နွေးထွေးကြင်နာတဲ့ ကော်ဖီတစ်ခွက်

နွေးထွေးကြင်နာတဲ့ ကော်ဖီတစ်ခွက်

ဂရင်း မောင်တိန် ကော်ဖီကို စတားဘာ့ဂ်လောက် လူသိမများကြပါဘူး။ သူဟာ အရင်တုန်းကတော့ ကုမ္ပဏီသေးသေးလေးတစ်ခုပေါ့။ အခုအချိန်မှာတော့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်နေတာဟာ အဲဒီကုမ္ပဏီကို တည်ထောင်ခဲ့သူ ရောဘတ်စတဲလာက ကော်ဖီတစ်ခွက်တိုင်းကို တစ်ဒေါ်လာ တိုးယူခဲ့လို့ဖြစ်တယ်။
ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်…
တစ်ခါက ရောဘတ်စတဲလာဟာ တောင်အမေရိကတိုက်မှာ ရှိတဲ့ ကော်ဖီစိုက်ခင်းတွေဆီ သွားရောက်ကြည့်ရှုခဲ့တယ်။ အဲ့ဒီက အလုပ်သမားတွေဟာ ဆင်းရဲပင်ပန်းလွန်းပြီး လုပ်အားခနည်းနည်းလေးပဲ ရတာကို သတိပြုမိခဲ့တယ်။ လူတိုင်းရဲ့ တစ်ရက် လုပ်အားခက ငါးဒေါ်လာတောင် မရှိပါဘူး။
ဘာကြောင့်ဒီလို ဖြစ်ရတာလဲဆိုပြီး မေးမြန်းအဖြေရှာကြည့်တော့ ကော်ဖီဝယ်ယူသူတွေက ကော်ဖီလိုအင်တွေများပြီး ဈေးကောင်းနေပါလျက်နဲ့ ကော်ဖီစိုက်သူတွေဆီကနေ ကော်ဖီတွေကို ဈေးနှိမ်ပြီး ဝယ်ယူကြတယ်။ ကော်ဖီဈေးမကောင်းတော့ အလုပ်သမားတွေရတဲ့ လုပ်အားခကလည်း နည်းခဲ့ရတယ်။
“ရတဲ့ လုပ်အားခနည်းပေမယ့် ဗိုက်ဟောင်းလောင်းနဲ့ အိမ်မှာ နေနေတာထက် စာရင်ကောင်းပါတယ်” လို့ဆင်းရဲတဲ့အလုပ်သမားတွေက ပြောဆိုကြတယ်။
အကြောင်းစုံကို သိပြီးနောက် စတဲလာ တုန်လှုပ်သွားခဲ့တယ်။ သူဟာ လေးလေးနက်နက် စဉ်းစားတွေးတောပြီး ကော်ဖီဝယ်ယူသူတွေဟာ အလုပ်သမားတွေ အပေါ် ဒီလို ခေါင်းပုံမဖြတ်သင့်ဘူး။ တခြားသူတွေ လုပ်နေရင်တောင် သူ့ကုမ္ပဏီ ဂရင်းမောင်တိန်က ဒီလို မလုပ်သင့်ဘူးလို့ သူထင်ခဲ့တယ်။ ဒါကြောင့် သူဟာ လူတွေ အံ့သြလောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။
“အလုပ်သမားတွေကို လုပ်အားခတိုးပေးမယ်ဆိုရင် ကော်ဖီစိုက်သူတွေဆီကနေ နဂိုဈေးနှုန်းထက် သုံးဆပေးပြီး ကော်ဖီတွေကို ကျွန်တော်တို့ဝယ်မယ်”
ကုမ္ပဏီတစ်ခုက အရင်းအနှီးများရင် လည်ပတ်ရခက်သွားပါတယ်။ ကုမ္ပဏီဆက်လက်လည်ပတ်ဖို့ ဂရင်းမောင်တိန်ကော်ဖီတွေ ဈေးတက်ရပါတော့မယ်။ ဒါကြောင့် သူတို့က “တောင်အမေရိကတိုက်က သနားစရာ ကော်ဖီစိုက်သူတွေကို ကူညီတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ကော်ဖီကို ဈေးတက်ရတာဖြစ်ပါတယ်။ ကော်ဖီတစ်ခွက်ကို တစ်ဒေါ်လာဈေးတက်ပါတယ်”လို့ ကြေညာခဲ့ပါတယ်။
ကော်ဖီရဲ့ အရည်အသွေးမပြောင်း၊ ခွက်အရွယ်အစားမပြောင်းပေမယ့် ဈေးတက်သွားပါပြီ။ ပြောရရင်တော့ ဒီဂရင်းမောင်တိန်ကော်ဖီက တံခါးပိတ်ရမယ့် ကိန်းဆိုက်နေပါပြီ။ ကော်ဖီဆိုင်တွေက နေရာအနှံ့ရှိတာမို့ ဘယ်သူမှ ဈေးနှုန်းတစ်ဒေါ်လာတက်သွားတဲ့ ကော်ဖီကို ဝယ်သောက်ချင်ကြမှာမဟုတ်ပါဘူး။ တကယ်တမ်းမှာတော့ ဂရင်းမောင်တိန်ကော်ဖီဆိုင်ပိတ်မသွားခဲ့ပါဘူး။ ဝယ်ယူစားသောက်သူတွေကိုတောင် ပိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
“ဂရင်းမောင်တိန်ကော်ဖီက တခြားကော်ဖီတွေနဲ့ မတူပါဘူး။သူဟာ ‘နွေးထွေးကြင်နာမှု’ရှိပါတယ်” လို့ ဝယ်သူတွေက ပြောခဲ့ကြပါတယ်။
ဝယ်သူတွေက ဒီလိုတွေးကြပါတယ်။ တကယ်လို့ ဂရင်းမောင်တိန်ကော်ဖီကို ငါတို့မဝယ်ရင် မကြာခင်မှာပဲ သူတို့ဆိုင်ပိတ်သွားရလိမ့်မယ်။ ဒီလိုဆိုရင် ကော်ဖီလုပ်သားတွေက တိုးတက်ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ဖို့ အခွင့်အရေးဆုံးရှုံးသွားလိမ့်မယ်။
“ဈေးတက်သွားတဲ့ တစ်ဒေါ်လာကို ငါတို့ပေးမယ်။ ဒါဟာ ကောင်းမှုတစ်ခုလုပ်နေတယ်လို့ပဲ ငါတို့ထင်မှတ်တယ်”
“ဂရင်းမောင်တိန်ကော်ဖီတစ်ခွက် သွားဝယ်ပါ။ ဒါဟာလည်း ကောင်းမှုတစ်ခုလုပ်နေတာပဲ”
တစ်ဒေါ်လာပိုပေးပြီး ဂရင်းမောင်တိန်ကော်ဖီသောက်သူတွေရဲ့ ရင်ထဲမှာလည်း ငြိမ်းချမ်းခြင်းတွေရှိမှာပါ။ မိုင်ထောင်ပေါင်းများစွာက ဆင်းရဲသားလုပ်သားတွေကို သူတို့ကူညီခွင့်ရနေတယ်ဆိုပြီး စိတ်မသန့်တာတွေ ဖြစ်နေမှာ မဟုတ်ပါဘူး။
ဒီလို ကရုဏာမေတ္တာနဲ့ပဲ ဂရင်းမောင်တိန်ကော်ဖီဟာ မယိုင်လဲဘဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

မူရင်းဘာသာပြန်ဆိုသူ : Nine Nine Sanay @ နိုင်းနိုင်းစနေ

Related Posts