နေပူမိုးရွာ အပိုင်း (၂)

နေပူမိုးရွာ အပိုင်း (၂)

နေပူမိုးရွာ အပိုင်း (၂) – ငတက်ပြားအုပ်စုများမှာ တစ်နေရာတွင် မကြာခဏဆုံကြသည်။ လူစုံတက်စုံတော့မဟုတ်။ ထိုနေရာသို့ ရောက်ခွင့်ကြုံသူများသာဖြစ်သည်။ ထိုအခါတွင် တစ်ယောက်နှင့်တစ်ယောက် အတွေ့အကြုံချင်း ဖလှယ်ကြသည်။ ဝါရင့်ပြီးသူတွေက နုသေးသူတွေကို သင်ခန်းစာပေးကြသည်။

ခါးတွေ၊ ဓားတွေနဲ့ ငါတို့နဲ့ မတူတဲ့ကိစ္စကတော့ … သူတို့က လူအုပ်စုတောင့်မှ ကောင်းတာ … ငါတို့ကျတော့ လူနည်းလေ ကောင်းလေပဲ၊ အများဆုံး နှစ်ယောက်လောက်ပဲ ကောင်းတယ် …အကောင်းဆုံးကတော့ တစ်ကိုယ်တော်ပဲ၊ ငါတို့လို လူမျိုးဆိုတာက ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် ယုံရတာမဟုတ်ဘူး … စကားအဖြစ် ပြောတာမဟုတ်ဘူး ကိုယ့်လူတို့ … တကယ်ကွ … တစ်ခါက ငါ အိမ်တစ်အိမ် ဝင်ခိုးရင်းက စားပွဲပေါ်တင်ထားတဲ့ ပန်းအိုးကို ဒူးနဲ့ဝင်တိုက်မိလို့ ပန်းအိုးက ကျကွဲရော … အိမ်ရှင်တွေ နိုးလာလို့ မနည်းလွတ်အောင် ပြေးခဲ့ရတယ် … တစ်ကိုယ်တော် ဘကြိုင်က ပြောလိုက်သည်။ ဘကြိုင်ဆိုသော နာမည်မှာ သူ့နာမည်အရင်းတော့ မဟုတ်။ သူ့နာမည်ရင်းကိုတော့ ဘယ်သူမှမသိကြချေ။ သူသည် အလုပ်ကလေးဖြစ်လို့ ငွေကလေးရှိပြီဆိုလျှင် သုံးလိုက်၊ ဖြုန်းလိုက်နှင့် နေတတ်သည်။ ဖဲကစားဝါသနာပါသည်။ မကောင်းသောအလုပ်ဖြင့်ရသော ပိုက်ဆံသည် မကောင်းသည့်နည်းနှင့်ပင် ကုန်တတ်သည့်သဘာဝအတိုင်း အမြဲလိုလို ‘ဘိုင်ကျ’ နေတတ်သည်။ ဤသို့ဖြင့် သူ့နာမည် ‘ဘကြိုင်’ တွင်လာခြင်းပင်။

သူသည် အားလုံးထဲတွင် ဝါအရင့်ဆုံး အသက်အကြီးဆုံး ဖြစ်၏။ ငါးဆယ်နီးပါးပင် ရှိနေပြီ။ တကယ်ဆိုလျှင် သူ့အသက်အရွယ်နှင့် ဒီအလုပ်လုပ်ဖို့ မကောင်းတော့။ ဒီအလုပ်ဆိုတာကလည်း ကျော်ဟယ်လွှားဟယ် ပြေးဟယ်နှင့် သွက်လက်ဖျက်လက်နေမှ ကောင်းသည်မဟုတ်လား။ သူနှင့် သက်တူရွယ်တူ ခေတ်ပြိုင်တွေဆိုလျှင် တချို့လည်း အမြင်မှန်ရပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြ တချို့လည်း အခြားပြစ်မှုမျိုးစုံနှင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေကြရသည်။ သူသာလျှင် သားမယား သံယောဇဉ်ကလည်း မရှိ။ သုံးလွယ် ဖြုန်းလွယ်သဖြင့် ကုန်ခန်းသွားလိုက်၊ အကြံအဖန်ကလေး ပြန်လုပ်လိုက်ဖြင့် ဒီသံသရာထဲမှာ လုံးလည်ချာလည်လိုက်နေတုန်း။ သူခိုးဆိုတာ ဘယ်တော့မှ လက်နက်မကိုင်ရဘူးကွ … လက်နက်ဆိုတာ လက်ထဲမှာ အသင့်ရှိနေရင် အရေးကြုံလာတဲ့အခါ သုံးမိမှာပဲ၊ တစ်မှုက နှစ်မှုဖြစ်အောင် လုပ်တာနဲ့တူတူပဲ … အကောင်းဆုံးက ဟန်ပုံမပေါ်ရင် ထွက်ပြေး၊ ပြေးပေါက်မရှိဘဲဖြစ်နေရင် အသာတကြည် အဖမ်းခံလိုက် … ဝိုင်းရိုက်တော့မယ်ဆိုရင် မရှိလို့ လုပ်စားရတာပါ ဘာညာဆိုပြီး သနားလောက်အောင်ပြော … အိမ်ရှင်ကို ရန်မမူမိစေနဲ့ကွ၊ ငါ့သူငယ်ချင်း တစ်ယောက်ဆိုရင် အိမ်ရှင်က မိသွားတာကို ဓားနဲ့ထိုးသတ်လိုက်မိလို့ ထောင်အနှစ်နှစ်ဆယ် ကျသွားတယ် …ဟု ဩဝါဒ ပေးတတ်လေသည်။


ကိုဘကြိုင်ပြောတာ မှန်တယ်ဗျ …တစ်ယောက်က ထောက်ခံလိုက်သည်။


ဟုတ်တယ် … ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ သိပ်မှန်တယ်

မဟာကာဘော်လိပ်က ဝင်ပြောသည်။ ညီဖြစ်သူ စူဠကာဘော်လိပ်က သူ့အစ်ကိုကို မျက်ထောင့်နီကြီးနှင့် မကျေမနပ် ကြည့်လိုက်၏။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts