ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (က) (အပိုင်း - ၂)

ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (က) (အပိုင်း – ၂)

ကျွန်ုပ်က ထိုသို့ဆိုလိုက်သောအခါ မီနီဇနှင့် လိုင်စီတို့ နှစ်ဦးစလုံး ခေါင်းညိတ်ကြပါသည်။ ထို့နောက် မည်သူက မည်သူထက် ပို၍ စိတ်ကောင်းရှိသနည်း၊ မည်သူက မည်သူထက် ပို၍ အသိအလိမ္မာရှိသနည်းဟု ကျွန်ုပ်က ဆက်၍
မေးတော့အံ့ဆဲဆဲ၌ ကျွန်ုတို့ရှိရာသို့ သူငယ်တစ်ဦးလာ၍ မီနီဇိနကို ခေါ်သွားပါသည်။ မီနီဇိန၏ အားကစားဆရာက အခေါ်ခိုင်းသည်ဟု ဆိုပါသည်။

အားကစားကိစ္စအတွက် မီနီဇိနမှာ ပွဲပေးရန်ရှိသည်ဟု ထင်ပါသည်။ မီနီဇိနထသွားသောအခါ ကျွန်ုပ်က လိုင်စီဘက်သို့ လှည့်၍မေးသည်မှာ

အချင်း လိုင်စီငယ်၊ အသင်၏ အမိအဖတို့သည် အသင့်ကို အလွန်ချစ်ကြ၏ဟု ကျွန်ုပ် ဆိုချင်ပါသည်၊ ဆိုရမည်လော။

ဆိုပါ။ ကျွန်တော့်ကို အလွန်ချစ်ပါသည်။

ထိုသို့ဖြစ်လျှင် အသင်၏ အမိအဖတို့သည် အသင်၌ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိသည်ကို အလိုရှိကြမည် ဧကန်ဖြစ်သည်။

ဟုတ်ပါသည်၊ အလိုရှိကြပါသည်။

ကောင်းပြီ၊ မေးချင်ပါသေးသည်။ ကျေးကျွန်ဘဝ၌ ရှိနေရသောကြောင့် ကိုယ့်ဆန္ဒအလျောက် ပြုခွင့်မရသောသူသည် ချမ်းသာ၏ဟု အသင် ထင်ပါသလော။

မထင်ပါ။

အသင့် အမိအဖတို့သည် အသင့်ကိုချစ်၍ အသင် ချမ်းသာသည်ကို အလိုရှိကြသည် ဖြစ်လျှင် အသင် ချမ်းသာအောင် သူတို့ပြုကြရမည်သာ။ ဟုတ်ပါသလော။

ဟုတ်ပါသည်။

ထိုသို့တပြီးကား၊ အသင့် အမိအဖတို့သည် အသင့် ဆန္ဒအလျောက် အသင်ပြုတော့မည်ဟု အသင့်အား အခွင့်ပေးကြပါသလော။ အသင့်ကို မြည်တွန်တောက်တီးခြင်း မပြုကြပြီလော။ တားမြစ်ခြင်း မပြုကြပြီလော။

ဆော့ခရတ္တိ၊ ကျွန်တော့်ကို တားမြစ်ခဲ့ကြသည်မှာ မနည်းလှပါ။

စာပိုဒ် (င)

လိုင်စီငယ်၊ အသင် မည်သို့ ဆိုလိုက်သနည်း။ အသင့် အမိအဖတို့သည် အသင် ချမ်းသာသည်ကို အလိုရှိကြ၏ဟုလည်း အသင် ဆိုခဲ့သည်။ အသင်၏ ဆန္ဒအလျောက် အသင် ပြုသည်ကို တားမြစ်သည်ဟုလည်း အသင်ဆိုသည်။ ပသို့နည်း။ ပုံစံပြရသော် အသင်၏ အဖ၌ ရထားများစွာရှိသည့်အနက် ရထားတစ်စီးကို အသင်ယူ၍ မြင်းဇက်ကြိုးကို အသင်ကိုယ်တိုင် ကိုင်၍ ရထားအနှင် ပြိုင်ချင်သည်ဆိုအံ့။ ထိုသို့မပြုရဟု အသင်၏အဖက ဆို၍ အသင့်ကို ထားမည်လော။

ဆော့ခရတ္တိ၊ တားမည်မုချ။

ထိုသို့တပြီးကား၊ အသင်၏ အဖသည် မည်သူ့အား ရထားနှင်ခွင့် ပေးမည်နည်း။

အဖ၏ အခြွေအရံ၌ ရထားမှူးပါရှိသည် ရထားမှူးအား အဖက အဖိုးအခ ပေးထားပါသည်။

ထိုသို့ဆိုလျှင် အသင်၏အဖသည် သူချစ်သောသားထက် သူ အဖိုးအခ ပေးထားသော ရထားမှူးကို ပို၍ ယုံကြည်စိတ်ချသည်ဟု မဆိုနိုင်ပြီလော။ ထို့ပြင် ရထားမှူး ကောင်းသည်ထင်သည့်အတိုင်း မြင်းတို့ကို စီမံဟု အသင့်အဖက ရထားမှူးအား အခွင့်ပေးထားသည် မဟုတ်ပါလော။ ထို့ကြောင့်သာ အသင့်အဖသည် ရထားမှူးအား ထိုကိစ္စအတွက် အဖိုးအခပေးထားခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါလော။

ဟုတ်ပါသည်။

သို့ရာတွင် လားဆွဲသော လှမ်းကြမ်းမောင်းခွင့်ကိုလည်းကောင်း၊ နှင်တံကိုင်ခွင့်ကိုလည်းကောင်း အသင့်အား ပေးမည်ဟု ကျွန်ုပ်ထင်သည်။ ဟုတ်ပါသလော။

ဆော့ခရတ္တိ ထိုအခွင့်အရေးကိုလည်း အဖက မပေးပါ။

ထိုသို့ဆိုလျှင် မည်သူ့အား ပေးပါသနည်း။

လားမောင်းသမားအား ပေးပါသည်။

ကောင်းပြီ။ လားမောင်းသမားသည် အသင့်အဖ၏ အခြွေအရံ၌ လူလွတ်ထဲကလော၊ ကျေးကျွန်ထဲကလော။

ကျေးကျွန်ထဲကပါ။

ထိုသို့ဆိုလျှင် အသင်၏အဖသည် သားထက် ကျေးကျွန်ကို ပို၍ အရေးပေးရသလော။ သူ့ပစ္စည်းအတွက် သားထက် ကျေးကျွန်ကို ပို၍ ယုံကြည်စိတ်ချရသလော။ လိုင်စီငယ်၊ မေးချင်ပါသေးသည်။ ဖြေပါဦးလော့။ အသင်သည် အသင့်ကိုယ်ကို အသင် အုပ်ထိန်းနေသလော၊ သို့တည်းမဟုတ် အသင့်ကိုယ်ကို အသင် အုပ်ထိန်းလော့ဟု အသင့်အဖက အသင့်အား အခွင့်ပေးပါသလော။

ဆော့ခရတ္တိ၊ အခွင့်မပေးပါ။

ထိုသို့ဖြစ်လျှင် အသင့်မှာ အထိန်းသမား ရှိနေပြီပေါ့။

ရှိပါသည်၊ သူလည်း ပါလာပါသည်၊ ဟိုမှာပါ။

အသင်၏ အထိန်းသမားသည် လူလွတ်ထဲကလော၊ ကျေးကျွန်ထဲကလော။

လူလွတ်မဟုတ်ပါ။ ကျေးကျွန်ထဲကပါ။

ဆန်းစွ။ လူလွတ်ကို ကျေးကျွန်က ချုပ်ကိုင်ရသလော။ သူ့တာဝန်သည် အဘယ်နည်း။

ကျွန်တော့်ကို ထိန်းသိမ်းစောင့်ရှောက်၍ ကျွန်တော်၏ စာသင်ဆရာများထံသို့ ပို့ရပါသည်။

သြော်၊ အသင်၏ စာသင်ဆရာများကမူကား အသင့်ကို စိုးမိုးချုပ်ကိုင်ကြလိမ့်မည် မဟုတ်ဟု ကျွန်ုပ် ထင်သည်။

ဆော့ခရတ္တိ၊ အလွန်ဗိုလ်ကျကြပါသည်။ အလွန်ချုပ်ကိုင်ကြပါသည်။

စာပိုဒ် (စ)

ဟာ၊ ထိုသို့ဆိုလျှင် အသင်၏အဖသည် အသင့်ကို များလှစွာသော အရှင်သခင်တို့ဖြင့် ချုပ်ကိုင်ထားလေပြီ။ သနားစရာပါပေ။ သို့ရာတွင် အသင်၏ အိမ်၌ကား အသင်၏ အမိသည် သားသားပျော်အောင် သားသားကို အလိုလိုက်လိမ့်မည်ဟု ကျွန်ုပ် ဆိုရဲသည်။ အမိ ရက်ကန်းရက်နေစဉ် သားသားက သိုးမွေးချည်ခင်တို့နှင့် ဆော့ကစားနေပါလားဟု အမိက ဆိုမည်မုချ။ ထို့ပြင် ရက်ကန်း လက်ခတ်တို့၊ ရက်ကန်းဘီးတို့၊ ရစ်တို့ကို သားသားက ကိုင်လားတွယ်လားပြုလျှင် သားသားကို အမိက မတားဘဲ ကြည့်နေမည်မုချ။ ထိုသို့ မဟုတ်ပါလော။

ကျွန်ုပ်က ထိုသို့ဆိုသောအခါ လိုင်စီငယ်သည် ရယ်ပါလေသည်။ ထို့နောက် လိုင်စီငယ်က ပြောသည်မှာ

ဆော့ခရတ္တိ၊ အမေ့ပစ္စည်းများကိုသာ ကျွန်တော် ကိုင်မိ တွယ်မိလျှင် အရိုက်ခံရမည်မှာ သေချာပါသည်။

ဟေ ဟုတ်ကလား။ လိုင်စီငယ်က အမေ့ကို အန်တုသောကြောင့်လော၊ အဖကို အန်တုသောကြောင့်လော။

ထိုအကြောင်းကြောင့်ကား မဟုတ်ပါ။

ထိုအကြောင်းကြောင့် မဟုတ်လျှင် အဘယ်အကြောင်းကြောင့်နည်း။ အသင့် အမိအဖတို့သည် အသင် စိတ်မချမ်းမသာ ဖြစ်အောင် အသင့်ကို အဘယ်ကြောင့် တားကြသနည်း။ အသင်၏ ဆန္ဒအတိုင်း ပြုချင်ရာမပြုနိုင်အောင် အသင့်ကို အဘယ်ကြောင့် ချုပ်ကိုင်ချင်ကြပါသနည်း။ သူတစ်ပါး၏ လက်အောက်၌ အသင့်ကို အဘယ်ကြောင့် တစ်နေကုန် တစ်နေခန်း ထားချင်ကြပါသနည်း။ လိုင်စီငယ်၊ အသင်သည် သူတစ်ပါး၏ သြဇာကို ခံနေရသကဲ့သို့ ဖြစ်နေပြီ။ ပစ္စည်းဥစ္စာ အမြောက်အမြား ရှိပါလျက် ပစ္စည်းဥစ္စာ၏ အကျိုးကို အသင် မခံစား၊ မစံစားရသကဲ့သို့ ဖြစ်နေပြီ။ ပဒေသရာဇ်အနွယ် ဖြစ်ပါလျက် သူတစ်ပါး၏ အစိုးအမိုးအချုပ်အကိုင်ကို ခံနေရသကဲ့သို့ ဖြစ်နေပြီ။

စင်စစ်မှာ အသင်ကသာ သူတစ်ပါးကို ချုပ်ကိုင်ရမည်၊ သြဇာပေးရမည်၊ အသင်၏ ဆန္ဒအလျောက် ပြုနိုင်ရမည်။ ထိုသို့ မဟုတ်ပါလော။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

Related Posts