ရတနာပုံခေတ် မိန်းမမြင်းစီးသူရဲကောင်း မယ်ဘယက်(ဇာတ်သိမ်းပိုင်း)

ထိုအချိန်တွင် မင်းတုန်းမင်းသည် မြေနန်းပြသာဒ်ဆောင် တွင် ရှိနေပြီး လိုအပ်သည်တို့ကို ကိုယ်တိုင်ညွှန်ကြားတော်မူသည်။ ဤတွင် မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်မင်းသား သူပုန်တို့က “ခမည်းတော်ဘုရားသဘောဆန္ဒကို မိမိတို့ သိလိုသည်။

နန်းမြို့တော်တစ်ခုလုံး မိမိတို့အောင်မြင်နေပြီ” ဟု ခမည်းတော်မင်းတုန်းမင်းကြီးထံ စာပို့သည်။ စာရသော် မင်းတုန်းမင်းသည် သားမိုက်တို့ကို အလျှော့မပေး၊ သူပုန်မင်းသားနှစ်ပါးနောက်ဆုတ် ရန် သူတို့၏မယ်တော် တောင်ရွှေရေးဆောင်မိဖုရားကို စေလွှတ်၍ နားချခိုင်းသည်။

တောင်ရွှေရေးဆောင်မိဖုရားသည် သားတော်နှစ်ပါးကို နောက်ဆုတ်ရန်ပြောသည့်အခါ မင်းသားတို့က အသက်ပေါင်းများစွာ စတေးခံပြီးပြီ နောက်မဆုတ်နိုင်ကြောင်း ပြန်လည်၍ ပြောလိုက်သည်။

မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်မင်းသား နှစ်ပါးတို့သည် နန်းတွင်းသို့ဇွတ်အတင်းဝင်ရောက်ရာ တံခါးနီတွင် သူပုန်တပ်သားများအား ရှေ့မှဘုရင်တပ် နောက်မှ ကနောင်မင်းတပ် ထိုတပ်နှစ်တပ် ကြား နှစ်ဖက်ညှပ်အတိုက်ခံရ၍ သူပုန်တို့သည် လွှတ်တော်ဖက်ဆီသို့ အမြန်ဆုံးဆုတ်ရပြီး ထိုမှ နန်းမြို့ပြင်သို့ ထွက်ပြေးသွားကြလေသည်။

တစ်နေ့တစ်ည ဘုရင့်တပ်နှင့် သူပုန်တပ်တို့ တိုက်ခိုက်ကြရာတွင် သူပုန်တပ်သားများအကျများ ၍ မိမိတို့ဖက်မှ အရှုံးပေးရမည်ကို နားလည်ကြပြီး မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်မင်းသား တို့သည် လက်ကျန်သူပုန်တို့နှင့်အတူ ရွှေနန်းတော်မှ ဧရာဝတီမြစ်ဆိပ်ကမ်းဆီသို့ ဆုတ်ခွာပြေး ကြပြီး မြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော မင်းတုန်းမင်း၏”ရေနန်းစကြာသင်္ဘော”ကို အပိုင်စီးပြီး မြစ်အောက်ပိုင်းသို့ စုန်ဆင်းထွက်သွားကြသည်။

ထိုအရေးအခင်းတွင် မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်တို့၏ သူပုန်တပ်ကို မိန်းမမြင်းစီး သူရဲကောင်း မယ်ဘယက်သည် မင်းတုန်းမင်းကြီး နန်းပလ္လင်ပေါ်မှ မကျရေး အသက်ပေးမြင်းစီး တိုက်ခိုက်သည်ကို မင်းတုန်းမင်းကြီး သိရှိတော်မူမည် မဟုတ်ပါ။ ကုန်းဘောင်ခေတ် သမိုင်းတွင် မြင်ကွန်းမြင်းခုန်တိုင်အရေးတွင် သမိုင်းတွင် ထင်ရှားခဲ့သော်လည်း မိန်းမမြင်းစီး သူရဲကောင်း မယ်ဘယက်၏ အမည်မှာ သမိုင်းတွင်ပျောက်ကွယ်လျက်ရှိနေပါသည်။

ထိုသို့ ပျောက်ကွယ်နေသော်လည်း အမရပူရမြို့ တောင်သမန်အင်းအရှေ့ဘက်၊ မယ်ဘက်ကုန်း ဘုန်းကြီးကျောင်းဝင်းအတွင်း အုတ်တိုက်၌ မိန်းမမြင်းစီးသူရဲကောင်း မယ်ဘယက်မြင်းစီး၍ ဓားကိုင်ထားသော မြင်းစီးရုပ်တုကြီးက သက်သေပြလျက်ရှိနေပါ သည်။

ထို့ အပြင် ထိုမယ်ဘက်ကုန်း ဘုန်းကြီးကျောင်းဝင်း၏အနောက်တောင်ထောင့်တွင် ဉာဏ်တော်အတောင်(၂၀)ရှိသောထုံးဖြူဖြူဖွေးဖွေးဖြင့် စေတီတစ်ဆူတည်ထားပါသည်။

ထိုဘုရား၏ ဘွဲ့တော်မှာ မယ်ဘယက်ဘုရားဖြစ်ပါသည်။ ထိုဘုရားစေတီ၏ ဘုရားဒါယိကာမမှာ ရတနာပုံခေတ်မိန်းမမြင်းစီးသူရဲကောင်း မယ်ဘယက်ဖြစ်ပါသည်။ သမိုင်းပျောက်သော်လည်း နာမည်မပျောက်သော မိန်းမမြင်းစီးမယ်ဘယက်အကြောင်း ရေးသားတင်ပြလိုက်ရပါသတည်း။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts