hapeye

နည်းပညာကို အသုံးပြုတတ်ရမည်။

နည်းပညာကို အင်္ဂလိပ်ဘာသာစကားဖြင့် (Technology) ခေါ်တယ်။ ဒီနေ့ခေတ် လူနေမှုအဆင့်အတန်းတွေအထိ ဖြစ်လာတဲ့ လူသားတွေဟာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ အနုမြူခေတ်နဲ့ အင်တာနက်ခေတ်များကို ကျော်ဖြတ်ခဲ့ကြရတာ ဖြစ်ပါတယ်။ နည်းပညာဆိုတာက အသွားနှစ်ဘက်ပါတဲ့ ဓားများလိုပါပဲ။ ကောင်းတဲ့ဘက်ရှိသလို ဆိုးတဲ့ဘက်လည်း ရှိပါတယ်။ ကျောက်ခေတ်ကလူတွေဟာ ကျောက်လက်နက်ပစ္စည်းများကို လုပ်တဲ့နေရာမှာ မိမိစားသောက်လိုတဲ့ အစားအစာအသီးအနှံတွေကို ဖြတ်ဖို့၊ ထုဖို့ သုံးစွဲသလို မိမိရဲ့ရန်သူများကို တိုက်ခိုက်တဲ့နေရာမှာလည်း သုံးပါတယ်။
          လူသားတွေဟာ နည်းပညာကို အစဉ်တစိုက် တိုးတက်အောင်လုပ်ခဲ့တဲ့နေရာမှာ ကောင်းတဲ့ဘက်မှာ သုံးဖို့ရယ်၊ ကာကွယ်တဲ့အချိန်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အသုံးပြုဖို့ရယ်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ သူတစ်ပါးရဲ့ နှိပ်စက်မှုကို မခံရအောင်လည်း နည်းပညာတွေ တီထွင်ရတယ်။ သူတစ်ပါးကို တိုက်ခိုက်ဖို့ဆိုရင်လည်း နည်းပညာကို တီထွင်ရပါတယ်။ ဒီလိုနဲ့ပဲ တီထွင်လာခဲ့ကြတာ အခုရောက်နေတဲ့ အင်တာနက်ခေတ်အထိပါပဲ။ ရပ်သွားတယ်ဆိုတာ မရှိပါဘူး။
          နည်းပညာတွေဟာ လူသားတွေကို ဖွံ့ဖြိုးတိုးတက်စေသလို လူသားမျိုးနွယ်တွေအားလုံးကို ပျက်သုန်းသွားစေနိုင်တယ်။ နည်းပညာကြောင့် ကမ္ဘာကြီးဟာ လူသားတွေအတွက် ကျုံ့သွားတယ်။ နည်းပညာအကူအညီနဲ့ လူသားတွေဟာ စွမ်းဆောင်နိုင်မှုတွေ တိုးလာပါတယ်။ ပိုပြီးတော့ ဝေးဝေးကို လွယ်လင့်တကူနဲ့ သွားနိုင်တယ်။ သိတာတွေ ပိုများလာပါတယ်။ ဒါကတော့ နည်းပညာရဲ့ ကောင်းတဲ့ဘက်ကပါပဲ။ တကယ်တော့ လူသားတွေဟာ နည်းပညာနဲ့ ကင်းကွာလို့ မရပါဘူး။ နည်းပညာနဲ့ ကင်းကွာသူတွေဟာ ဒီကနေ့ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လာချိန်မှာ ကျန်ရစ်နေခဲ့မှာ ဖြစ်ပါတယ်။
          လူသားတွေရဲ့ ဘဝကို ပြောင်းလဲစေခဲ့တဲ့ အပြောင်းအလဲကြီးတွေထဲမှာ အနောက်ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ အီတလီနိုင်ငံသားတွေရဲ့ ပင်လယ်ရေကြောင်း ခရီးသွားကြခြင်းကနေ စရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပင်လယ်ရေကြောင်း သွားလာခြင်းနည်းပညာကို ကျွမ်းကျင်လာကြချိန်မှာ တစ်ကမ္ဘာလုံးကို လှည့်လည်သွားလာခဲ့ကြပါတယ်။ ဒီလို ခရီးသွားခြင်းက ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဘာတွေရှိသလဲဆိုတာကို ပိုသိလာကြတယ်။ ဒါတွေက ပိုင်ဆိုင်နိုင်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြတော့တာပါပဲ။ အစပိုင်းမှာတော့ ဒေသခံတွေနဲ့ တိုက်ကြခိုက်ကြတဲ့နေရာမှာ သိပ်မကွာသေးပါ။ ၁၇ ရာစုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ စက်မှုခေတ်ပြောင်း တော်လှန်ရေးကြီး စပြီးချိန်မှာတော့ အလွန်ကွာခြားပါတယ်။ စက်သေနတ်တွေ စပေါ်လာတာနဲ့ အာရှ၊ အာဖရိက၊ အမေရိက၊ သြစတေးလျဒေသတွေမှာ နေထိုင်သူတွေအားလုံးဟာ ဥရောပနိုင်ငံသားတွေရဲ့ အုပ်ချုပ်ခံ၊ အပြုခံဘဝကို ရောက်သွားခဲ့ရတာပါပဲ။ ပထမဆုံး ကမ္ဘာပြုစနစ် (Globalization) က စက်သေနတ်တွေ ဖြစ်ပါတယ်။
          ဒီနေ့ခေတ် ကမ္ဘာပြုစနစ်ကတော့ Internet ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် လူသားများဟာ ကွန်ပျူတာနဲ့ အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုတတ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ရှေးယခင်က လူသားတွေဟာ ခရီးသွားလာရတာ ခက်ခဲခြင်း၊ ဆက်သွယ်ရေး ခက်ခဲခြင်းတွေကြောင့် တစ်နေရာမှာ ဖြစ်ပျက်နေတဲ့ အကြောင်းကို တစ်နေရာကသိဖို့ သိပ်မလွယ်ပါဘူး။ အတတ်ပညာတစ်ခုကို လေ့လာရာမှာလည်း မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ လူတွေဟာ ပိုသိလာကြပါပြီ။ သိတာတွေဟာ များလွန်းလို့ ပေါက်ကွဲတော့မယ့် အဆင့်ကိုတောင် ရောက်လာကြပါတယ်။
          ၁၈ ရာစုနှစ်လောက်က အင်္ဂလန်နိုင်ငံရဲ့ စုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP) ကို နောက်ထပ် တစ်ဝက်လောက် တိုးတက်ဖို့ (နောက်ထပ် ၁၀၀ ရာခိုင်နှုန်း) နှစ်ပေါင်း ၁၀၀ လောက် ကြာပါတယ်။ ဒါပေမယ့် အခုခေတ်မှာ နည်းပညာအရ အလွန်လျင်မြန်စွာ ပြောင်းလဲလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေဟာ နှစ်ပေါင်း ၂၀ လောက်ပါပဲ။ နောက်ထပ် တစ်ဝက်တိုးတက်လာတာကို တွေ့ရပါတယ်။ တိုးတက်မှုနှုန်း အလွန်မြန်ဆန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူသားများဟာ Information Technology ဖြစ်တဲ့ ကွန်ပျူတာနဲ့ အင်တာနက်တွေကို ထိရောက်စွာ အသုံးချတတ်ရန် မဖြစ်မနေ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ယုံကြည်အပ်ပါသည်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts