ဖြစ်သောအချက်များကို ကာကွယ်ရန်အတွက် ပေးသောဆင်ခြေများပင် ဖြစ်ကြ၏။

တစ်ခါတုန်းက ကျွန်ုပ်၏အိမ်ကို အလှဆင်ရန်အတွက် လူတစ်ယောက်ကို ငှား၍ခိုင်းဖူး၏။ အားလုံးပြီးစီး၍ အလှဆင်ပေးခအတွက် ကြွေးတောင်းစားရင်း ရောက်လာသောအခါ ဈေးကြီးလွန်း၍ ကျွန်ုပ်သည် ပင့်သက်ရှူမိ၏။ ရက်အနည်းငယ်ကြာသောအခါ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် အိမ်သို့ အလည်ရောက်လာ၏။ အလှဆင်ထားသည်ကို တွေ့သောအခါ အလှပြင်ခ ဘယ်လောက်ပေးရသလဲ ဟု မေးလေသည်။ အခကို ပြောပြသောအခါ ကျွန်ုပ်၏ မိတ်ဆွေသည် စုတ်သတ်၍ ‘အလှပြင်သမားက ရှင့်ကို ‘ချ’ သွားပြီ၊ ဈေးသိပ်များတာပေါ့’ ဟု ပြန်ပြောလေသည်။ ကျွန်ုပ်၏မိတ်ဆွေ ပြောသောစကားသည် အမှန်ပင်ဖြစ်လေသည်။ သို့ရာတွင် မိမိတို့ကိုယ်တိုင် လုပ်ထားသော အလုပ်များကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အပြစ်ဆိုခြင်းကိုမူကား ကြိုက်သူအလွန်နည်းလေသည်။ ကျွန်ုပ်လည်း ပုထုဇဉ်ဖြစ်သည့်အတိုင်း ကျွန်ုပ် လုပ်ထားသော အလုပ်ကို ကာကွယ်လို၏။ ထို့ကြောင့် ‘အကောင်း ကြိုက်ရင် ဈေးပေါပေါနဲ့ မရဘူး၊ ဈေးနည်းနည်းဆိုရင် ကုန်အညံ့တွေ ရမှာပေါ့’ အစရှိသည်ဖြင့် ပြန်၍ ပြောလိုက်၏။

နောက်တစ်နေ့တွင် အခြားမိတ်ဆွေတစ်ဦး အလည်ရောက်လာပြန်၏။ ထိုမိတ်ဆွေကမူကား အလှပြင်ထားသော အရာများကို ကြည့်ပြီးလျှင် အလွန်စိတ်အားထက်သန်စွာနှင့် ချီးမွမ်းလျက်ရှိ၏။ သူ၏ အိမ်တွင်လည်း ဒီလိုများ အလှပြင်ထားနိုင်လျှင် ဘယ်လောက်ကောင်းမလဲ အစရှိသည်ဖြင့် ပြောကြား၏။ ထိုမိတ်ဆွေ၏စကားကို ကြားရသောအခါ ကျွန်ုပ်၏ စိတ်ဓာတ်များသည် တစ်မျိုးတစ်ဖုံ ဖြစ်လာလေသည်။ ထို့ကြောင့် ‘ဟာ မပြောပါနဲ့တော့ကွယ်၊ ခိုင်းပြီးသား ဖြစ်နေလို့သာ ငြိမ်နေလိုက်ရတယ်၊ အစကသာ ဒီလောက် ကုန်မယ်မှန်းသိရင် မခိုင်းပါဘူး၊ ဈေးသိပ်ကြီးတာပဲ’ ဟူ၍ ကျွန်ုပ်က ပြန်ပြော၏။

ကျွန်ုပ်တို့သည် အမှားတစ်ခုကို ပြုလုပ်မိသောအခါ ကျွန်ုပ်တို့ စိတ်ထဲကသာလျှင် မှားကြောင်း ဝန်ခံကောင်း ဝန်ခံလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့အား ဖျောင်းဖျောင်းဖျဖျ သာသာယာယာနှင့် မေးစမ်းခြင်းပြုလျှင် ထိုသို့ မေးသူများအား ကျွန်ုပ်တို့၏ အမှားကို ဝန်ခံ၍ ‘ငါ မှန်တာကို ဘွင်းဘွင်းကြီး ပြောရဲတယ်’ အစရှိသော စိတ်ထားဖြင့် ကျွန်ုပ်တို့၏ သဘောပြောရဲတယ်’ အစရှိသော စိတ်ထားဖြင့် ကျွန်ုပ်တို့၏ သဘောထားကြီးခြင်းကို ဂုဏ်ယူကောင်းဂုဏ်ယူမိပေသည်။ မည်သို့ပင် သဘောထားကြီးချင်သော ဆန္ဒရှိစေကာမူ အတင်းစွပ်စွဲလျှင် ကျွန်ုပ်တို့၏ မှားကြောင်းကို ဝန်ခံမည်မဟုတ်ပေ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts