မော်စီတုန်းနှင့် ချန်ကျင်း

နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း-၄)

နောက်ပိုင်း တရားရုံးတွင် သူမကို ကွတ်မျက်ပါက တီယံမင် ရင်ပြင်တွင် စီရီရန် တောင်းဆိုချက်သည် စိန်ခေါ်သလိုလို ဖြစ်နေသည်။ တီယံမင် ရင်ပြင်သည် ထိုစဉ်က မော်စီတုန်း၏ အထိမ်းအမှတ်ဂူဗိမာန်ကို တည်ဆောက်ထားသည်။ သူမကို မည်သို့ စီရင်ရမည်ဆိုခြင်းက ခေါင်းဆောင်သစ်တို့အတွက် အခက်တွေ့စရာ ဖြစ်နေသည်။ ထိုစဉ်က ဝါဒသဘောတရားရေးအရလည်း သေဒဏ်ကိုရှောင်ရန် ခေါင်းဆောင်များက ကြိုးစားနေကြသည်။ ချန်ကျင်း ကလည်း အာဏာကို ပြောင်ပြောင်တင်းတင်း ဖီဆန်ကာ အာခံနေတော့သည်။ ချန်ကျင်းနှင့် အပေါင်းအပါ ၃ဦးတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ကြသည်။ သို့သော် စီရင်ချက် ချရန် အချိန်ဆွဲနေကြသည်။ အချိန်ဆွဲနေကြသည်။ အချိန်ဆွဲရခြင်း အကြောင်းတွင် လေးဦးဂိုဏ်းကို ထောက်ခံသည့် လက်ဝဲဝါဒီများက ရှန်ဟိုင်းတွင် ဗုံးဖောက်ခွဲခြင်းကြောင့် ပါသည်။

နောက်ဆုံး ၁၉၈၁ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့၌ စီရင်ချက်ချမှတ်နိုင်ခဲ့သည်။ ချန်ကျင်းကို ဆိုင်းငံ့သေဒဏ် ချမှတ်လိုက်သည်။ တရုတ်ဥပဒေအရ ထိုသို့ပြစ်ဒဏ်ချမှတ် ခံရသူကို ထောင်တွင် နှစ်နှစ်ထားပီးမှ ကွတ်မြတ်စီရင်ခြင်းဖြစ်သည်။ တရားစီရင်ချိန် တစ်လျှောက်လုံး ဘာစကားမှ မပြောပဲ နှုတ်ပိတ်နေခဲ့သည့် ဇန်ချွန်ကျွင့်ကိုလည်း ချန်ကျင်းနှင့် အလားတူ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဝမ်ဟောင်ဝမ်းက တစ်သက်တစ်ကျွန်းနှင့် ယောင်ဝမ်ယွမ်းကို ထောင်ဒဏ် နှစ်၂၀ ချမှတ်ခြင်း ခံလိုက်ရသည်။

စီရင်ချက်ကို ဖတ်ပြပီးချိန်အထိ ချန်ကျင်းသည် အတော်လေး မျိုသိပ်အောင့်အည်းထားပုံရသည်။ စီရင်ချက် ပြီးဆုံးသည်နှင့် ချက်ချင်း ကန့်ကွက်ကြောင်း အော်တော့သည်။ လက်ထိပ်ကို အတင်းဆွဲဖြုတ်သဖြင့် တရားရုံးမှ နောက်ဆုံးအကြိမ် ဆွဲထုတ်ခြင်းခံလိုက်ရသည်။ တရားရုံးမှ အထွက်တွင် ဥက္ကကြီးမော်၏ ဝါဒသဘောတရားများကို ကြွေးကြော်သွားခဲ့သည်။
တရားစီရင်မူကာလတစ်လျှောက် ထူးခြားမှတ်သားစရာတွေပြည့်နေသည်။ နောက်ကွယ်မှ ကြိုးကိုင်ညွှန်ကြားချက်များ မည်မျှရှိနေသည်ဆိုစေ၊ တရုတ်ပြည်တော်လှန်ရေးကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။ တရုတ်ပြည်သည် ဂိုဏ်းဂန အုပ်စုအောက် ၊ စိုးရိမ်သောကအောက် ၊ ပြိုင်ဘက်များအောက်မှ လွတ်မြောက်ခဲ့ပြီ မဟုတ်ပါလော။ ချန်ကျင်းသည် တကိုယ်တော် တသသဖြစ်စေမည့် ပြဇာတ်ကို ကပြသွားခဲ့ရသူဖြစ်သည်။ တရားရုံးကို နှစ်ပြားမတန်အောင် ဝေဖန်ဝံ့သူ၊ အာဏာဖီဆန်ဝံ့သူ ၊ သူ့ဒုက္ခကို မမူသူအဖြစ် နာမည်ကျော်သွားသည်။ တရုတ်ကွန်မြူနစ်ခေါင်းဆောင် ဥက္ကကြီးမော်၏ ဇနီး၊ နီရဲသော ဧကရီ၊ ပြစ်ဒဏ်ကို ထီမထင်သူအဖြစ် အမည်တွင် ကျန်ရစ်စေခဲ့သည်။

ပြစ်ဒဏ်ချမှတ်ပြီးချိန်မှ နှစ်နှစ်ကြာသွားခဲ့ပီ ဖြစ်သည်။ သို့သော် ချန်ကျင်းပုံက နောင်တရသည့်ပုံမပေါက်။ သတင်းစာများတွင် သူမကို အစောင့်အရှောက်များနှင့် လုံခြုံစွာ အကျဉ်းချထားသည်ဟု ဆိုသည်။ သူမသည် ထောင်ထဲတွင် လိုအပ်တာလေးများကို ဝယ်နိုင်ရန်အတွက် အပိုဝင်ငွေ ရှာသည့်သဘောဖြင့် အရုပ်လေးများလုပ်ရင်း အချိန်ဖြုန်းကာ နေခဲ့ရသည်။ ထောင်အတွင်း အကျဉ်းကျနေစဉ် ချန်ကျင်းသည် လည်ချောင်းကင်ဆာ ဖြစ်နေသော်လည်း ခွဲစိပ်ကုသခံရန် ငြင်းဆိုခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဆေးဝါးကုသရန် အကျဉ်းထောင်မှ လွှတ်လိုက်သည်။ ဆေးရုံတွင် ချန်ကျင်း အမည်ဖြင့် မဟုတ်ပဲ လီယန်ကျင်းဆိုသည့် အမည်ဖြင့် တက်ရောက်ကုသခံခဲ့သည်။

၁၉၉၁ ခုနှစ် မေလ ၁၄ရက်တွင် ဆေးရုံရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချကာ သေကြောင်းကြံခဲ့သည်ဟု ဆိုသည်။ သေကြောင်းမကြံမီ နာမည်ကျော် စာတစ်စောင် ရေးသားခဲ့သည်။ “ဥက္ကကြီး‌မော် ရှင့်ကို ကျွန်မချစ်တယ်၊ ရှင့် သစ္စာရှိသော တပည့်၊ တိုက်ပွဲဝင်သူဟာ ရှင့်ကိုတွေ့ဖို့လာနေပါပီ” ဟူ၍ ဖြစ်သည်။ သူမ၏ နောက်ဆုံးဆန္ဒဖြစ်သည့် ဥက္ကကြီး‌မော် နှင့်အတူ ယဉ်တွဲထားပေးပါရန် ဆိုသည့် တောင်းဆိုချက်ကိုတော့ နိုင်ငံတော်က မလိုက်လျောခဲ့ပေ။ နိုင်ငံတော်က သူမ၏ဇာပနကို သူမ မွေးဇာတိမြေ ရှန်ဒေါင်းတွင် ကျင်းပခွင့်ပြုခဲ့သည်။

Ref: Empress , Jiang Qing by Tim Healey

ဆရာ တင်ညွန့်ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts