မိမိကိုယ်ခန္ဓာကို

မိမိကိုယ်ခန္ဓာကို အမြင့်မြတ်ဆုံး လေးစားတန်ဖိုးထားပါ

ရှင်သန်လိုသူ၊ ဖွံ့ဖြိုးတိုးတက်လိုသူတွေအားလုံးဟာ မိမိရဲ့ ကိုယ်ခန္ဓာကို အမြင့်မြတ်ဆုံး လေးစားတန်ဖိုးထားဖို့ လိုပါတယ်။ အပြန်အလှန်အားဖြင့် မိမိကိုယ်ခန္ဓာကို အမြင့်မြတ်ဆုံး လေးစား တန်ဖိုးမထားသူတွေဟာ ကောင်းမွန်စွာ မရှင်သန်နိုင်သလို ဖွံ့ဖြိုးတိုးတက်ရန်လည်း မဖြစ်နိုင်ပါ။
          လူဖြစ်လာရင် အကြမ်းဖျင်းအားဖြင့် ကိုယ်ခန္ဓာရယ်၊ စိတ်ရယ်ဆိုပြီး အစိတ်အပိုင်းနှစ်ခု ပါဝင်တာ ဖြစ်တယ်။ ကိုယ်ခန္ဓာဆိုတာကတော့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ရုပ်ခန္ဓာကြီးပါပဲ။ စိတ်ဆိုတာက ခံစားတာရယ်၊ သိတာရယ်၊ စဉ်းစားတာရယ်ကို ဖြစ်စေတဲ့ အရာပါပဲ။ ထိတွေ့ကိုင်တွယ်လို့ မရဘူး။ မျက်စိနဲ့ မမြင်နိုင်ဘူး။
          အချို့လူကို ထာဝရဘုရားသခင်က ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆရှိတဲ့ ဘာသာတွေမှာက လူဆိုတာ ကိုယ်ခန္ဓာ၊ စိတ်၊ (ကိုယ်ခန္ဓာနဲ့စိတ် အပါအဝင်ကို) နဲ့ ဝိညာဉ် (မပါ) တို့ ပါဝင်တယ်လို့ ယူဆတယ်။ ဆိုတာမျိုးက အပြစ်လည်း လုပ်နိုင်သလို သေလည်း သေဆုံးတယ်။ ဆိုတာမျိုးက ဖန်ဆင်းရှင်ထာဝရဘုရားသခင်နဲ့ အကျွမ်းတဝင် ဆက်သွယ်မှုကို ပြတယ်။ ဆိုလိုတာက ဒီဝိညာဉ်ဆိုတာက ထာဝရဘုရားဆီက လာတာ။ လူကို ထာဝရဘုရားက ဖန်ဆင်းထားတာဖြစ်တော့ မိမိ ကိုယ်ခန္ဓာကို ဘုရားကျောင်းအဖြစ် အမြင့်မြတ်ဆုံး ထားရမယ်ဆိုတာ ပါထားပြီး ဖြစ်တယ်။ ဒါက ဗဟုသုတအနေနဲ့ ပြောပြတာ။
          တချို့က ကိုယ်ခန္ဓာကို ဒုက္ခလို့ မြင်တယ်။ တချို့က အဓိပ္ပာယ်ကောက်လွဲကြတယ်။ ဒီခန္ဓာကြီး ရှိသမျှ နာကျင်မှုတွေ၊ ဝေဒနာတွေ၊ ပြဿနာတွေကတော့ ရှိနေမှာပဲကွာ။ ဒီတော့ ဒီခန္ဓာကိုယ်ကြီးကို အလိုမလိုက်ရဘူး။ သေရင် အေးတာပဲကွာလို့ ယူဆသူက ယူဆတယ်။ ဘာစားရမှန်းလည်း မသိဘူး။ ဘာဝတ်ရမှန်းလည်း မသိဘူး။ ကောင်းကောင်းလည်း မအိပ်ဘူး။ ဆေးလိပ်သောက်မယ်၊ ကွမ်းယာစားမယ်၊ အရက်သေစာဆို အကုန်သောက်မယ်။ ရောဂါကူးစက်နိုင်တဲ့ လိင်ဆက်ဆံမှု အကုန်လုပ်။ ဘိန်းရှူ၊ ဟီးရိုးအင်းထိုး၊ ဆေးပြားသောက်၊ ဒီလိုလူတွေ ဖြစ်ကုန်တယ်။ အမျိုးသမီးတွေဆိုရင်လည်း မိမိကိုယ်ခန္ဓာကို ရောင်းစားတဲ့ အလုပ်မျိုးတွေပဲ လုပ်လာတယ်။
          မိမိကိုယ်ခန္ဓာကို  မလေးစား၊ တန်ဖိုးမထားတာနဲ့ လူတွေဟာ ဖွံ့ဖြိုးမှု နည်းကုန်တယ်။ သေးကွေးပိန်လှီကုန်တယ်။ ရောဂါထူပြောကုန်တယ်။ ဆင်းရဲကုန်တယ်။ သက်တမ်းတိုကုန်တယ်။ မျိုးဆက် ကောင်းကောင်း မပြန့်ပွားနိုင်တော့ဘူး။ ဆင်းရဲတော့ ဒုစရိုက်တွေ များလာတယ်။ မှန်ကန်တဲ့ပညာ ကောင်းကောင်းမသင်နိုင်တော့ လူဆိုးလူမိုက်တွေသာ ဖြစ်လာတယ်။ ဒီလိုနဲ့ ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခု မဖြစ်နိုင်သလို ဒီလိုလူမျိုးတွေဟာလည်း ပျောက်ကွယ်သွားမှာ ဖြစ်တယ်။
          မိမိကိုယ်ခန္ဓာကို ဘာကြောင့် အမြင့်မြတ်ဆုံး လေးစား တန်ဖိုးထားရမလဲဆိုတော့ ကိုယ့်ဘဝမှာ ပြီးမြောက်ချင်တဲ့အရာ အားလုံးအတွက် စိတ်ရဲ့ဦးဆောင်မှုနဲ့ ကိုယ်ခန္ဓာက လိုက်နိုင်မှသာလျှင် အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိတယ်။ စိတ်တစ်ခုတည်းနဲ့တော့ မရဘူး။ ကိုယ်ခန္ဓာကလည်း အရေးကြီးတယ်။ စိတ်ရဲ့ ဦးဆောင်မှုနောက်ကို ကိုယ်ခန္ဓာလိုက်နိုင်ဖို့ ကိုယ်ခန္ဓာက ကြီးထွားဖို့ လိုတယ်။ ကျန်းမာဖို့လိုတယ်။ သန်စွမ်းဖို့လိုတယ်။ ကြံ့ခိုင်ဖို့ လိုတယ်။ စိတ်ကတော့ ပြင်းပြပါရဲ့။ ကိုယ်ခန္ဓာက ချိနဲ့နေမယ်၊ နာမကျန်းဖြစ်နေမယ်၊ ရောဂါဖြစ်နေမယ်ဆိုရင် ဘာကိုမှ ပြီးမြောက်အောင် မလုပ်နိုင်ဘူး။
          လူ့ကိုယ်ခန္ဓာမှာ အခြေခံအားဖြင့် အသားရယ်၊ အရိုးရယ်၊ အသွေးရယ် (၃)မျိုး ပေါင်းစပ်ဖွဲ့စည်းထားတယ်။ အသေးစိတ် ထပ်ကြည့်မယ်ဆိုရင် အသားတွေ၊ အရိုးတွေမှာက ကလပ်စည်းလေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ အသက်ရှိတယ်ဆိုတာ ဒီကလပ်စည်းလေးတွေမှာလည်း အသက်ရှိတယ်။ ရှင်သန်နေတယ်။ ရှင်သန်နေတော့ မွေးဖွားတယ်၊ ကြီးပြင်းတယ်၊ သေဆုံးတယ်၊ ဒီသံသရာလည်နေတာ။ ဒါကြောင့် ကိုယ်ခန္ဓာရလာပြီဆိုရင် ထိန်းသိမ်းမှုက အလွန်အရေးကြီးတယ်။ အမြဲထိန်းသိမ်းနေဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုတယ်ဆိုတာက ကိုယ်ခန္ဓာအတွက် လိုတာတွေကို လုပ်ပေးနေဖို့ လိုတယ်။
            ကိုယ်ခန္ဓာအတွက် လိုတာတွေက ကိုယ်ခန္ဓာဟာ (၁) သန့်ရှင်းမှုကို ကြိုက်တယ်။ (၂) သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာ လိုတယ်။ (၃) အိပ်ချိန်လိုတယ်။ (၄) လှုပ်ရှားမှုလိုတယ်။ (၅) ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစား လိုတယ်။ ဒါတွေကို မဖြစ်မနေ လုပ်ဆောင်ကြဖို့ လိုတယ်။ အထူးသဖြင့် ဘာတွေစားရမယ်ဆိုတာ သိရမယ်။ ဘာကြောင့် စားရမယ်ဆိုတာ သိရမယ်။ ဘာတွေ ဝတ်ရမယ်ဆိုတာ သိရမယ်။ ဘာကြောင့် ဝတ်ရမယ်ဆိုတာ သိရမယ်။ မိမိကိုယ်ခန္ဓာကို အမြင့်မြတ်ဆုံး လေးစားတန်ဖိုးထားကြရမယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts