ငွေလိုချင်ရင် ငွေနောက်မလိုက်ပါနဲ့

ငွေလိုချင်ရင် ငွေနောက်မလိုက်ပါနဲ့

စင်ကာပူမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူငယ်လေးတွေကိုကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခုရှိပါတယ်။

အဲဒါကတော့ အထက်ကခေါင်းစဉ်မှာရေးထားတဲ့အတိုင်းပဲ ‘ငွေလိုချင်ရင် ငွေနောက်မလိုက်ပါနဲ့’ လို့။

‘ဟာ ဆရာ့စကားကလည်းအထူးအဆန်းကြီးပါလား။ ငွေနောက်မလိုက်လို့ ငွေ ဘယ်လိုလုပ်ရမှာလဲဗျ’ လို့ မေးကြပါတယ်။ 

ကျွန်တော် သူတို့ကို အခုလို ရှင်းပြလေ့ရှိပါတယ်။ ပိုက်ဆံများများ လိုချင်ရင် ပညာရအောင်လုပ်ပါ။လုပ်ငန်းကျွမ်းကျင်အောင်လုပ်ပါ။ ကုမ္ပဏီ အတွက်ဝင်ငွေများများရှာပေးပါ။ကုမ္ပဏီမှာ လွယ်လွယ်ကူကူ အစားထိုမရတဲ့သူတစ်ယောက်ဖြစ်ပါစေ။ မင်းတို့မှာ အဲဒီအရည်အချင်းတွေပြည့်စုံပြီဆိုရင် ကုမ္ပဏီကသေချာပေါက် ရာထူးတိုးပေးမယ်။ လစာတွေ တိုးပေးလိမ့်မယ်။ 

ဘာကြောင့်လဲ။ ကုမ္ပဏီကို ဝင်ငွေအများကြီးရအောင်ရှာပေးနေတဲ့ လူတစ်ယောက်ကို ဘယ်ကုမ္ပဏီကမှ အဆုံးမခံနိုင်လို့ပါ။ နောက်ပြီး လစာ ရာထူးမတိုးပေးလို့ အဲ့လူအလုပ်ထွက်ပြီး ပြိုင်ဖက်ကုမ္ပဏီ တစ်ခုကိုရောက်သွားမှာကိုလဲ သိပ်ကြောက်ကြတယ်။ တော်တဲ့ လူတစ်ယောက်ကပြိုင်ဖက်ကုမ္ပဏီရောက်သွားတာနဲ့ ဒီဘက်ကုမ္ပဏီရဲ့အခြေအနေတွေ အတွင်းရေးတွေသိသွားလို့ ပြိုင်ဖက်ကုမ္ပဏီဟာ အသာရသွားလိမ့်မယ်။ 

နောက်တစ်ခုရှိသေးတယ်။ တော်တဲ့လူထွက်သွားရင် နောက်လူတစ်ယောက်ထပ်ရှာရမယ်။ လူသစ်ကိုအလုပ်နားလည်ဖို့ အချိန်ပေးရမယ်။ သင်တန်းပေးရမယ်။ နောက်ဆုံးလူသစ်က မျှော်လင့်ထားသလို အားကိုးရတဲ့သူဖြစ်မနေရင် အလုပ်ဖြုတ်ပြီးနောက်တစ်ယောက်ကိုထပ်ရှာရမယ်။ လူသစ်ရှာရတာ အရင်းအနှီးကြီးလွန်းလို့ ရှိပြီးသား လူတော်တစ်ယောက်ကိုလက်လွှတ်အဆုံးရှုံး မခံနိုင်ကြပါ။ ဒါကြောင့် လူတော်ဆက်နေချင်အောင် လစာတိုး ရာထူးတိုးပေးပြီး မက်လုံးပေးပါလိမ့်မယ်။

 ငွေများများ လိုချင်သလား။ ငွေနောက်မလိုက်ပါနဲ့။ ပညာနောက်ကိုလိုက်ပါ။ငွေတွေသူ့အလိုလို ကိုယ့်နောက်ကိုလိုက်လာပါလိမ့်မယ်။ 

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts