ပျားရည်

ပျားရည် ကို လိုသော် ပျားအုံ ကို မဖျက်နှင့် (အပိုင်း – ၈)

ပျားရည် ကို လိုသော် ပျားအုံ ကိုမဖျက်နှင့် (အပိုင်း – ၈)

ကျွန်ုပ် ငယ်ရွယ်စဉ် အခြားလူများက ကျွန်ုပ်အား အထင်ကြီးအောင် အပြင်းအထန် ကြိုးစားနေရသောအခါတွင် ကျွန်ုပ်သည် အမေရိကန်ပြည် စာပေလောကတွင် အတော် နာမည်ကြီးဖူးခဲ့သော ရစ်ချက်ဟာဒင်ဒေဗီ စာရေးဆရာကြီးတစ်ဦးထံသို့ မိုက်မဲသော စာတစ်စောင် ရေးခဲ့ဖူး၏။ ထိုအခါက ကျွန်ုပ်သည် စာရေးဆရာများ၏ အကြောင်းကို မဂ္ဂဇင်းဆောင်းပါးတစ်စောင် ရေးရန် ပြင်ဆင်လျက်ရှိသောကြောင့် ဒေဗီထံသို့ သူ၏ အလုပ်လုပ်ပုံစနစ်ကို စာရေး၍ မေးလေသည်။ ထိုစာကို မရေးမီ ရက်အနည်းငယ်ခန့်က ‘ဤစာကို ပါးစပ်နှင့် ကြောင်းပေးလိုက်သည်၊ ပြန်၍မဖတ်’ ဟူသော စာကို အောက်ဆွယ်က ရေးထားသော စာတစ်စောင်ကို ရရှိရာ ထိုစာရေးသူကို အတော်အထင်ကြီးမိ၏။ ဤစာရေးသူသည် အတော်အလုပ်များ၍ အတော်ကြီးကျယ်ခမ်းနား အရေးပါအရာရောက်သော ပုဂ္ဂိုလ်ကြီးပင် ဖြစ်လိမ့်မည်ဟု ထင်မိ၏။ ကျွန်ုပ်မှာကား အနည်းငယ်မျှ အလုပ်မရှိ။ သို့ရာတွင် ရစ်ချက် ဟာဒင်ဒေဗီက ကျွန်ုပ်အား အထင်ကြီးစေလိုသော ဆန္ဒရှိ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ စာအဆုံးတွင် ‘ဤစာကို ပါးစပ်နှင့် ကြောင်းပေးလိုက်သည်၊ ပြန်၍မဖတ်’ ဟု ထည့်၍ ရေးပေးလိုက်၏။

ရစ်ချက်ဟာဒင်ဒေဗီကား ဂရုတစိုက်လုပ်၍ပင် စာပြန်ခြင်းမပြုပေ။ ကျွန်ုပ် ရေးပေးလိုက်သော စာအောက်နားက ‘မင်း၏ ရိုင်းပျသည့် အမူအရာထက်သာသော အရာသည် မင်း၏ ရိုင်းပျသော အမူအရာပင်ဖြစ်သည်’ ဟူ၍ ရေးသားကာ ကျွန်ုပ်စာကို ကျွန်ုပ်ထံသို့ ပြန်ပို့လိုက်၏။ ကျွန်ုပ်မှားသည်ကား မှန်၏။ ကျွန်ုပ်သည် သူ၏ ကြိမ်းမောင်းခြင်းကို ခံကောင်းခံထိုက်ပေမည်။ သို့ရာတွင် ပုထုဇဉ်မျှသာဖြစ်သောကြောင့် ကျွန်ုပ်သည် ထိုကဲ့သို့ ဆုံးမလိုက်ခြင်းကို ရွံရှာမုန်းတီး၏။ ကျွန်ုပ်သည် ထိုကဲ့သို့ ဆုံးမလိုက်ခြင်းကို မည်မျှရွံရှာမုန်းတီးခဲ့သနည်းဟူမူ ဆယ်နှစ်လောက်ကြာ၍ ရစ်ချက်ဟာဒင်ဒေဗီ သေဆုံးသည့် သတင်းကို ဖတ်ရသောအခါ ကျွန်ုပ်၏ရင်တွင်းတွင် ပေါ်လာသည့် တစ်ခုတည်းသောစိတ်သည် သူ့အပေါ်တွင် နာကြည်းသောစိတ်ပင် ဖြစ်သည်ကို ခပ်ရှက်ရှက်နှင့်ပင် ဝန်ခံရတော့မည်။

သင်နှင့် ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာကြာ၍ သေဆုံးမှ ပြေနိုင်မည့်မုန်းစိတ်ကို မနက်ဖြန် ဆွပေးလိုပါလျှင် မှန်သည်မှားသည်ကို အပထား၊ အနည်းငယ် နာကြည်းဖွယ် ကောင်းသည့် အပြစ်တင်ခြင်း တစ်ခုခုကို ပြောကြစို့။

လူများနှင့် ဆက်ဆံသောအခါ အကြောင်းအကျိုးကို နှိုင်းချိန်ဆင်ခြင်တတ်သော သတ္တဝါများနှင့် ဆက်ဆံနေရသည်ဟူ၍ မမှတ်လေနှင့်။ ကျွန်ုပ်တို့ ဆက်ဆံနေရသည့်သူများမှာ စိတ်ဆောင်ရာသို့ လိုက်ပါတတ်သော သတ္တဝါများ၊ တယူသန်လျက်ရှိသော သတ္တဝါများ၊ စိတ်ကြီးဝင်၍ ပလွှားနေသော သတ္တဝါများသာ ဖြစ်သည်။

ပြစ်တင်မောင်းမဲခြင်းတည်းဟူသော ဘေးဥပဒ်များစေသည့် မီးပွားနှင့် မာနတည်းဟူသော ယမ်းအိုးတို့ တွေ့ကြလျှင် အကြီးအကျယ်ပေါက်ကွဲတတ်လေသည်။ တစ်ခါတစ်ရံ ထိုကဲ့သို့ ပေါက်ကွဲခြင်းသည် အသက်ကိုပင် တိုစေ၏။ သက်သေအဖြစ် ပြရလျှင် ဂျင်နရယ်လီယိုနက်ဝုကို ပြစ်တင်ရှုတ်ချပြီးနောက် စစ်တပ်နှင့်အတူ ပြင်သစ်ပြည်သို့သွားရန် သူ့အား ခွင့်မပြုချေ။ သူ၏ အသက်တိုခြင်းသည် သူ၏မာနကို ဤကဲ့သို့ ချိုးနှိမ်လိုက်ခြင်းကြောင့်ပင် ဖြစ်တန်ရာသည်။

အင်္ဂလိပ်စာကို တိုးတက်မြှင့်တင်သည့် ထင်ရှားသော ဝတ္ထုရေးဆရာတစ်ဦးဖြစ်သူ စိတ်နုသည့် သောမတ်ဟာဒီသည် ပြင်းထန်စွာ ပုတ်ခတ်ရေးသားခြင်းကို တစ်ခါတည်း စွန့်ပစ်ရပ်စဲခဲ့၏။ ထိုကဲ့သို့ ပုတ်ခတ်ရေးသားချက်ကိုပင်လျှင် အင်္ဂလိပ်လင်္ကာဆရာ သောမတ်ချက်တာတန်အား သူ့ကိုယ်ကို သတ်၍ သေစေလေသည်။

ငယ်ရွယ်စဉ်က စိုက်လိုက်မတ်တတ် ပြုလုပ်ပြောဆိုတတ်သော ဘင်ဂျမင်ဖရန်ကလင်သည် လူများနှင့် ဆက်သွယ်ရာတွင် အလွန်ပါးနပ်ကျွမ်းကျင်လာသောကြောင့် အမေရိကန် သံအမတ်အဖြစ်ဖြင့် ပြင်သစ်ပြည်ကို စေလွှတ်ခြင်း ခံရဖူးလေသည်။ သူ၏ အောင်မြင်ခြင်းအကြောင်းရင်းကား အဘယ်နည်း။ ‘ကျွန်ုပ်သည် မည်သူ၏မကောင်းသတင်းကိုမျှ မပြော၊ သို့ရာတွင် လူတိုင်း၏ ကောင်းသတင်း ဟူသရွေ့ကို ကျွန်ုပ်သိသမျှ အကုန်အစင်ပြော၏’ ဟူ၍ ပြောဖူး၏။

မည်သည့် လူမိုက်မဆို ထိပါးပြောဆိုခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ ပြစ်တင်ရှုတ်ချခြင်း အမှုတို့ကို ပြုလုပ်နိုင်၏။ လူမိုက်အများသည် ဤအမှုမျိုးကို ပြုမူကုန်၏။

သို့ရာတွင် တစ်ဖက်သား၏ အလိုကို သိနားလည်နိုင်ရန်နှင့် တစ်ဖက်သား၏ အပြစ်ကို ခွင့်လွှတ်နိုင်ရန်အတွက် ကိုယ်ကျင့်တရားနှင့် စောင့်စည်းမှုတို့ကို လိုလေသည်။

မြင့်မြတ်သော လူတစ်ဦးသည် မိမိအောက် ယုတ်နိမ့်သော သူတို့အား ပြုမူပုံဖြင့် မိမိ၏မြင့်မြတ်ပုံကို ထင်ရှားစေလေသည်ဟူ၍ ကာလိုင်းက ပြောဖူးလေသည်။

လူများကို ကဲ့ရဲ့သဂြိုလ်နေမည့်အစား ထိုသူတို့၏ သဘောကို သိရအောင် ကြိုးစားကြစို့။ သူတို့ လုပ်မိသော အလုပ်ကို သူတို့ ဘာကြောင့်လုပ်ကြသနည်းဟူ၍ အကြောင်းရင်းကို ကြိုးစားပြီး ရှာဖွေကြစို့။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် အပြစ်တင်ခြင်းထက် ပို၍ အကျိုးရှိသေး၏။ ပို၍ စိတ်ဝင်စားဖွယ်ဖြစ်၏။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ကြင်နာခြင်း၊ ညှာတာခြင်း၊ သနားခြင်းတည်းဟူသော စိတ်မျိုးကို ဖြစ်ပေါ်စေသည်။ အကြောင်းအားလုံးကိုသိလျှင် အပြစ်အားလုံးကို ခွင့်လွှတ်နိုင်၏။

‘ထာဝရဘုရားသခင်ကိုယ်တိုင်ပင်လျှင် နောက်ဆုံးနေ့သို့ မရောက်သေးမီ လူတစ်ယောက်ကို ကောင်းမကောင်း ဆုံးဖြတ်ရန် မကြံရွယ်ပါခင်ဗျား’ ဟူ၍ ဒေါက်တာဂျွန်ဆင်က ပြောဖူး၏။

အဘယ်ကြောင့် သင်နှင့် ကျွန်ုပ်တို့ကား အပြစ်တင်စောချင်ရသနည်း။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts