ဒီငါးသုံးကောင် အကြောင်း ကလေးတွေကို ပြောပြပါ

ဒီငါးသုံးကောင် အကြောင်း ကလေးတွေကို ပြောပြပါ

(၁) Chun Salmon ငါး

Chun Salmon ငါးအမဟာ ဥ ဥပြီးတာနဲ့ ဥရဲ့ မလှမ်းမကမ်းမှာစောင့်နေခဲ့တယ်။ ဥက ပေါက်လာတဲ့ ငါးကလေးတွေဟာ အစာရှာမတတ်သေးတော့ မိခင်ရဲ့ အသားကိုပဲစားရတော့တယ်။ Chun Salmon အမဟာ ငါးကလေးကိုက်တဲ့ ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေ ကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲ ကျန်ခဲ့တော့တယ်။ Chun Salmon ငါးအမမျိုးဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ မိခင် မေတ္တာကို အသံတိတ်ပေးဆပ်နေခဲ့ပါတယ်။ Chun Salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

(၂) Northern Snakehead

ဒီငါးမျိုးက ဥဥပြီးတာနဲ့ မျက်စိနှစ်လုံး အလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကို ခံရပါတယ်။ ဥက ပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင် အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ ပါးစပ်ထဲ ကူးခတ် ဝင်ရောက်ပြီး မိခင်ကို အာဟာရဖြည့်ပေးကြပါတယ်။ မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့ အသက်ရှင်နှုန်းက ၁၀ ပုံ ၁ ပုံပဲ ရှိပါတယ်။ မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့ အသက်ကို စတေးခဲ့ကြပါတယ်။ Northern Snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး

နှစ်စဉ်နှစ်တိုင်း ဥ ဥတဲ့ ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့ မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။ ဆော်လမွန်ငါးတို့ရဲ့ အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTV ရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာအစီအစဉ်မှာ ရိုက်ကူးတင်ဆက်ခဲ့ဖူးပါတယ်။ အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက်ရပါတယ်။ ရေတံခွန်ဘေးမှာက ဝက်ဝံညိုတွေ အုပ်စုလိုက်စောင့်နေကြပါတယ်။ ရေတံခွန်ကို မဆန်တက်နိုင်တဲ့ ဆော်လမွန်ငါးတွေဟာ ဝက်ဝံညိုတွေရဲ့ အစာဖြစ်ရပါတယ်။ ရေတံခွန်ကို ဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်းကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရပါသေးတယ်။ ကံကောင်းတဲ့ ငါးလောက်ပဲ ဖမ်းဆီးသတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ပါတယ်။ သိုလှောင်ထားတဲ့ အင်အားနဲ့ အဆီတွေကုန်ခန်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တစ်သက်မှာ အရေးပါဆုံးဖြစ်တဲ့ မိတ်လိုက်၊ ဥ ဥတဲ့ကိစ္စကို လုပ်ဆောင်ကြပါတယ်။ အဲဒီနောက် သူတို့ မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်း သေဆုံးသွားကြပါတယ်။ နောက်တစ်နှစ် နွေဦးရာသီမှာ ဆော်လမွန်ငါးလောင်းလေးတွေ ပေါက်ဖွားလာကြပါတယ်။ အဲဒီနောက် မြစ်တစ်လျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ ရှေ့မျိုးဆက်အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုးတွယ်တာတဲ့ငါးဖြစ်ပါတယ်။

ဒီလောကမှာ ငါးသုံးကောင်က ကျွန်မတို့ကို သက်ဝင်ခံစားနေစေခဲ့ပါပြီ။

ပထမငါးတစ်ကောင်က မိဘဖြစ်ပြီး ကျွန်မတို့ကို ဘဝပေးခဲ့သူ ဖြစ်တယ်။ သူတို့ကို ခွဲခွာပြီး အဝေးကို ထွက်သွားမယ့် ကျွန်မတို့ကို မျက်စိ တစ်ဆုံးနဲ့ သူတို့ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ နောင်တ မရှိ၊ မျှော်လင့်ချက် တစ်စုံတစ်ရမထားဘဲ သူတို့ပေးဆပ်နိုင်သလောက် ပေးဆပ်နေခဲ့ပါတယ်။
နောက်ငါးတစ်ကောင်က သားသမီးတွေ ဖြစ်ပါတယ်။ ဝမ်းက ကျွတ်တာနဲ့ ကျွန်မတို့ရဲ့ သွေးသားတော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွ နေထိုင်အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။
နောက်တစ်ကောင်က မွေးရပ်ဇာတိဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကို ရောက်ရောက်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်အပြန်လမ်းဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်မတို့ လျှောက်လှမ်းကြရမှာပါ။
ကျွန်မတို့က အထီးကျန်တဲ့ ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီနောက် ဒီလောကထဲ ခိုလှုံနေထိုင်ရင်း ကျွန်မတို့ ဘဝရဲ့ ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။

စာရေးဆရာမ ⇒  Nine Nine Sanay @ နိုင်းနိုင်းစနေ

Related Posts