ဒရေးဖတ်စ်

ဒရေးဖတ်စ် အရေးအခင်း (Dreyfus’s Affair)

နှစ်ပေါင်း ၅နှစ်တိုင်အောင် အဲလ်ဖရက် ဒရေးဖတ်စ်ကို ငှက်ဖျားထူပြောသည့် မကောင်းဆိုးဝါးကျွန်း (Devil’s Island) ရှိ တဲစုတ်လေးတစ်လုံးအတွင်း စွန့်ပစ်ထားခဲ့သည်။ အပြစ်ကင်းသည့် လူတစ်ယောက်ကို တစ်ကျွန်းပို့ပီး ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် ပြင်သစ်တို့ အဘယ် ကြောင့် လုပ်သနည်း။ ဒရေးဖတ်စ် ကို ဂျုးမိသားစုမှ ၁၈၉၅ခုနှစ်တွင် ပိုင်နက်အငြင်းပွားနေကြသည့် အဲလ်ဆက်မြို့လေး၌ မွေးဖွားခဲ့သည်။ သူ့ဖခင်သည် ချမ်းသာသော လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည်။ ဒရေးဖတ်စ်သည် မိသားစုလုပ်ငန်းခွင်သို့ မဝင်ပဲ ၁၈၈၂ခုနှစ်တွင် စစ်မူထမ်းရန် ဆုံးဖြတ်ပီး တပ်ထဲသို့ ဝင်သွားသည်။ ဗိုလ်ကြီးအဆင့်ထိ ရာထူးတိုးခဲ့ပီး နောက်ပိုင်းတွင် စစ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၈၈၉ခုနှစ်တွင်လက်ထပ်ပီး မိသားစုဘဝကို စတင်တည်ထောင်ခဲ့သည်။ သူသည် တပ်မတော်ခေါင်းဆောင်များအတွင်းသိပ်ပီးထင်ပေါ် သူတစ်ယောက်တော့ မဟုတ်ပေ။ သူက ပညာတတ်သလို မာနကလည်း ကြီးသေးသည်။

ဒရေးဖတ်စ် ၏ကျွမ်းကျင်မူ

အီတလီနှင့် ဂျာမန်ဘာသာ စကား နှစ်မျိုးကိုလည်း ပြောတတ်သည်။ ထိုကျွမ်းကျင်မူကြောင့် နောက်ပိုင်းတွင် သံသယဝင်စရာ ဖြစ်လာသည်။ ပိုဆိုးသည်က ဂျုးဖြစ်နေခြင်းပေ။ ထိုစဉ်က ဆီးမိုက် ဂျုးအနွယ်ဝင်များ ဆန့်ကျင်ရေးကို လူထုလှုပ်ရှားမူအ‌နေဖြင့် ‌‌ဆောင်ရွက်နေချိန်လည်းဖြစ်သည်။ ၁၈၉၄ခုနှစ် အောက်တို ဘာလ ၁၅ရက်နေ့တွင် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ဂျာမန်များအား ရောင်းချမူဖြင့် အဖမ်းခံရသည်။ ပြင်သစ်တို့၏ သူလျှိုတစ်ယောက်ကို ဂျာမန်သံရုံးထဲတွင် လျှို့ဝှက်ထည့်ထားသည် သန့်ရှင်းရေးလုပ်သားတစ်ယောက်က မှတ်တမ်းတစ်စောင်ကို ရလာသည်။ ထိုစာကို ဒရေးဖတ်စ် လက်ရေးဟုဆိုသည်။ သတင်းအချက်အလက်များကို ရောင်းထားခြင်း ဖြစ်သည်။ အခြား မခိုင်လုံသော စွတ်စွဲချက်တစ်ခုမှာ ဒရေးဖတ်စ်ကို နိုင်ငံတော်သစ္စာဖောက်မူဖြင့် အပြစ်ပေးရန်ဖြစ်သည်။ သူ့စစ်ရေးဆိုင်ရာ အမူတော်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဂုဏ်ကိုမှမထောက် မကောင်းဆိုးဝါးကျွန်းသို့ ၁၈၉၅ခုနှစ် ဇန်နဝါရီလတွင် ပို့လိုက်ကြသည်။ သူ့အပေါ် သံသယအကျိုး ခံစားခွင့်လေးတောင်မပေး၊” ဂျုးတွေ သေပါစေ”ဟူ၍ ကောင်းချီထောမ နာ ပြုပီး ကျွန်းသို့ပို့လိုက်ကြသည်။ ၁၈၉၆ခုနှစ်တွင် ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်ပြောင်းသွားသည်။ ဒုတိယဗိုလ်မှူးကြီး ဂျော့ ပီချက်ဖြစ်သည်။ ပီချက်က ဒရေးဖတ်စ်အမူကို ပြန်ကိုင်သည့်အခါတွင်သံရုံးတွင် တွေ့ရသည့် လက်ရေးစာမှာ ဗိုလ်မှူး မာရေးချားလ်စ် ဖာဒီနန် ဝေါ်ဆင် အိစတာဟာဇီ ၏ စာဖြစ်နေကြောင်းတွေ့လိုက်ရသည်။ ဟာဇီသည် လက်ရှိတပ်မတော်တွင် အမူထမ်းနေဆဲ ဖြစ်ပီး လောင်းကစားကြူးသူ၊ မိန်းမလိုက်စားသူလည်း ဖြစ်ပီး အမြဲငွေလိုနေသူတစ်ယောက်လည်းဖြစ်သည်။ ၁၈၉၄ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့တွင် သူ့ကို ဂျာမန်သံရုံးအတွင်း၌ အမှတ်မထင် တွေ့သူတွေက တွေ့လိုက်ကြသည်။ သူက စစ်သံမှူး ဗိုလ်မှူး ဗွန် ရှဝဇ်ကော့ပင်နှင့် လမ်းလျှောက်ရင် ပြင်သစ်တပ်၏ သတင်းအရောင်းအဝယ်လုပ်နေကြခြင်း ဖြစ်သည်။ စက်တင်ဘာလတွင် ဟာဇီသည် ထောက်လှမ်းရေးသတင်းများ၊ လက်နက်စာရင်းများ အသေးစိတ်ကို ဂျာမန်တို့ထံ အပ်နှံခဲ့သည်။ ပီချက်၏လေ့လာတွေ့ရှိချက်များက ထိပ်တန်းစစ်ခေါင်းဆောင်များကို တုန်လှုပ်ခြောက်ခြားသွားစေသည်။ ပြင်သစ်-ပရပ်ရှား စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ရပီးနောက် ပြင်သစ်တို့ ဩဇာသိက္ခာ ကျဆင်းခဲ့ရခြင်းအပေါ် သံသယဖြစ်လာကြသည်။ ဒရေးဖတ်စ် ကို အပြစ်ပေးလိုက်ခြင်းသည် သိပ်ပီးမထင်ရှားလိုက်သော်လည်း စစ်ရုံး၏ မှားယွင်းစွာ ဆုံးဖြတ်လိုက်ခြင်းက မလိုလား အပ်သည့် အနေအထားဖြစ်သွားသည်။ ထို့ကြောင့် ပြန်ပီးအဖတ်ဆယ်နိုင်ရန် ကြိုးစားကြသည်။

ပီချက်ကို စုံစမ်းရေးကောင်းသဖြင့် မြောက်အာဖရိကသို့ ပို့လိုက်သည်။ ဆက်လက် စုံစမ်းနေမည်ဆိုလျှင် အပြစ်ပေးရန်နှင့် ဖမ်းဆီးရန် အမိန့်ထုတ်လိုက်သည်။ ဟာဇီနှင့် အခြား ဗိုလ်ကြီးတစ်ဦးဖြစ်သည့် ဟင်နရီတို့သည် ဒရေးဖတ်စ်အမူအတွက် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ကြတော့သည်။ သူတို့က ဒရေးဖတ်စ်ကို စပိုင်တစ်ယောက်အနေဖြင့် ခေါင်းစဉ်တပ်လိုက်ကြသည်။ ဒရေးဖတ်စ် အပြစ်ကင်းစင်ကြောင်း ပြနိုင်သည့် ကိစ္စမှန်သမျှကိုလည်း လိုက်ပီးပိတ်ထားကြသည်။ ပြင်သစ် တပ်မတော်တွင် သူတို့နှစ်ယောက်က လေးစားဂုဏ်ပြု ခြင်းခံထားရသဖြင့် လှုပ်ရှားခွင့် ရနေခြင်းဖြစ်သည်။ သူတို့နှစ်ယောက် မဟုတ်တရုတ် လှုပ်ရှားနေမူများကိုလည်း “မျိုးချစ် လှုပ်ရှားမူ” ဟူ၍ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်ထားကြသည်။ သို့သော် ဟာဇီအပေါ် ဆန့်ကျင်လှုပ်ရှားမူတွေ ကြီးမားလာသည်။ နိုင်ငံတော် သစ္စာဖောက် ဟူ၍လည်း စွပ်စွဲသုံးနှုံးလာကြသည်။ သူ့ကို ရုံးထုတ်သည့်အခါတွင် ဒရေးဖတ်စ်ကို သနားပီး ဟာဇီကို လာရောက်လှောင်ပြောင်ကြသည့် လူအုပ်ကြီးနှင့် ရင်ဆိုင်ကြရသည်။ ဟာဇီသည် အပြောကောင်းသူဖြစ်သည်။ တရားရုံးတွင် သူ့ရဲဘော်များကလည်း လာရောက် နားထောင်ကြသဖြင့် သူ့အပြောကို သဘောကျပီး လက်ခုပ်လက်ဝါးတီးကာ ကောင်းချီးပေးကြသည်။ တရားသူကြီးကလည်း ကိုယ်ချင်းစာ သနားလိုက်သည်။ သူ့ကို သုံးမိနစ်အတွင်း ဆုံးဖြတ်ပီး အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်သည်။

ပညာတတ်များပါ ဝင်ရောက်ပါဝင်လာခြင်း

ဒရေးဖတ်စ် အရေးအခင်းသို့ ပညာတတ် လူတန်းစားတွေ ဝင်လာကြသည်။ သူတို့လည်း သံသယဖြစ်နေကြဆဲဖြစ်သည်။ ပညာတတ်လူတန်းစား လှုပ်ရှားမူတွင် နာမည်ကျော် ထင်ရှားသူတစ်ဦးမှာ စာရေးဆရာ အမ်မလီ ဇိုလာဖြစ်သည်။ ၁၈၉၈ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့ထုတ် Aurore သတင်းစာထဲတွင် အယ်ဒီတာထံ ပေးစာဖြင့်စတင် တိုက်ခိုက်ခဲ့သည်။ ခေါင်းကြီးကို J’accuse ဟု အမည်ပေးထားသည်။ J’accsue ဆိုသည်မှာ အပြစ်မရှိသူကို အပြစ်ဖို့ပီး အပြစ်ပေးခံခဲ့ရသူ ဆိုသည့် အဓိပ္ပါယ်သက်ရောက်သည်။ ထိုနေ့က Aurore သတင်းစာစောင်ရေ နှစ်သိန်းရောင်းချလိုက်ရသည်။ J’accuse သည် နိုင်ငံအတွင်း ဒရေးဖတ်စ်ကို ထောက်ခံသူနှင့် ဆန့်ကျင်သူဟူ၍ နှစ်ဂိုဏ်းကွဲသွားစေသည်။ ဒရေးဖတ်စ် ဆန့်ကျင်သူများသည် အစိုးရး လုပ်သမျှ ဟုတ်ပဆိုသည့် လူတန်းစာတွေဖြစ်ပီး ပြည်ပအားကိုးသူမှန်သမျှ ဆန့်ကျင်ကြဆိုသည့်သူတွေ ဖြစ်သည်။ ဒရေးဖတ်စ် အပြစ်ကင်းသည်ဖြစ်စေ၊ အပြစ်ရှိသည်ဖြစ်စေ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသည်ဟု မှတ်ယူရမည်ဟု ဆိုကြသည်။ ဒရေးဖတ်စ် ကိုထောက်ခံသူများမှာ ပညာတတ်များဆိုရှယ်လစ်များ၊ အစဉ်အလာကို ဆန့်ကျင်ကြသူများဖြစ်ကြသည်။

သူတို့သည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို တန်ဖိုးထားပီး ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ဆတ်ဆတ်ထိမခံသူများ ဖြစ်ကြသည်။ ဒရေးဖတ်စ်ကို ဆန့်ကျင်သူများသည် စစ်တပ်နှင့် ခရစ်ယာန်ဂိုဏ်းသားများ ဖြစ်နေသဖြင့် အမူကို ပေါ့သွားအောင် လုပ်မှာ စိုးရိမ်နေကြသည်။ အမှားတစ်ခုကို ကျူးလွန်သည့် အစိုးရသည် ပြည်သူ့သမ္မတနိုင်ငံနှင့် မထိုက်တန် ဆိုသည့် နိုင်ငံရေးအယူများ ပစ်သွင်းကာ အစိုးရကို စစ်ခင်းပြီး အစိုးရအသစ်ကို တောင်းဆိုလာကြသည်။ ဇိုလာကို အစိုးရကိုအသရေဖျက်မူဖြင့် တရားစွဲသည်။ ထောင်တစ်နှစ်ချသည်။ အမိန့်ချပီးသည်နှင့် လမ်းပေါ်သို့ လူတွေ ထွက်လာပီး ဆန့်ကျင် အကြမ်းဖက် ဖျက်ဆီးကြသည်။ ဗိုလ်ကြီး ဟင်နရီ ကို နိုင်ငံခြားသို့ လျှို့ဝှက်ချက်များ ထုတ်ပေးခြင်းအား ထိန်ချန်ထားမူဖြင့် အပြစ်ရှိကြောင်း စွဲချက် တင်ရာ သူ့လည်ပင်း သူလှီးပီး အဆုံးစီရင်သွားသည်။ အမူက ဇာတ်ရှိန်တက်လာသည်။ ဟာဇီသည် ဘယ်လ်ဂျီယံသို့ ထွက်ပြေးသွားသည်။ ပြည့်တန်ဆာအိမ်မှ ကောင်မလေးတစ်ယောက်ကို သူနှင့်အတူ မ သွားသေးသည်။ နောက်ပိုင်း အင်္ဂလန်သို့ ထွက်ပြေးသည်။ အင်္ဂလန်တွင် ကောင့် ဒီ ဗိုင်အိုလီမွန့်ဆိုသည့် အမည်ဖြင့် နေထိုင်သွားသည်။

မကောင်းဆိုးဝါးကျွန်းတွင် တဲစုတ်လေးတစ်လုံးဖြင့် နေထိုင်ရသော ဒရေးဖတ်စ်သည် သူ့အကြောင်း ပြင်သစ်တွင် အုတ်အော်သောင်းနင်း ဖြစ်နေမှန်းလဲမသိ။ ပြင်သစ်တွင် ဒရေးဖတ်စ် အမူကို ပြန်စစ်ဆေးရန် အရေးဆိုမူတွေ များလာပီး ဖိအားအပေးခံလာရ သဖြင့် ၁၈၉၉တွင် ဒရေးဖတ်စ် တစ်ယောက် ပြင်သစ်သို့ပြန်ရောက်လာပီး လူသိရှင်ကြား သိသွားခဲ့ရသည်။ ပြည်သူတွေ တုန်လှုပ်သွားသည့် တရားစီရင်ဆုံးဖြတ်မူကို မူလတရားရုံးတွင် ပြန်လည်ပြုလုပ်ကြသည်။ နိုင်ငံအတွင်း အဘက်ဘက်မှယိုယွင်းနေပီး နိုင်ငံရေး ဩဇာ ကျဆင်းလာသည့် အစိုးရအနေဖြင့် မီးလောင်ရာလေပင့်သလို ဖြစ်ခဲ့သည်။ ပြင်သစ်သမ္မတကိုယ်တိုင် ဒရေးဖတ်စ် ကို ပြစ်မှုမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။ ဒရေးဖတ်စ်က အပြစ်မှ လွှတ်ပေးသဖြင့် ဝမ်းသာမိသော်လည်း စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။ သူက နိုင်ငံရေးလှုပ်ရှားမူများကို တောက် လျှောက်လုပ်သည်။ သူ အပြစ်ဒဏ် ခုနှစ်နှစ်လောက် ခံရပီးမှ အမူကို ပြန်လည်စစ်ဆေးခြင်းအား နိုင်ငံရေးအရ အသုံးချသွားသည်။ သူ့ကို စစ်တပ်က ပြန်လက်ခံပီး Legion’d Honneur ဘွဲ့ ချီးမြှင့်သည်။ ပထမ ကမ္ဘာစစ်တွင် ဒရေးဖတ်စ် ပါဝင်တိုက်ခိုက်ပီး ၁၉၃၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

Ref: The Dreyfus Affair , by Nigel Cawthrne

ဆရာမောင်တင်ညွန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသည်။

Related Posts