နေပူမိုးရွာ အပိုင်း (၂)

နေပူမိုးရွာ အပိုင်း (၁)

နေပူမိုးရွာ အပိုင်း (၁) – သူတို့ကိုသူတို့ ငတက်ပြားအုပ်စုဟု ခေါ်ကြသည်။ ဟိုးရှေးရှေးက နာမည်ကျော် စူပါသူခိုးကြီး ငတက်ပြားကို အားကျပြီး မှည့်ခေါ်ထားခြင်းဖြစ်သည်။

ခါးခေါ် ခါးပိုက်နှိုက်များ၊ ဓားခေါ် ဓားပြများလိုပင် သူတို့သည်လည်း ဥပဒေပြင်ပကလူများ ဖြစ်သည်။ သို့ရာတွင် တစ်အုပ်စုနှင့် တစ်အုပ်စု မစည်းလုံးမိကြချေ။ တကယ်တော့လည်း လူဆိုးသူခိုး ဆိုသူများသည် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ပင် သစ္စာဖောက်ချင် ဖောက်တတ်သူများဖြစ်ရာ တခြားအုပ်စုတွေနှင့် စည်းလုံးမှုရှိဖို့ မလွယ်ချေ။ ထို့ကြောင့်ပင် သူတို့ကို ဥပဒေဘက်တော်သားများက အမြဲအနိုင်ရနေခြင်း ဖြစ်သည်။ သူတို့တွေ အချင်းချင်း မရိုင်းပင်းကြခြင်းကပင် လူကောင်းသူကောင်းတို့အဖို့ ကံကောင်းနေခြင်းဟု ယူဆရမည်ဖြစ်၏။

ဓားပြတွေက သူတို့သာ လူချင်းယှဉ်၍ တိုက်ရဲသူများဖြစ်၍ သတ္တိရှိသူများဖြစ်သည်။ ခါးပိုက်နှိုက်များသည် လူအလစ်တွင်သာ နှိုက်ရဲကြသည်။ သူခိုးများကား အိပ်ပျော်နေသော လူများ၏ပစ္စည်းကို ယူခြင်းဖြစ်၍ သူရဲဘောနည်းသူများဟု ဆို၏။ ခါးပိုက်နှိုက်သူများကလည်း မိမိတို့သည် အနှိုက်ခံရမည့်သူနှင့် ပညာချင်းပြိုင်၍ အရယူခြင်းဖြစ်သည်။ ဓားပြတွေလို လက်နက်အားမကိုး။ သူခိုးတွေလိုလည်း ညအမှောင်ကို အကာအကွယ်ယူသူများမဟုတ်ဟု ချေပကြသည်။

သူခိုးတွေကလည်း ဓားပြဆိုသည်မှာ လက်နက်မဲ့သူကို အကြောင်းမဲ့သက်သက် အနိုင်ကျင့်ခြင်းဖြစ်သည်။ လူသတ်တတ်သည်။ ခါးပိုက်နှိုက်များကား အဆင့်အတန်းနိမ့်သည်။ အုပ်စုလိုက် သောင်းကျန်းတတ်သည်။ မိမိတို့လို တစ်ကိုယ်တော် မစွန့်စားရဲ။ အခိုင်အခံ့ ကာရံထားသော အိမ်များထဲသို့ ပညာသားပါပါ ထိုးဖောက်ဝင်ရောက်နိုင်သူများမှာ မိမိတို့သာဖြစ်၍ ဂုဏ်ယူထိုက်သည်ဟု ယူဆကြလေသည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts