ပျားရည်

ပျားရည် ကို လိုသော် ပျားအုံ ကို မဖျက်နှင့် (အပိုင်း – ၆)

ပျားရည်ကိုလိုသော် ပျားအုံကိုမဖျက်နှင့် (အပိုင်း – ၆)

သက်သေသာဓကတစ်ခုကို ထူကြဦးစို့။

၁၈၆၃ ခုနှစ် ဇူလိုင်လ၏အစ ၃ ရက်တွင် ဂတ်တီးစဘတ်တိုက်ပွဲ စလေသည်။ ဇူလိုင်လ ၄ ရက်နေ့ညတွင် မိုးအပြင်းအထန်ရွာ၍ တစ်ပြည်လုံး ရေကြီးနေသည့်အချိန်တွင် တောင်ပိုင်း စစ်ဗိုလ်ချုပ်ကြီး ‘လည်း’ သည် တောင်ဘက်သို့ ဆုတ်ခွာပြေးလေသည်။ ပိုတိုမက် မြစ်ကမ်းသို့ ရောက်သောအခါ မြစ်ရေသည် အလွန်ကြီးလျက်ရှိသဖြင့် မြစ်တစ်ဖက်ကမ်းသို့ ဖြတ်မကူးနိုင်ချေ။ ထိုအချိန်တွင် စစ်ဗိုလ်ချုပ်ကြီး ‘လည်း’ နှင့် သူ၏စစ်တပ်တို့သည် ရှေ့တွင် မကူးနိုင်သောမြစ်၊ နောက်တွင် ရန်သူအစိုးရတပ်တို့ဖြင့် ညှပ်ပူးညှပ်ပိတ်မိလျက်ရှိ၏။ သူသည် ဘယ်နည်းနဲ့မျှ မလွတ်နိုင်တော့ချေ။

ဤအဖြစ်ကို လင်ကွန်းကိုယ်တိုင်လည်း မြင်၏။ ‘လည်း’ နှင့်တကွ သူ၏စစ်တပ်များကို ဖမ်းဆီး၍ ပြည်တွင်းစစ်ကို အဆောတလျင် ပြီးစီးအောင်လုပ်ရန် ယခုကဲ့သို့ ကောင်းလှသည့် အခွင့်အလမ်းမျိုးကို အလွန်ရခဲမည်ဖြစ်၏။ ထို့ကြောင့် စစ်အစည်းအဝေးကို ခေါ်မနေနှင့်။ ‘လည်း’ ၏စစ်တပ်များကို ချက်ချင်းတိုက်ဟု အလွန်ကြီးမားသော မျှော်လင့်ချက်ကြီးဖြင့် လင်ကွန်းသည် သူ၏စစ်ဗိုလ်ချုပ်ကြီး မိဒထံသို့ သံကြိုးရိုက်၍ အမိန့်ပေး၏။ ထို့နောက် အထူးတမန်တစ်ယောက်ကို စစ်ဗိုလ်ချုပ်ကြီး မိဒထံသို့ စေလွှတ်၍ အလျင်အမြန်တိုက်ရန် အကြောင်းကြားလေသည်။

ထိုအခါ စစ်ဗိုလ်ချုပ်ကြီးမိဒသည် ဘာလုပ်သလဲ။ သူ့ကိုအလုပ်ခိုင်းလိုက်သည့် ကိစ္စကို ပြောင်းပြန် ပြန်၍လုပ်၏။ လင်ကွန်း၏အမိန့်ကို ဆန့်ကျင်ပြီးလျှင် စစ်အစည်းအဝေးကို ခေါ်၏။ လျင်လျင်မြန်မြန် တိုက်ရမည့်အစား နှောင့်နှောင့်နှေးနှေး ပြုလျက်ရှိ၏။ သူသည် လင်ကွန်းထံသို့ ဆင်ခြေအမျိုးမျိုး ပေး၍ သံကြိုးပြန်ရိုက်လျက်ရှိ၏။ လည်း၏စစ်တပ်ကို တိုက်ရန် အတိအလင်း ငြင်းပယ်လျက်ရှိ၏။ နောက်ဆုံး မြစ်ရေ လျော့ကျသွားသောကြောင့် ‘လည်း’ နှင့် သူ၏စစ်တပ်သည် မြစ်တစ်ဖက်သို့ ကူး၍ လွတ်မြောက်သွားကြ၏။

လင်ကွန်းသည် အပြင်းအထန် ဒေါပွလျက်ရှိ၏။ ‘ဒါ ဘာလုပ်တာလဲကွာ၊ သူတို့ကို တို့လက်နဲ့လှမ်းလို့ မီနေမှပဲ၊ လက်ဆန့်ရုံ ဆန့်လိုက်တာနဲ့ သူတို့ဟာ တို့လက်တွင်းကို ရောက်လာမှာပဲ၊ ဒါနဲ့တောင် တို့စစ်တပ်ကို ရှေ့တိုးအောင် ငါဘယ်နှယ့်ပြောလို့ လုပ်လို့မှ မရဘူး။ ဒီလို အခွင့်အရေးမျိုး ရနေတဲ့အခါမှာ ဘယ်စစ်ဗိုလ်ချုပ်မဆို ‘လည်း’ ကို အလွယ်ကလေးနဲ့ နိုင်မာပဲ၊ ငါသွားရင်တောင် ငါကိုယ်တိုင် သူ့ကို ကျာပွတ်နဲ့ ရိုက်ဖမ်းနိုင်သေးရဲ့’ ဟု သူ၏သား ရောဘတ်ကို လင်ကွန်းက ဒေါသနှင့် ပြောပြသည်။

စိတ်အပျက်ကြီးပျက်သဖြင့် လင်ကွန်းသည် မိဒထံသို့ အောက်ပါစာကို ရေးသား၏။ ထိုအချိန်အခါက လင်ကွန်းသည် မိမိ၏သတိများကို အထူးတလည် ထိန်းသိမ်း၍ စာအရေးအသားများတွင်လည်း များစွာ ချုပ်တည်းထားသည်ကို ကောင်းစွာ သတိပြုစေချင်ပါသည်။ ထို့ကြောင့် ထိုအချိန်အခါက ဤမျှလောက် လင်ကွန်း ရေးသားချက်သည် အလွန်ပြင်းထန်သော အပြစ်တင်ခြင်းနှင့် ထပ်တူထပ်မျှ ဖြစ်၏။ ကျွန်ုပ်၏ ချစ်လှစွာသော စစ်ဗိုလ်ချုပ်ကြီး ‘လည်း’ လွတ်မြောက်သွားသည့်အတွက် နောက်ထပ် မည်မျှအတိဒုက္ခ ရောက်ကြဦးမည်ကို သင်သိသည်ဟု ကျွန်ုပ် မယုံကြည်။ ‘လည်း’ မှာ ကျွန်ုပ်တို့က လွယ်လွယ်နှင့် ဖမ်းယူနိုင်သော အခြေသို့ ရောက်နေပြီဖြစ်၍ သူ့ကို တစ်ခါတည်း ဝိုင်းလိုက်က ယခင်ကနိုင်ထားသော အနိုင်လက်စတို့နှင့် စုပေါင်းလိုက်လျှင် စစ်ဟာ တစ်ခါတည်း ပြီးသွားမည် ဖြစ်၏။

ယခုအတိုင်းဆိုရင်တော့ စစ်ဟာ အတောမသတ် ရှည်နေလိမ့်ဦးမည်။ လွန်ခဲ့သော တနင်္လာနေ့ကမှ ‘လည်း’ ကို အနိုင်မတိုက်နိုင်ဘဲနှင့် ထိုအခါကရှိသော စစ်တပ်၏ သုံးပုံနှစ်ပုံထက်မပိုသော စစ်သားအနည်းငယ်မျှသာ သင့်နောက်က အပါခေါ်ဆောင်ကာ မြစ်၏ တောင်ဘက်တွင် သင်သည် ‘လည်း’ ကို ဘယ်ကဲ့သို့ အနိုင်တိုက်နိုင်ပါအံ့နည်း။ ယခုအခါ သင်သည် တစ်စုံတစ်ရာကို ထိထိရောက်ရောက် လုပ်နိုင်မည်ဟု ကျွန်ုပ် မမျှော်လင့်ချေ။ သင်သည် အခွင့်ကောင်းကြီးကို လက်လွတ်၍ သွားပေပြီ။ ကျွန်ုပ်လည်း ထိုအဖြစ်အပျက်အတွက် အတိုင်းမသိ ဝမ်းနည်းမိ၏။ ထိုစာကို ဖတ်မိသောအခါ စစ်ဗိုလ်ချုပ်မိဒသည် ဘာလုပ်သည်ဟု သင်ထင်ပါသလဲ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts