အဝတ်အစားကို ရည်ရွယ်ချက်ရှိရှိ ဝတ်ပါ

အဝတ်အစားကို ရည်ရွယ်ချက်ရှိရှိ ဝတ်ပါ

         ဖွံ့ဖြိုးတိုးတက်လိုသူတစ်ဦးဟာ အဝတ်အစားကို ရည်ရွယ်ချက်ရှိရှိ ဝတ်တတ်ဖို့လိုတယ်။
          တချို့လည်း ရှိတာလေးနဲ့ လှအောင် ဝတ်တယ်ဆိုပြီး ဝတ်တယ်။ တချို့ကလည်း အရှက်လုံတော်ပြီကွာဆိုပြီး ဝတ်တယ်။ အချို့ကလည်း အဝတ်အစားဆိုတာ ကြွားတာဖြစ်တယ်။ စုတ်စုတ်ပြတ်ပြတ်ပဲ ဝတ်မယ်ဆိုပြီး ဝတ်တယ်။ တချို့ကလည်း အဝတ်အစားဆိုတာ အရေးမကြီးဘူးဆိုပြီး ဝတ်တယ်။ တချို့ကလည်း အဝတ်အစားဆိုတာ လူတန်းစားခွဲခြားတာ ဖြစ်တယ်။ ဒါကြောင့် လူတွေအားလုံး တူညီဝတ်စုံ ဝတ်ရမယ်လို့ ယူဆပါတယ်။ ဒါတွေအားလုံးဟာ အလွန်မှားယွင်းသော အယူအဆများ ဖြစ်တယ်။
          ‘တောင်းမှာအကွပ်၊ လူမှာအဝတ်’ ဆိုတာ ရှိတယ်။ လူမှာ အဝတ်အစားဆိုတာ သူ့ရဲ့အဆင့်အတန်းနဲ့ အသိဉာဏ်ကိုပြတဲ့ ပြယုဂ်ဖြစ်တယ်။ အဝတ်အစား ဝတ်ရခြင်းမှာ ရည်ရွယ်ချက်များစွာ ပါဝင်တယ်။ အရှက်လုံဖို့ရယ်၊ လှပဖို့ရယ်၊ လူတောတိုးဖို့ရယ်၊ လုပ်ငန်းနဲ့ ကိုက်ညီဖို့ရယ်၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ကြရတာ ဖြစ်တယ်။ ဒါကြောင့် အဝတ်အစား ဝတ်ရခြင်း ရည်ရွယ်ချက်ကို သေသေချာချာ နားလည် သဘောပေါက် လုပ်ဆောင်ကြဖို့ လိုတယ်။
          အဝတ်အစား ဘယ်နှမျိုးလောက် ခွဲလို့ရသလဲဆိုရင် (၄)မျိုး ခွဲလို့ရတယ်။ ပထမတစ်မျိုးကတော့ အမျိုးသားဝတ်စုံ National Dress၊ ဒုတိယတစ်မျိုးက ရုံးတက်ဝတ်စုံ Office Dress၊ တတိယတစ်မျိုးက လုပ်ငန်းခွင်ဝတ်စုံ Occupational Dress၊ စတုတ္ထတစ်မျိုးကတော့ အားလပ်ချိန်ဝတ်စုံ Casual Dress လို့ခေါ်တယ်။
          ကမ္ဘာ့နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးမှာ အမျိုးသားဝတ်စုံတွေ ရှိပါတယ်။ မတူညီကြပါဘူး။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှာကတော့ အလုပ်တက်ဝတ်စုံက တူပါတယ်။ လုပ်ငန်းခွင်ဝတ်စုံဆိုတာကတော့ လုပ်ငန်းနဲ့ဆီလျော်တဲ့ အဝတ်အစားတွေကို ဝတ်ကြတာ ဖြစ်တယ်။ အားလပ်ချိန်မှာတော့ ဝတ်ချင်တာ ဝတ်ကြတာပါပဲ။
          အနောက်တိုင်း အလုပ်တက်ဝတ်စုံ ဝတ်ရင် ဘာတွေ ဝတ်ကြသလဲဆိုတော့ အမျိုးသားတွေအတွက်ဆိုရင် စွပ်ကျယ်အဖြူ (လက်မပါ၊လက်ပါ)၊ အတွင်းခံဘောင်းဘီ၊ ကော်လံပါ ရှပ်အင်္ကျီအဖြူ၊ အပေါ်ဖုံး ဂျက်ကက်အင်္ကျီ၊ နက်ကတိုင်၊ စတိုင်ဘောင်းဘီ၊ ခါးပတ်၊ ခြေအိတ်၊ ရှူးဖိနပ်တို့ ဖြစ်ပါတယ်။ အပေါ်ဖုံး ဂျက်ကက်အင်္ကျီနဲ့ စတိုင်ဘောင်းဘီကို တစ်ရောင်တည်း ဝတ်လေ့ ရှိပါတယ်။ ရှူးဖိနပ်ကိုတော့ အနက်နဲ့ အညိုရောင် စီးလေ့ ရှိပါတယ်။
          အမျိုးသမီး အနောက်တိုင်းဝတ်စုံတွေမှာတော့ အတွင်းခံများ၊ ဘလောက်အင်္ကျီအဖြူ၊ လည်စည်း၊ အပေါ်ဖုံး ဂျက်ကက်အင်္ကျီ၊ စကတ် သို့မဟုတ် စတိုင်ဘောင်းဘီ၊ စတော့ကင်၊ အသားကပ် ခြေအိတ်၊ လေဒီရှူးတို့ ဖြစ်တယ်။
          အားလပ်ချိန် ဝတ်စုံတွေကိုတော့ တီရှပ်၊ ဆွယ်တာ၊ ကက်ဦးထုပ်၊ ဂျင်းဘောင်းဘီ၊ ဘောင်းဘီတို၊ ဘွတ်ဖိနပ်၊ စနိကာ လမ်းလျှောက်ဖိနပ်၊ နေကာမျက်မှန် အစရှိသည်တို့ကို ဝတ်ဆင်ကြပါတယ်။
          လုပ်ငန်းခွင်ဝတ်စုံတွေကတော့ အလုပ်အလိုက် ကွာဟာမှု ရှိပါတယ်။ အားကစားအမျိုးအစားတွေအပေါ်မှာ မူတည်ပြီးလည်း ကွဲပါတယ်။ အလုပ်တွေမှာဆိုရင် တောတောင်ထဲသွားတဲ့ စစ်သည်တော်တွေ၊ လေယာဉ်မှူးတွေ၊ လေယာဉ်မယ်တွေ၊ ဆောက်လုပ်ရေး လုပ်သားတွေ၊ မီးသတ်တွေ၊ ရဲတွေ အစရှိသည်တို့ဟာ သူတို့အတွက် အဆင်ပြေအောင် ဝတ်ဆင်ကြတယ်။ အားကစားဝတ်စုံတွေမှာဆိုရင်လည်း ဘောလုံးကန်ဝတ်စုံ၊ ရေကူးဝတ်စုံ၊ ဂေါက်သီးသမားဝတ်စုံ အစရှိသည်ဖြင့် မတူညီကြပါဘူး။
          မြန်မာမှာက အစိုးရရုံးတွေမှာ အမျိုးသားဝတ်စုံနဲ့ အလုပ်တက်ဝတ်စုံက ရောနေပါတယ်။ အမျိုးသား အလုပ်တက်ဝတ်စုံဆိုရင် စွပ်ကျယ် (လက်ပြတ်၊လက်စက) အတွင်းခံဘောင်းဘီ၊ စတစ်ကော်လံအဖြူ၊ တိုက်ပုံ၊ လုံချည်၊ ကတ္ထီပါဖိနပ်ကို စီးကြပါတယ်။ အမျိုးသမီး အလုပ်တက်ဝတ်စုံကတော့ ခါးတိုအင်္ကျီ၊ အပေါ်ဂျက်ကက်၊ ထဘီ (သို့) ထဘီစကပ်နဲ့ ညှပ်ဖိနပ် စီးကြပါတယ်။ ပဝါခြုံပါတယ်။
          မြန်မာတွေဝတ်တဲ့လုံချည်ဟာ တကယ်တော့ အလွန်အသုံးဝင်ပါတယ်။ လုံချည်အဖြစ် ဝတ်လည်းရတယ်။ စောင်အဖြစ်လည်း လုပ်လို့ရတယ်။ ကလေးပုခက်လည်း လုပ်လို့ရတယ်။ စားပွဲခင်းလည်း လုပ်လို့ရတယ်။ လက်သုတ်အဝတ်လည်း လုပ်လို့ရတယ်။ မျက်နှာသုတ်ပဝါအဖြစ်လည်း သုံးလို့ရတယ်။ ဖဲဝိုင်းအခင်းအဖြစ်လည်း အဆင်ပြေပါတယ်။ ဒီတော့ ဘက်စုံကို အသုံးဝင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထဲမှာနေတာ Domestic ပဲ အဆင်ပြေပါတယ်။ အပေါ်အမြင့်ကို တက်ဖို့ကျတော့ သိပ်အဆင်မပြေဘူး။ မြန်မြန်ပြေးဖို့၊ တောတိုးဖို့က သိပ်အဆင်မပြေဘူး။ သွားလာလှုပ်ရှားဖို့ သိပ်မလွယ်ပါဘူး။ လုပ်ချင်ရင်လည်း ခါးတောင်းကျိုက်မှ ရမယ်။ နောက်. . .မြန်မာတွေစီးတဲ့ သားရေဖိနပ် (သို့မဟုတ်) ကတ္ထီပါဖိနပ်က အိမ်တွင်းစီးတာပဲ အဆင်ပြေတယ်။ ဒီဖိနပ်နဲ့ လမ်းဝေးဝေးလျှောက်ဖို့ အဆင်မပြေဘူး။ ရေထဲဆင်းဖို့ အဆင်မပြေဘူး။ ပြေးလွှားသွားဖို့ အဆင်မပြေပါဘူး။ ဒီတော့ မြန်မာဝတ်စုံဆိုတာက အိမ်ထဲမှာနေတာပဲ အဆင်ပြေပါတယ်။
          မြန်မာတို့အတွက် အမှားအယွင်းဆုံး ဝတ်စုံက ကျောင်းဝတ်စုံတွေ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ များများလှုပ်ရှားရမယ့်သူတွေ၊ ရှာဖွေရမယ့်သူတွေ ဖြစ်တော့ ဘောင်းဘီဝတ်၊ ရှူးဖိနပ်စီးတဲ့ ယူနီဖောင်းနဲ့မှ အဆင်ပြေပါတယ်။ ဝတ်စားဆင်ယင်မှုကို သေသေချာချာ သင်ပေးရန် လိုနေပါတယ်။
          အဆိုးဆုံးက အမျိုးသားဝတ်စုံနဲ့ ရုံးတက်ဝတ်စုံ ရောနေတဲ့ ကိစ္စဖြစ်တယ်။ အမျိုးသားဝတ်စုံတွေဟာ လူမျိုးတွေရဲ့ အထွတ်အမြတ်ပဲ။ ဂျပန်မှာလည်း ရှိတယ်။ ကိုရီးယားမှာလည်း ရှိတယ်။ ထိုင်းမှာလည်း ရှိတယ်။ မလေးရှားမှာလည်း ရှိတယ်။ သို့သော် သူတို့လွှတ်တော်တွေ၊ အစိုးရရုံးတွေ အားလုံးရဲ့ ဝတ်စုံက အနောက်တိုင်း အလုပ်တက်ဝတ်စုံ ဖြစ်ပါတယ်။ အမျိုးသားဝတ်စုံနဲ့ပဲ ရုံးတက်တယ်ဆိုတာ မရှိပါဘူး။
          မြန်မာအမျိုးသားဝတ်စုံနဲ့ အလုပ်တက်တော့ ဘာဖြစ်သလဲဆိုတော့ အထက်မှာ ဖော်ပြထားတဲ့အတိုင်း မြန်မာဝတ်စုံဆိုတာက အိမ်ထဲနေတာပဲ အဆင်ပြေတာ။ အပြင်သွားဖို့၊ လမ်းလျှောက်ဖို့၊ လှုပ်လှုပ်ရှားရှား မြန်မြန်ဆန်ဆန်လုပ်ဖို့ အဆင်မပြေဘူး။ ဒီတော့ လူတွေက အပြင်သွားတာနဲ့ ကားစီးပြီးပဲ သွားချင်တယ်။ လှုပ်လှုပ်ရှားရှား မလုပ်ချင်ဘူး။ ထိုင်ပဲနေချင်နေတယ်။ ဒီလိုနဲ့ လူပျင်းတွေပဲ ဖြစ်လာတယ်။ အားရင် အိပ်ငိုက်လာတယ်။ ဘာအလုပ်မှ မအောင်မြင်တော့ဘူး။ ဘာမှလည်း မပြီးဘူး။
          နောက်. . .အခမ်းအနားတွေဖိတ်ရင် တက်ရမယ်ဆိုရင် ဘာဝတ်ရမယ်ဆိုတာ သိဖို့လိုတယ်။ နှစ်သက်ရာဝတ်စုံနဲ့ တက်စေချင်ရင် Casual နဲ့ ဖိတ်လေ့ရှိတယ်။ ဒါပေမယ့် Casual နဲ့ ဖိတ်ရင် တချို့လူတွေက စွပ်ကျယ်နဲ့ လာတတ်တယ်။ ဒါကြောင့် နည်းနည်းကောင်းကောင်းဝတ်အောင် Smart Casual လို့ ရေးရတယ်။ အလုပ်တက်ဝတ်စုံမျိုး ဝတ်စေချင်ရင်တော့ Informal လို့ ရေးကြတယ်။ အမျိုးသားဝတ်စုံ အပြည့်ဝတ်ရမယ်ဆိုရင်တော့ Formal လို့ ရေးကြတယ်။ ဒါကြောင့် အခမ်းအနားတက်ရင် ဘာဝတ်ရမလဲဆိုတာ သိဖို့ လိုပါတယ်။
          အဝတ်အစားကို ရည်ရွယ်ချက်ရှိရှိ ဝတ်တတ်ရမယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts