ကိုလိုနီခေတ် ရွေ့လျားစာကြည့်တိုက်

ကိုလိုနီခေတ် ရွေ့လျားစာကြည့်တိုက် အပိုင်း-၂

အမှုဆောင်အဖွဲ့

ဘုတလင်မြို့နယ် ရွေ့လျားစာကြည့်တိုက် အမှုဆောင်အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းထားပါသည်။ ယင်းအဖွဲ့ကို အာစရိယသမဂ္ဂ အမှုဆောင်အဖွဲ့ဟု အမည်ပေးထားကြသည်။ အမှုဆောင်အဖွဲ့တွင် ဥက္ကဌ ဦးဘိုးခင် ဘုတလင်မြို့နယ် ငါးရေဝင်ရွာ မူလတန်းကျောင်းအုပ်)၊ အတွင်းရေးမှူး ဦးဘညွန့်(လက်ထောက်ဆရာ၊ ဘုတလင်မြို့ အ.ထ.က)နှင့် အမှုဆောင်များအဖြစ် ဦးကျော်စော(အ.ထ.က ကျောင်းအုပ်၊ ဘုတလင်)၊ ဦးလှကျော်(အထက်တန်းပြဆရာ၊ ကြို့ကုန်းကျေးရွာ၊ ဘုတလင်မြို့နယ်)၊ ဦးဘိုးကျင်(အလယ်တန်းကျောင်းအုပ်၊ ကျီးပင်ချောင်ရွာ၊ ဘုတလင်မြို့နယ်)၊ ဦးစိုးဝေ(အထက်တန်းပြဆရာ၊ ဘုတလင်)၊ ဦးဘိုးဉာဏ်(အလယ်တန်းကျောင်းအုပ်၊ ဘုတလင်)တို့ ဖြစ်ကြပါသည်။

စည်းကမ်းဥပဒေများ

ရွေ့လျားစာကြည့်တိုက်အတွက် စည်းကမ်းဥပဒေများကိုလည်း အမှုဆောင်အဖွဲ့အနေဖြင့် စနစ်တကျ သတ်မှတ်ပြဌာန်းထားပါသည်။ ယင်းစည်းကမ်းများမှာ (၁)စာအုပ်သေတ္တာများကို ခရီးစဉ်အတိုင်း နောက်ဆုံးလကွယ်နေ့ အရောက်ပို့ရမည်။ (၂)မပို့သည့်အတွက် တစ်ရက်နောက်ကျသော် ဒဏ် ၄ ပဲ ထားရမည်။ (၃)လုံလောက်သော အကြောင်းအရာတစ်ခုခုကြောင့် မပေးပို့နိုင်ရှိသော် ကော်မတီထံ ခွင့်တောင်း အစီရင်ခံရမည်။ ကော်မတီက စဉ်းစား၍ (၃)ရက် ခွင့်ပြုနိုင်သည်။ (၄)စာအုပ်သော်လည်းကောင်း၊ သေတ္တာသော်လည်းကောင်း ပျောက်ဆုံးက တန်ဖိုးကို ပေးလျော်ရမည်။ (၅) စာအုပ်သေတ္တာလက်ခံစဉ် မာတိကာပါ စာအုပ်စာရင်းများနှင့် တိုက်ဆိုင်ကြည့်ရှု၍ စာအုပ်အပြည့်အစုံမရသော် လက်ခံသောဆရာက အသင်းသို့ တိုင်ကြားရမည်။ (၆) မိမိကြောင့် စာအုပ်များ ပျက်စီးခဲ့သော် ထိုစာအုပ်ကို အသင်းသို့ ပေးပို့ရမည်။ (၇) စာအုပ်များကို ရွာသူရွာသားများအား အခမဲ့ ငှားရမ်းနိုင်ခွင့် ရှိ၏။ (၈) စာအုပ်သေတ္တာရောက်လျှင် မာတိကာပါ မှတ်တမ်းဇယားတွင် ရေးမှတ်ရမည်ဟူ၍ ဖြစ်ပါသည်။

စည်ကမ်း ထိန်းသိမ်းလိုက်နာရေး

ရွေ့လျားစာကြည့်တိုက် အမှုဆောင်အဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ကျေးရွာအသီးသီးရှိ ဆရာ၊ ဆရာမများက အတိအကျ လိုက်နာကြရ၏။ စည်းကမ်းကျိုးပေါက်မှု မရှိစေရန် စောင့်ထိန်းကြရသည်။ ပင်မ တည်ရှိရာ ဌာနချုပ်သို့ စာအုပ်သေတ္တာများ ပြန်လည်ရောက်ရှိလာသော အခါ အမှုဆောင်အဖွဲ့က ပြန်လည်စစ်ဆေးကြရသည်။ ထို့နောက်စာအုပ်အသစ်များ ထည့်ကြရသည်။ ပြင်ဆင်ရန် လိုအပ်ပါက ပြင်ဆင်ကြရသည်။ လိုအပ်မည့် စည်းကမ်းဥပဒေများကိုလည်း ထပ်မံဖြည့်စွက်မှု ပြုကြရသည်။ သို့ကြောင့်လည်း ဘုတလင် နယ်လှည့်စာကြည့်တိုက်မှာ စည်းကမ်းဥပဒေနှင့် ညီညွတ်စွာ လှုပ်ရှားလည်ပတ်နိုင်ခဲ့သည်။

စာပေဆွေးနွေးပွဲများ

လစဉ် လကုန်ရက်၊ လခထုတ်ရက်များတွင် ရွေ့လျားစာကြည့်တိုက်အမှုဆောင်အဖွဲ့က ကြီးမှုးကာ စာပေဆွေးနွေးပွဲများကို ကျင်းပပေးပါသည်။ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စကားရည်လုပွဲများ၊ ကျပန်းစကားပြောပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပပေးနိုင်ခဲ့သည်။ အထူးသဖြင့် နယ်ချဲ့အင်္ဂလိပ် လက်အောက်ခံကိုလိုနီခေတ်တွင် ယင်းကဲ့သို့သော စာကြည့်တိုက်မျိုး အောင်မြင်ဖြစ်ထွန်းခဲ့ခြင်းက အံ့ဩဖွယ်ဖြစ်သည်။

အကျိုးကျေးဇူး

ဘုတလင်ရွေ့လျားစာကြည့်တိုက်ကို ၁၉၄၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြီးနောက် ဂျပန်ခေတ်တွင် ရပ်စဲသွားခဲ့သည်။ ရွေ့လျားစာကြည့်တိုက်က သက်တမ်းအားဖြင့် များစွာမကြာမြင့်သော်လည်း ယင်းစာကြည့်တိုက် ဖွင့်လှစ်နိုင်ခြင်း၏ အကျိုးကျေးဇူးကြောင့် ဘုတလင်နယ်အတွင်း နယ်သူနယ်သားများ၏ မူးယစ်သောက်စားမှုများ၊ လောင်းကစားမှုများမှာ သိသိသာသာလျော့ပါးသွားကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအဖို့ ဗဟုသုတ များစွာ ရရှိစေခဲ့ကြောင်း ဆရာတင်မြင့်၏ ‘ရှေးခေတ်ပညာရေးလုပ်သားတို့၏ နယ်လှည့်စာကြည့်တိုက်’ ဆောင်းပါးပါ အချက်အလက်များအား ထုတ်နုတ်ကိုးကားတင်ပြအပ်ပါသည်။

တင်နိုင်တိုး ရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါသည်။

Related Posts