နေပူမိုးရွာ အပိုင်း (၇)

နေပူမိုးရွာ အပိုင်း (၅)

နေပူမိုးရွာ အပိုင်း (၅) – မှော်ဆရာသည် ဝါးထရံကို အသာဖြဲ၍ လျှိုဝင်လိုက်သည်။ အိမ်ထဲ ရောက်ပြီ။ လက်မောင်းမှာ ချည်လာသော လက်ဖွဲ့က အလွန်စွမ်းသည်။

လက်ဖွဲ့အစွမ်းကြောင့် တော်ရုံတန်ရုံဖြင့် သူ့ကို လူတွေမမြင်နိုင်။ ဒီညအဖို့ ပိုတောင်မမြင်နိုင်။ မီးတွေ ပြတ်နေသည်။ သူက ခြေသံကို လုံအောင်ထိန်းပြီး နေရာရွှေ့လိုက်သည်။ မှောင်ထဲမှာ မျက်စိကျင့်သားရအောင် ခဏစောင့်သည်။ ညအမှောင်မှာ ကြည့်နေကျမို့ အမြင်အာရုံက ခဏချင်းမှာ ထက်မြက်လာသည်။ နေ့လယ်က အိမ်မှားဝင်မိသလိုလိုနှင့် လေ့လာထားခဲ့သည့်အတိုင်း ကက်ဆက်က စားပွဲပေါ်မှာ ရှိနေသည်။ ထိုနေရာသို့ အသာကလေး ရွှေ့လာသည်။ ကက်ဆက်ရှိရာသို့ လက်အလှမ်းလိုက်တွင် “ဟေ့ကောင် … မလှုပ်နဲ့” တုံ့ခနဲ ဖြစ်သွားသည်။ အိမ်ရှင် နိုးနေပြီ။
“ခွေးမသား … မင်း ဝင်လာကတည်းကသိလို့ စောင့်နေတာကွ” အိမ်ရှင်သည် သူနှင့်လေးငါးပေအကွာမှာ ရပ်နေသည်။ လက်ထဲမှာ တစ်ခုခုရှိကြောင်း သူ ခန့်မှန်းမိသည်။ ဓားမြှောင်ဖြစ်မည်။ သူ့ကို အလစ်ဝင် မဆော်ပုံထောက်တော့ သိပ်သတ္တိကောင်းမည့်ပုံမပေါ်။ ဟန်ကိုယ့်ဖို့ လုပ်ရမည်။ ထွက်ပြေးစရာ ထွက်ပေါက်ကလည်း မရှိ။ ထရံကို ဖြဲပြီး ပြန်ထွက်ဖို့လည်း အချိန်ရမည်မဟုတ်။ အိမ်ရှင်က ရှေ့မတိုးရဲဘဲ ဖြစ်နေသည်။ ထို့ကြောင့် မှော်ဆရာက သူ့မှာလည်း လက်နက်ရှိနေသည့်ဟန်မျိုးဖြင့် လက်ကို တစ်ခုခု ကိုင်ထားသလို လုပ်ပြီး နည်းနည်းမြှောက်လိုက်သည်။ အိမ်ရှင်က နောက်တစ်လှမ်း ဆုတ်သွား၏။ ဟန်ကျပြီ။ မှော်ဆရာ ရှေ့တစ်လှမ်းတိုးသည်။ အိမ်ရှင် ထပ်ဆုတ်သည်။

“ဟေ့ကောင် သူခိုး … ရှေ့မတိုးနဲ့နော်” သူခိုးက မပြေးရဘဲ အိမ်ရှင်က ပြေးမည့်ကိန်းနှင့် လာဆိုက်နေပြီ။ မှော်ဆရာက အခွင့်အရေးကို လက်လွတ်မခံ။ ရှေ့ဆက်တိုးသည်။ အိမ်ရှင်က နှစ်လှမ်းသုံးလှမ်း ဆုတ်သည်။ မှောင်ထဲမှာမို့ နည်းနည်းဝေးသွားလျှင် ကောင်းကောင်းမမြင်ရတော့။ ခုနေခါ ထွက်ပြေးရကောင်းမလား။ မဖြစ်သေး။ တစ်ချက်လောက်တော့ ထပ်လှန့်လိုက်ရဦးမယ်။ မှော်ဆရာ ရှေ့တစ်လှမ်းအတိုး “ဟေ့ကောင် မင်းနော် ထပ်မတိုးနဲ့တော့ … ငါထပ်ပြီးနောက်ဆုတ်လို့ မရတော့ဘူး … ထရံနဲ့ကျောနဲ့ ကပ်နေပြီ” အိမ်ရှင့်အသံက တုန်နေပြီ။ မှော်ဆရာက အခွင့်သာခိုက် ခုန်အုပ်မည့်ဟန်ဖြင့် ဟေ့ … ဆို ခြောက်လိုက်သည်။ အိမ်ရှင်ကလည်း ယောင်ပြီးလက်ထဲက ဓားမြှောင်ကို လွှတ်ချ၍ “သ … သ … သ” အထစ်ထစ်အငေါ့ငေါ့၊ သူခိုးဟု အော်တော့မည်။ မှော်ဆရာက ခုန်အုပ်လိုက်သည်။ နှစ်ယောက်သား လုံးထွေးနေသည်။ မှော်ဆရာက မိရာကို လှမ်းထိုးသည်။ မျက်ခွက်ကို ထိုးမိ၏။ အိမ်ရှင်ကလည်း ခြေထောက်ဖြင့် ကြောက်ကန်ကန်ထည့်လိုက်သည်။ မှော်ဆရာ ပက်လက်လန်ထွက်ပြီး တိုင်နှင့်နောက်စေ့ အရှိန်ပြင်းစွာ ဆောင့်သည်။ မိုက်ခနဲ၊ ပြာခနဲ ဖြစ်သွား၏။

အမူးပြေသွားတော့ သူ့ကို တိုင်မှာ ကြိုးနှင့်တုပ်ထားကြောင်း သိလိုက်ရသည်။ သူ့ရှေ့မှာ အိမ်ရှင်က မီးခွက်တစ်ဘက် ဓားမြှောင်တစ်ဘက် ကိုင်၍ ရပ်နေသည်။ မျက်လုံးတစ်ဘက်က သူ ထိုးထားသဖြင့် ဖူးရောင်နေသည်။ ဒေါသထွက်နေပုံလည်း ရသည်။ မှော်ဆရာက မျက်လုံးကလေး ကလည်ကလည်ဖြင့် မော့်ကြည့်သည်။ “ခွေးသူခိုး … ဒီမှာကြည့်စမ်း၊ မင်းထိုးထားတဲ့ဒဏ်ရာ … မင်းမျက်လုံးကို ပြန်ဖောက်ပစ်မယ်ကွ” ဓားမြှောင်က မျက်နှာနား ဝဲလာသည်။ “မလုပ်ပါနဲ့ ဆရာရယ် … ချမ်းသာပေးပါ” “ဘာကွ ဟင်း … မင်းနားရွက်ကိုပါ ဖြတ်ပစ်မယ်” “ကြောက်ပါပြီ ခင်ဗျ …” ဓားတကိုင်ကိုင်ဖြင့် ပြောသာပြော၊ ကြိမ်းသာကြိမ်းနေသော်လည်း တကယ်မလုပ်ရဲ။ ခြေထောက်နှင့် တစ်ချက်ပိတ်ကန်ပြီးနောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြန်သည်။ အတော်ကြာမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် မီးခွက်နှင့် ဓားမြှောင်ကို စားပွဲပေါ်တင်ပြီး နောက်ဖေးဘက် ထွက်သွားသည်။

ပြန်ထွက်လာတော့ လက်ထဲမှာ ရေပုံးတစ်ပုံးကို ဆွဲလာသည်။ “ဟား ဟား … မင်းကို အကောင်းဆုံးနည်းနဲ့ ပညာပေးရမယ်” မှော်ဆရာ့ခေါင်းပေါ်သို့ ရေလောင်းချသည်။ အား … ရေခဲရေတမျှ အေးစက်နေတဲ့ ညသိပ်ရေတွေ၊ တစ်ကိုယ်လုံး ရွှဲနစ်သွားသည်။ ကျောထဲက စိမ့်ခနဲ ဖြစ်သွား၏။ အိမ်ရှင်က ပြတင်းပေါက်တံခါးကို သွားဖွင့်လိုက်သေးသည်။ ဆောင်းလေ၏ အအေးဆုံး မြောက်ပြန်လေက တိုးဝင်လာသည်။ မှော်ဆရာ တုန်သွား၏။ အိမ်ရှင်က ကျေနပ်အားရစွာပြုံးပြီး ပက်လက်ကုလားထိုင်ကို ဆွဲ၍ ထိုင်သည်။ ရှေ့တည့်တည့်မှ မြိန့်မြိန့်ကြီး အရသာခံကာ တစိမ့်စိမ့် ထိုင်ကြည့်နေသည်။ အတော်ကြီးကြာတော့ မှော်ဆရာ ခိုက်ခိုက်တုန်နေပြီ။ အိမ်ရှင်သည် စိတ်ကူးပေါက်တိုင်း ရေထထလောင်းသည်။ ထိုမျှနှင့် အားမရသေးဘဲ ယပ်ခတ်ပေးသေးသည်။ မှော်ဆရာ မခံနိုင်တော့။ “ဟေ့လူ … ရှိကြီးခိုးပါရဲ့ဗျာ၊ ရဲလက်အပ်မှာဖြင့် အပ်ပါတော့၊ ဒီမှာ ချမ်းလို့သေတော့မယ်” “မအပ်သေးဘူးကွ … မနက်ကျမှ အပ်မယ်”

မှော်ဆရာကား မေးချင်းရိုက်နေပြီ။ တဖြည်းဖြည်း တစ်ကိုယ်လုံး တုန်တက်လာသည်။ ငုပ်နေသော ငှက်ဖျားရောဂါ ပြန်ထလာပြီ။ မှော်ဆရာ တဟီးဟီးအော်ပြီး တုန်နေသည်ကို ကြည့်ရင်း အိမ်ရှင်မှာ လန့်လာဟန်တူသည်။ “ဟေ့ကောင် … မင်း မင်း သိပ်ချမ်းနေပြီလား” “ဟုတ် … ဟုတ်၊ အမယ်လေး … ငှက်ဖျားတက်နေပြီဗျ၊ ဟီး ဟီး” အိမ်ရှင်သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ မှော်ဆရာက အထစ်ထစ် အငေါ့ငေါ့ဖြင့် “ရေ … ရေနွေးလေး တစ် … တစ်ခွက်လောက် ပေးပါဗျာ” အိမ်ရှင်လည်း ယောင်ယောင်ကန်းကန်းဖြင့် ရေနွေးသွားယူသည်။ ကြိုးမဖြေပေးရဲသဖြင့် ပါးစပ်နားတေ့ပြီး သူကိုယ်တိုင် တိုက်သည်။ မှော်ဆရာက ရေနွေးတစ်ငုံကို မှုတ်သောက်ပြီး “ဟင်း ဟင်း … တလက်စတည်း ပါရာစီတမော့လေး တစ်လုံးလောက်ပါ တိုက် … တိုက်ပါလားဗျာ”

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts