ပျားရည်

ပျားရည် ကို လိုသော် ပျားအုံ ကို မဖျက်နှင့် (အပိုင်း – ၅)

ပျားရည် ကို လိုသော် ပျားအုံ ကို မဖျက်နှင့် (အပိုင်း – ၅)

၁၈၆၅ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဖို့ကပွဲရုံ ၌ ဗုသ်ပစ်လိုက်သော သေနတ်ဒဏ်ရာဖြင့် လမ်းတစ်ဖက်ရှိ တည်းခိုရန် အိမ်အပေါစားတစ်ခု၏ အိမ်ခန်းမကြီးတွင် အေဗရာဟင်လင်ကွန်းသည် သေတော့မည့်ဆဲဆဲ ရှိနေ၏။ သူ၏ ရှည်သောကိုယ်မှာ သူလဲနေသော ခုတင်တိုလေးထက် များစွာ ပိုလျက်ရှိလေ၏။ အိပ်ရာ၏ အပေါ်တည့်တည့်တွင် ရိုစာဘွန်ဟျူး ရေးဆွဲသော မြင်းဈေးခေါ်သည့် ပန်းချီကား အပေါစားပုံတူတစ်ခုကို ချိတ်ထား၏။ အခန်းတွင်းရှိ ဓာတ်ငွေ့မီးသည် ခပ်မှိန်မှိန်တောက်လျက် ရှိ၏။

ထိုသို့ လင်ကွန်းသည် အသက်ငင်နေစဉ် စစ်ဝန်ကြီး ဆလင်တန်က ‘လူကို အုပ်ချုပ်တဲ့လူတွေထဲမှာ ဒီမှာ လဲနေတဲ့လူဟာ ကမ္ဘာပေါ်မှာ ထိပ်တန်းအကျဆုံးလူပဲ’ ဟူ၍ ကြွေးကြော်ဖူး၏။

လူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ လင်ကွန်းအား ထမြောက်အောင်မြင်စေသော နည်းလမ်းကောင်းသည် အဘယ်နည်း။ ကျွန်ုပ်သည် အေဗရာဟယ်လင်ကွန်း၏ အတ္ထုပတ္တိကို ၁၀နှစ်တိုင်တိုင် ကောင်းစွာ လေ့လာခဲ့ပြီးမှ ‘လူများမသိသော လင်ကွန်းစာအုပ်ကို ၃နှစ်တိုင်တိုင် အချိန်ယူ၍ ရေးသားခဲ့ဖူး၏။ လင်ကွန်း၏အတ္ထုပတ္တိကို လူတစ်ယောက် အစွမ်းကုန် ရှာဖွေနိုင်သလောက် ကျွန်တော် ရှာဖွေစုံစမ်းပြီးပြီဟု ကျွန်ုပ်သည် ယုံကြည်၏။ လူတို့နှင့် ဆက်သွယ်ရာ၌ လင်ကွန်းအသုံးပြုသော နည်းလမ်းများကို ကျွန်ုပ်သည် အထူးဂရုပြု၍ စုံစမ်း၏။ သူသည် တစ်ဖက်သားအပေါ် အပြစ်တင်ခြင်းကို နှစ်သက်ခဲ့ဖူးသလား။ အို နှစ်သက်ပြီလား၊ ငယ်စဉ်အခါက အင်ဒီးယားပြည်နယ်၊ ပိဂျင်း ကရိဗဲလေး အရပ်တွင် နေစဉ်က လူများကို အပြစ်တင်ခဲ့ရုံသာမက လူတစ်ဖက်သားကို သရော်သောစာများ လှောင်ပြောင်သော လင်္ကာများကို ရေးသားပြီးလျှင် လူတွေ ဧကန်မုချတွေ့နိုင်မည့် တောလမ်းများပေါ်တွင် ချထားလေသည်။ စာတစ်စောင်မှာမူ တစ်သက်လုံး ရန်ငြိုးမပြေနိုင်အောင် အမျက်ကြီးစေခဲ့ဖူး၏။

အီလီနွိုက်ပြည်နယ် ဆပရင်းဖီးမြို့တွင် ရှေ့နေလိုက်စဉ်ကပင် သူသည် သူ၏ တစ်ဖက်ဂိုဏ်းသားများကို သတင်းစာထဲမှ ဆောင်းပါးများဖြင့် ပြောင် ‘ထု’ ဖူး၏။ ထိုဆောင်းပါးတို့ကို တစ်ခါမက အကြိမ်ပေါင်းများစွာ ရေးခဲ့၏။

၁၈၄၂ ခုနှစ် ဆောင်းဦးပေါက်စတွင် သူသည် ဒေါသကြီး၍ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ဂျိမ်းရှီး ခေါ် အိုင်ယာလန်လူမျိုး နိုင်ငံရေးသမားတစ်ဦးကို ဆပရင်းဖီးဂျာနယ်ထဲမှနေ၍ သရော်သည့် ဆောင်းပါးတစ်စောင်ကို နာမည်မဖော်ဘဲ ရေးသား၏။ ထိုဆောင်းပါးကို ဖတ်ပြီးလျှင် တစ်မြို့လုံး အူတက်အောင် ရယ်နေကြသည်။ ရှီးသည် မာနလည်းကြီး စိတ်လည်းနုသူ ဖြစ်သဖြင့် ဒေါသအမျက် ချောင်းချောင်းထွက်လျက် ရှိလေသည်။ ထိုဆောင်းပါးကို ဘယ်သူရေးသည်ကို သိသွားသောအခါ ရှီးသည် မြင်းစီး၍ လင်ကွန်းကို ရှာဖွေပြီးလျှင် ဓားချင်းယှဉ်ခုတ်ရန် ချိန်း၏။ လင်ကွန်းသည် မတိုက်ခိုက်လို။ ဓားချင်းယှဉ်ခုတ်သည့် စနစ်ကိုလည်း မနှစ်သက်။ သို့ရာတွင် ဂုဏ်ပျက်မခံချင်၍ ချိန်းသည်ကို လက်ခံလိုက်ရလေသည်။ သူကြိုက်သည့် လက်နက်ကို သူ့အား ရွေးချယ်ခွင့် ပေး၏။
သူ့လက်တံများသည် ရှည်သောကြောင့် သူသည် မြင်းစီးဓားပြားရှည်ကို ရွေးချယ်လိုက်ပြီးနောက် ဓားခုတ်ကျင်လည်သူတစ်ဦးထံတွင် ဓားခုတ်နည်းကို သင်ကြားရလေသည်။ ချိန်းထားသည့် ရက်စေ့သောအခါ မစ္စစ္စပီးမြစ်၏ ကမ်းနဖူးရှိ သောင်ခုံတစ်ခုပေါ်တွင် လင်ကွန်းနှင့်ရှီးတို့သည် တစ်ယောက်ကိုတစ်ယောက် အသေခုတ်သတ်ရန် တွေ့ဆုံကြလေသည်။ သို့ရာတွင် သူတို့၏ အကူများက နောက်ဆုံး ယှဉ်ခုတ်ခါနီးတွင် ဝင်၍ တားပြီးနောက် ဓားခုတ်ပွဲကို ဖျက်ပစ်လိုက်ကြ၏။

လင်ကွန်း၏ တစ်သက်တွင် ထိုအဖြစ်အပျက်သည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသော ကိုယ်တွေ့ဖြစ်လေသည်။ ထိုအဖြစ်အပျက်က လူများနှင့် ပေါင်းသင်းဆက်ဆံနည်း အဖိုးမဖြတ်နိုင်သော သင်ခန်းစာတစ်ရပ်ကို သူ့အား သင်ပြပေးလေသည်။ ထိုအခါမှစ၍ သူသည် တစ်ဖက်သားအား စော်ကားသောစာများ မရေးသားတော့ချေ။ ထိုအခါမှစ၍ မည်သည့်ကိစ္စမျိုး၌မဆို သူသည် တစ်ဖက်သားကို အပြစ်မတင်တော့သလောက် ဖြစ်၏။

ပြည်တွင်းစစ်ဖြစ်ပွားစဉ်က လင်ကွန်းသည် စစ်ဗိုလ်ချုပ်များကို မကြာခဏ ပြောင်းလဲခဲ့လေသည်။ မက်ကလီလန်၊ ပုပ်၊ ဗန်းဆိုက်၊ ဟူကား၊ မိဒ စသော လင်ကွန်း တင်မြှောက်သည့် စစ်ဗိုလ်ချုပ်များလည်း တစ်ဦးပြီးတစ်ဦး ဆက်ကာဆက်ကာ စစ်ကို အရှုံးကြီး ရှုံးပစ်နေကြသောကြောင့် လင်ကွန်းမှာ စိတ်အပျက်ကြီး ပျက်လျက်ရှိ၏။ တိုင်းပြည်လူထုတစ်ဝက်က ထိုညံ့ဖျင်းသော စစ်ဗိုလ်ချုပ်များကို ရက်ရက်စက်စက် ဆူပွက်လျက် ရှိကြ၏။ သို့ရာတွင် လင်ကွန်းသည် မုန်းတီးခြင်းကင်းမဲ့ကာ မေတ္တာသာပွားလျက် မည်သူ့ကိုမျှ အပြစ်မတင်ဘဲ ဆိတ်ဆိတ်နေ၏။ သူသုံးနေကျ စကားတစ်ခုမှာ ‘သင့်ကိုယ်ကို အဆုံးဖြတ်မခံချင်သောအရာနှင့် အခြားသူတစ်ဦးကို သွား၍ မဆုံးဖြတ်ပါနှင့်’ ဟူ၍ ဖြစ်လေသည်။

မယားဖြစ်သူ မစ္စက်လင်ကွန်းနှင့် အခြားလူများက တောင်ပိုင်းသားများကို မညှာမတာ အပြစ်တင်ဆိုလျှင် လင်ကွန်းက ‘သူတို့ကို အပြစ်မတင်ပါနဲ့ကွယ်၊ တို့လည်း သူတို့လို အခြေအနေနဲ့ဆိုရင် သူတို့လို နေမှာပဲ’ ဟု ပြန်ပြောဖူးလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts