နေပူမိုးရွာ အပိုင်း (၂)

နေပူမိုးရွာ အပိုင်း (၃)

နေပူမိုးရွာ အပိုင်း (၃) – သူတို့ညီအစ်ကိုသည် သူခိုးသာ ဖြစ်မလာဘူးဆိုလျှင် လေယာဉ်ပျံတီထွင်သူ ‘ရိုက်ညီနောင်’လို ကျော်ကြားကောင်း ကျော်ကြားလာနိုင်ပေသည်။

သူတို့နှစ်ယောက်ကား အဆောက်အအုံတစ်ခုအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ရာတွင် ပစ္စည်းကိရိယာ အမျိုးမျိုးကို အသုံးပြုခြင်း၌ အလွန်ဝါသနာထုံ၏။ ညီဖြစ်သူသည် နိုင်ငံခြား ရုပ်ရှင် ကားများထဲမှ အထူးထူးသော ပစ္စည်းကိရိယာဆန်းတို့ကို သုံးပြီး ဘဏ်တိုက်ကြီးတွေ၊ ရတနာတိုက်ကြီးတွေကို ဖောက်ထွင်းသည့် စောရမင်းသားတွေကို အလွန်အားကျသည်။ ထိုသို့သောနည်းဖြင့် ကြီးကြီးကျယ်ကျယ် ခိုးယူသော လူတစ်ယောက်အကြောင်းဖြစ်သည့် ဒိုင်ယာဘောလစ်ဇာတ်ကားအကြောင်းကို မကြာခဏ တဖွဖွပြောသည်။ ဒိုင်ယာဘောလစ် ဖြစ်ချင်၏။ ထို့ကြောင့် သူ့ကို ဒိုင်ယာဘောလစ်နှင့် ခပ်ဆင်ဆင် ကာဘောလိပ်ဟု ခေါ်ကြခြင်းဖြစ်သည်။ သူက အငယ်ဖြစ်၍ စူဠကာဘော်လိပ်။ သူ့အစ်ကိုကို မဟာကာဘောလိပ်ဟု ခေါ်ကြ၏။

သူတို့ညီအစ်ကို နှစ်ယောက်သည် သော့တုအမျိုးမျိုး၊ လွန်ပူများ၊ မှန်ဖြတ်စိန်သွား၊ သံဖြတ်ကတ်ကြေး စသည်တို့ကို ကျွမ်းကျင်စွာ အသုံးချတတ်သည်။ ထို့အပြင် သူများတွေ မသုံးဘူးသေးသော နည်းများကိုပင် တီထွင်အသုံးပြုတတ်၏။ အောင်မြင်ခဲ့တာတွေလည်း ရှိသည်။ စတိုးဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းဝင်ရောက်ဖူးသည်။ ဆိုင်ပိုင်ရှင်က သူ့ဆိုင်၏ လုံခြုံမှုကို အထင်ကြီးထားပုံရ၏။ ဖြစ်နိုင်လောက်သည်။ တံခါးက သံတံခါးဖြစ်သည်။ ဘယ်လိုမှ ဖောက်ထွင်းဖို့ မလွယ်။ တစ်နည်းပဲရှိသည်။ ဆွဲတံခါးဖြစ်၍ အောက်ခံဘီးကို မြောင်းထဲက လွတ်အောင်မပြီး အံလွဲအောင်လုပ် လူတစ်ကိုယ်စာ ဝင်နိုင်အောင် ဟရမည်။ ဒါကလည်း အတော်မလွယ်သည့်ကိစ္စ၊ သံတံခါးကြီးကို ဆွဲမဖို့ လူအင်အားအနည်းဆုံး ဆယ်ယောက်လောက် ‘ဟေး ဟား ဗေလေဆပ်’ အော်ပြီး လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ သို့ရာတွင် သူတို့ညီအစ်ကို နှစ်ယောက်တည်းနှင့် ဖြစ်အောင်လုပ်သွားသည်။ မော်တော်ကား ဂျိုက်ထောက်ရာတွင် သုံးသော ‘ဂျိုက်’ ကို အသုံးပြုသည်။ လေးငါးတန်ရှိသော ကားကြီးတွေကိုပင် မြောက်ကြွသွားအောင် ဂျိုက်ထောက်လို့ရသေးတာ၊ သံတံခါးလောက်က အသာကလေးပင်။

သူတို့ အောင်မြင်သည်။ မြိုးမြိုးမြက်မြက်ကလေး စားလိုက်ရသည်။ သို့ဖြင့် နောက်တစ်ကြိမ် အကြံကြီး ကြံကြပြန်၏။ ဒီတစ်ခါ ပိုပြီး အနုစိတ်ရသည်။ ပစ္စည်းကိရိယာစုံအောင် ယူသွားရသည်။ ရေစုပ်စက် မော်တာတစ်လုံးကို ဝင်ဖြုတ်ကြမည် ဖြစ်သည်။ ကြိုတင်စနည်းနာထားချက်အရ သိထားသမျှမှာ မော်တာက ဂျပန်လုပ် အသစ်စက်စက်ဖြစ်သည်။ အပြင်ဈေး ငါးထောင်လောက်တန်သည်။ ည လူခြေတိတ်ချိန်လောက်တွင် သူတို့ညီနောင် ခြံစည်းရိုးနား ချဉ်းကပ်သွားသည်။ သံဆူးကြိုးအဟောင်းတွေ လျော့တိလျော့ရဲ ကာထားသဖြင့် သိပ်မခက်ခဲဘဲ ဝင်နိုင်သည်။ ညီဖြစ်သူ ကာဘော်လိပ်က နိုင်ငံခြားရုပ်ရှင်ကားတွေထဲကလို မျက်နှာတွေ လက်တွေကို ဆေးမည်းခြယ်သွားဖို့ အကြံပေးခဲ့သေးသည်။ အစ်ကိုကမလိုပါဘူးကွာ … ငါတို့အသားက နဂိုတည်းက မည်းပြီးသားပါဟု ပယ်ချလိုက်သည်။ သို့တိုင်အောင် ညီကာဘောလိပ်က ဂျာကင် နက်ပြာရောင်နှင့် ဘောင်းဘီအနက်ကို ဝတ်ပြီး ကင်းဗတ်ဖိနပ်ကို ဆေးမည်းသုတ်၍ စီးလာခဲ့သည်။ ခါးမှာ သူကိုယ်တိုင် တီထွင်ထားသော ခါးပတ်။ ပလာယာ၊ ဝက်အူလှည့်၊ လွန်သွား စသည်တို့ကို သူ့နေရာနှင့်သူ ထည့်ထားချိတ်ထားနိုင်သည်။ ကျောကုန်းမှာတော့ ဒီနေ့ကိစ္စအတွက် အရေးပါဆုံးဖြစ်သည့် ဂက်စ်ဘူး။ သူ့ကိုယ်သူ ရေငုပ်သမားတစ်ယောက်နှင့် တူသည်ဟုထင်ပြီး အတော်ကျေနပ်နေမိသည်။

အုတ်တိုက် အဆောက်အအုံငယ်ကလေးဆီသို့ ကျွမ်းကျင်တိတ်ဆိတ်စွာ ပြေးကပ်လိုက်ကြသည်။ အရေးအကြီးဆုံးအပိုင်းက တံခါးကို ဖွင့်ဖို့မလွယ်။ တစ်မတ်နီးပါးထုရှိသည့် သံတံခါး။ သော့ကလည်း အာမခံသော့ကြီး။ သို့ရာတွင် ကိစ္စမရှိ။ သူတို့မှာ ပစ္စည်းကိရိယာတွေ ပါသည်။ အစ်ကိုဖြစ်သူက လက်တို့လိုက်သောအခါ ညီက သံတူရွင်းအငယ်စားကလေးဖြင့် ကလန့်လိုက်သည်။ သော့ကွင်းပြုတ်ထွက်သွား၏။ ညီဖြစ်သူက ဝမ်းသာအားရဖြင့် စိတ်လောကြီးပြီး သော့ကိုဖြုတ်ရန် လှမ်းကိုင်လိုက်သည်။ “အမယ်လေးဗျ …” လန့်ပြီးအော်သည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts