ကျေးညီနောင်

အသွင်မတူသော ကျေးညီနောင်

ကလေးသူငယ်တို့သည် အတုမြင်၊ အတတ်သင်ဖြစ်သော ညွှတ်ပျောင်းလွယ်သည့် စိတ်ထားရှိရာကား မိမိနေထိုင်ရာဒေသ၊ ပတ်ဝန်းကျင်၊ ထိတွေ့မှု၊ အကျင့်စရိုက်တို့သည် များစွာ ရိုက်ခတ်လွှမ်းမိုးစေလေ၏။ မိမိနှင့်အတူတကွ နေထိုင်သော မိဘများ၊ ဝန်းကျင်စရိုက်များ၏ အကျင့်ဆိုးတို့ကို အတုခိုး အရိုးစွဲ မှတ်သားလေ၏။ ထို့ကြောင့် ရှေးပညာရှိတို့သည် “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဟူသော စကားရပ်ကို ထားရစ်ခဲ့လေ၏။

ဤအသွင်မတူသော ကျေးညီနောင်ဇာတ်နိပါတ်တွင်လည်း ညီအစ်ကိုရင်းခြားဖြစ်သည့်တိုင် ပတ်ဝန်းကျင်နှင့် အုပ်ထိန်းမှုတို့၏ အကျင့်စရိုက်များ လွှမ်းမိုးကူးစက်ပုံကို ထင်ရှားမြင်နိုင်ပေသည်။ လွန်လေပြီးသောအခါက တောင်တန်းတစ်ခုတွင် လက်ပံတောရှိ၍ ကျေးညီနောင်တို့ နေလေ၏။ တောင်တန်း၏ လေညာအရပ်တွင် ခိုးသားငါးရာတို့နေထိုင်သော နေရာလည်း ရှိလေသည်။ လေကြေအရပ်တွင်ကား ရသေ့ငါးရာတို့ သီတင်းသုံးသော ကျောင်းသင်္ခမ်း ရှိလေ၏။

တစ်နေ့သောအခါ ထိုလက်ပံတောတွင် လေပြင်းမုန်တိုင်း တိုက်ခတ်လေရာ၊ အတောင်ပေါက်ခါစဖြစ်သော ကျေးညီနောင်တို့သည် လေဒဏ်ကို ကြံ့ကြံ့မခိုင်နိုင်ဘဲ၊ လေသယ်ဆောင်ရာသို့ပါကာ … တကွဲတပြားစီ ဖြစ်သွားကြလေသည်။ ကျေးငယ်တစ်ကောင်သည် ခိုးသားတို့ရွာရှိ လက်နက်ငုံကြားတွင် ကျသဖြင့် ခိုးသားတို့က “သတ္တိဂုမ္ဗ” ဟု အမည်ပေးကာ ကောက်ယူကျွေးမွေးထားလေ၏။ အခြားသော ကျေးငယ်တစ်ကောင်သည်ကား ရသေ့တို့က ကောက်ယူကာ “ပုပ္ပက” ဟု အမည်ပေး၍ ကျွေးမွေးစောင့်ရှောက်ထားလေ၏။

သတ္တိဂုမ္ဗကျေးသားသည် ခိုးသားငါးရာတို့နှင့် ပေါင်းဖော်ကြီးပြင်းရ၍ ပုပ္ပကကျေးသားသည် ရသေ့ငါးရာတို့နှင့် ပေါင်းဖော်ကြီးပြင်းရလေသည်။ တစ်နေ့သောအခါတွင် ပြည့်ရှင်မင်းကြီးသည် နောက်လိုက်နောက်ပါတို့နှင့်တကွ တောကစားထွက်တော်မူလေ၏။ တောတွင်းသို့ ရောက်သောအခါ မင်းကြီးက “တစ်စုံတစ်ဦး စောင့်ကြပ်ဖမ်းဆီးရန် တာဝန်ကျရာအရပ်မှ သားကောင်ထွက်ပြေးလွတ်မြောက်သွားသည်ရှိသော် … ထိုသူသည် လွတ်မြောက်သွားသော သားကောင်နောက်သို့ လိုက်၍ အမိဖမ်းရမည်” ဟု အမိန့်ရှိကာ ချုံကွယ်ရာအသီးသီးတွင် စောင့်ကြပ်စေလေ၏။

မင်းကြီးကိုယ်တိုင်ကလည်း တစ်ခုသောချုံကွယ်ရာအရပ်မှ စောင့်လေသည်။ မင်းကြီး၏ နောက်လိုက်နောက်ပါတို့သည် တောချုံကိုရိုက်ပုတ်၍လည်းကောင်း၊ ကျယ်လောင်စူးရှသော အော်ဟစ်ကြွေးကြော်သံတို့ဖြင့်လည်းကောင်း၊ တောခြောက်ကြလေရာ … သမင်တစ်ကောင်သည် လန့်ဖျပ်၍ မင်းကြီးပုန်းကွယ်စောင့်ကြပ်ရာ အရပ်သို့ ဦးတည်ပြေးလေ၏။ ပြေးလာသော သမင်ကို မင်းကြီးဆီးဖမ်းသော်လည်း မမိချေ။ ကြော့ကွင်း၊ ကွန်တို့ဖြင့် ပစ်ဖမ်းသော်လည်း လွဲချော်လေ၏။ ထိုသမင် ထွက်ပြေးလွတ်မြောက်သွားသည်ရှိသော် တောကစားသူတို့သည် … “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဟု ပြက်ရယ်ပြုကြသည်ကို … မင်းကြီးလည်း မခံမရပ်နိုင်ဖြစ်လေသဖြင့်၊ ရထားထိန်းကိုခေါ်ကာ မြင်းကသောရထားဖြင့် သမင်နောက်သို့ လိုက်လေ၏။ သမင်လည်း အသက်ဘေးကို ကြောက်ရွံ့သဖြင့် လျင်မြန်သောအဟုန်ကို ဆောင်လျက် ချုံတို့ကို ခုန်ကျော်ပြေးလွှားလေသည်။ ချောက်ကိုတွေ့က ဆင်းပြေးလေ၏။ ကုန်းကိုတွေ့က တက်ပြေးလေ၏။ မင်းကြီးလည်း သမင်ကို ရလိုဇောဖြင့် ချုံကိုလွှား၍ လိုက်လေ၏။ ချောက်ကိုဆင်း၍ လိုက်လေ၏။ ကုန်းကိုတက်၍ လိုက်လေ၏။

သို့သော် … သမင်ကိုကား လိုက်၍မမီ၊ ဖမ်း၍မမိ ဖြစ်လေ၏။ ဤသို့ဖြင့် မင်းကြီး၏ရထားသည် ခိုးသားငါးရာတို့အနီးရှိ စမ်းချောင်းနံဘေးသို့ ရောက်သွားလေ၏။ မင်းကြီးလည်း ပင်ပန်းနွမ်းနယ်သဖြင့် စမ်းရေတွင် ရေမိုးချိုးကာ၊ သစ်ပင်တစ်ပင်အောက်တွင် အိပ်စက်နေလေ၏။ ခိုးသားတို့သည် မင်းကြီးနှင့် ရထားထိန်းတို့ကို မြင်သောအခါ ရွာမှ ဖယ်ကျဉ်ကား တောတွင် ပုန်းလျှိုးကြလေ၏။ ရွာတွင် ထမင်းချက်ခိုးသားတစ်ဦးနှင့် သတ္တိဂုမ္ဗကျေးသားသာလျှင် ကျန်ရစ်ခဲ့လေ၏။

ထိုခဏတွင် သတ္တိဂုမ္ဗကျေးသားသည် ရွာမှထွက်သော် … သစ်ပင်ရင်းတွင် အိပ်ပျော်နေသော မင်းကြီးကို မြင်လေ၏။ အဖိုးထိုက်သော မင်းဝတ်တန်ဆာကိုလည်း မြင်လေသည်။ ပတ္တမြားနားဋ္ဋောင်း၊ ကကြိုးတန်ဆာအပြည့်အစုံနှင့် ရထားကိုလည်း မြင်၏။ ထိုအခါ ကျေးသားသည် ဤသို့ အော်ဟစ်လေ၏။

“ထိုအဝတ်တန်ဆာတို့ကို ချွတ်ယူကြစို့၊ ပတ္တမြားနားဋ္ဋောင်းတို့ကို ချွတ်ယူကြစို့၊ ငါတို့သူ့ကို လုယူပြီးလျှင် နှစ်ယောက်စလုံးကိုသတ်၍ သစ်ခက်နှင့်ဖုံးအုပ်ကြစို့ ထွက်ခဲ့ကြ၊ လာခဲ့ကြ ရောင်းရင်းတို့” ကျေးသားသည် ထမင်းချက်ခိုးသားအား အော်ဟစ်ပြောဆိုသံကို မင်းကြီးကြားသဖြင့် လန့်နိုးသော် … “ဤနေရာကား … ဘေးအန္တရာယ်ထူပြောသော နေရာပေတည်း၊ ဤနေရာမှလွတ်ရန် အမြန်သွားမှသင့်ပေအံ့” ဟု တွေးမိလျက် ရထားထိန်းအား ခေါ်၍ ရထားကို အမြန်နှင်စေပြီး၊ ဤအရပ်မှ ဝေးရာသို့ ပြေးခဲ့ကြလေ၏။ မင်းကြီးနှင့် ရထားထိန်းတို့ ပြေးသည်ကို ကျေးသားမြင်လျှင် … “ခိုးသားတို့၊ ခိုးသားတို့ … သူတို့ထွက်ပြေးလေပြီ၊ အသက်ရှင်လျက် မလွှတ်လေနှင့်၊ လက်ဝတ်ရတနာတို့ကို ချွတ်ယူဖို့ ဓားလှံ၊ လေးမြှားတို့နှင့် လိုက်ကြစို့” ဟု အော်ဟစ်သတိပေးလေ၏။

မင်းကြီးလည်း ရထားကို အပြင်းနှင်စေခဲ့လေရာ … ရသေ့ငါးရာတို့၏ ကျောင်းသင်္ခမ်းသို့ ရောက်သွားကြလေ၏။ သူတော်စင် ရသေ့တို့နှင့် အတူတကွ ပေါင်းဖော်ကြီးပြင်းလာရသော ကျေးသားပုပ္ပကသည် သူတော်စင်ရသေ့တို့၏ သိမ်မွေ့နူးညံ့သော အပြုအမူ၊ အပြောအဆို၊ အကြံအစည်ကို အတုယူရကား ကျောင်းထက်သို့ တက်လာသော မင်းကြီးကိုမြင်လျှင် …

“အရှင်မင်းကြီး၊ … အရှင်မင်းကြီးကြွလာတော်မူခြင်းကား ကောင်းသောကြွလာခြင်းတည်း။ အပြစ်ကင်းသော ကြွလာခြင်းတည်း။ ဤအရပ်သို့ ကြွလာတော်မူသော အရှင်မင်းကြီးသည် အလိုရှိရာကို မိန့်တော်မူပါ။ ပျားရည်နှင့် အရသာရှိသော တည်သီး၊ သရက်သီး၊ မာလကာ၊ သြဇာသီးတို့ ရှိပါ၏။ ချိုနိုးရာရာကို ရွေးချယ်သုံးဆောင်တော်မူပါ။ တောင်ချောက်ကြားမှ ခပ်ထားသော ဤရေသည်လည်း အေးမြလှပါ၏။ အရှင်မင်းကြီးအလိုတော်ရှိပါလျှင် ရေအိုးစင်မှ ယူ၍ သောက်တော်မူပါ။ အရှင်မင်းကြီးလိုရာကို ဆောင်ယူပေးရန် ကျွန်ုပ်ယူပေးရန် ကျွန်ုပ်တွင် လက်မရှိပါသဖြင့် ကိုယ်တော်တိုင် ထ၍ ယူတော်မူပါ” ဟု ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာသာ ပြော၏။ မင်းကြီးလည်း ပုပ္ပကကျေးသား၏ ချိုသာသော စကားကိုကြားရသောအခါ … ကြမ်းကြုတ်သော သတ္တိဂုမ္ဗကျေးသားကို သတိရကာ …

“ဤကျေးသားကား လောကွတ်ကောင်းလှ၏။ ကျွန်ုပ်တွေ့ခဲ့သော ကျေးသားတစ်ကောင်မှာမူ လုပါ၊ ယက်ပါ၊ သတ်ဖြတ်ပါနှင့် ယုတ်မာကြမ်းတမ်းသောစကားကို ဆို၏။ ကျေးသားချင်းတူသော်လည်း အမူအရာခြားနားလှ၏” ဟု ဆို၏။ ထိုအခါ ပုပ္ပကကျေးသားက … အရှင်မင်းကြီး၊ အရှင်မင်းကြီးတွေ့ခဲ့သော ကျေးသားကား ကျွန်ုပ်၏ ညီငယ်ကျေးသားပင် ဖြစ်ပါ၏။ ကျွန်ုပ်တို့ညီနောင်သည် လေပြင်းတိုက်ခတ်သဖြင့် တကွဲတပြားစီ ဖြစ်၏။ ညီငယ်ကျေးသားသည် လေနောက်သို့ပါသွားပြီး ခိုးသားတို့၏ လက်နက်ပုံကြားတွင် ကျရောက်သဖြင့် သတ္တိဂုမ္ဗ-ဟု အမည်ပေးကာ ခိုးသားတို့ ကျွေးမွေးစောင့်ရှောက်ထားပါသည်။

ကျွန်ုပ်ကား ရသေ့ကျောင်းသင်္ခမ်းရှိ ပန်းရုံ၊ ပန်းချုံအကြားတွင် ကျရောက်သဖြင့် ရသေ့တို့က ပုပ္ပကဟု အမည်ပေးကာ ကျွေးမွေးစောင့်ရှောက်ထားပါသည်။ အရှင်မင်းကြီး … ငါးပုပ်ကို ဖွဲ့ချည်ထားသော သမန်းမြက်တွင် ငါးပုပ်နံ့စွဲသကဲ့သို့၊ ခိုးသားများနှင့် ပေါင်းဖော်ကြီးပြင်းရသော သတ္တိဂုမ္ဗတွင် ညစ်ညမ်းသော ကြမ်းကြုတ်သော၊ မိုက်မဲသော အမူအရာတို့သည် စွဲသတည်း။

အရှင်မင်းကြီး၊ တောင်ဇလပ်ပန်းကို ထုပ်သောဖက်တွင် တောင်ဇလပ်၏ အမွှေးနံ့သာ စွဲကျန်သကဲ့သို့ သူတော်စင်ရသေ့တို့နှင့် ပေါင်းဖော်သော ကျွန်ုပ်တွင် သူတော်စင်တို့၏ ဖြူစင်သော အမူအရာတို့ စွဲသတည်း။ အရှင်မင်းကြီး၊ တစ်စုံတစ်ဦး၏ အမူအကျင့်၊ အပြောအဆို၊ အကြံအစည်တို့သည် မိမိ၏ အပေါင်းအဖော်ကို လိုက်၍ ပေါ်ပေါက်သည်သာတည်း ဟု တရားဟောရာကား၊ မင်းကြီးလည်း ပုပ္ပကကျေးသား၏ တရားတွင် ကြည်ညိုကာ ချမ်းမြေ့ကြည်နူးခြင်း ဖြစ်ရလေသတည်း။

(ဝိသတိနိပါတ်၊ သတ္တိဂုမ္ဗဇာတ်)

ဤဇာတ်တော်တွင် တစ်မိတည်းပေါက်ဖွားသော်လည်း၊ အကျင့်စရိုက် မတူကွဲပြားရခြင်း၏ အဓိကတရားခံမှာ အနေဦးသည့် ဝန်းကျင်စရိုက်ကြောင့် ပြောင်းလဲခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် မိမိတို့ရင်သွေးရတနာတို့အား ကောင်းသောအမြင်၊ ကောင်းသောအကြားနှင့် ကောင်းသောပတ်ဝန်းကျင်ရှိရန် လိုအပ်လှပေသည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts