hapeye

တွေ့လျှင် တွေ့ချင်း သဘောကျစေရန်နည်း (အပိုင်း – ၁)

နယူးယောက်မြို့၏ ၃၃ လမ်းနှင့် အဌမရိပ်သာလမ်းထောင့်ရှိ စာတိုက်တွင် စာတစ်စောင်ကို မှတ်ပုံတင်ရန် ရှိသောကြောင့် ကျွန်ုပ်အလှည့်သို့ ရောက်ရန် စောင့်ဆိုင်းလျက် ရှိလေသည်။ စာအိတ်များကို ချိန်ရခြင်း၊ တံဆိပ်ခေါင်းများကို လှမ်းပေးရခြင်း၊ ငွေအကြွေအမ်းရခြင်း၊ ပြေစာဖြတ်ပိုင်းများကို ရေးပေးရခြင်း စသော အလုပ်များကို ဆက်ကာ ဆက်ကာ နေထွက်မှ နေဝင်အထိ နှစ်ရှည်လများ လုပ်ကိုင်နေရသောကြောင့် မှတ်ပုံတင်စာရေးသည် သူ၏အလုပ်တွင် အတော် ငြီးငွေ့လျက် ရှိလေသည်။ ထို့ကြောင့် ဒီလူတော့ ငါ့ကို သဘောကျအောင် လုပ်ဦးမှပဲ။ အင်း သူ သဘောကျအောင် လုပ်ချင်ရင် ငါ့အကြောင်း ပြောလို့တော့ မဖြစ်ဘူး၊ သူ့အကြောင်း ပြောမှပဲ။ ဒီတော့ သူ့အပေါ်မှာ ငါတကယ်ချီးမွမ်းနိုင်တာ ဘာများရှိပါလိမ့်ဟူ၍ ကျွန်ုပ်ကိုယ်ကို ပြန်မေးလျက် ရှိလေသည်။

သူစိမ်းတစ်ယောက်နှင့် သက်ဆိုင်သောအခါ ထိုမေးခွန်းကို ဖြေရန် မလွယ်ကူလှချေ။ သို့ရာတွင် ထိုစာရေးအတွက် ဤမေးခွန်းကို ဖြေရန်မှာ လွယ်ကူလျက်ရှိသည်ကို တွေ့ရ၏။ ကျွန်ုပ် စိတ်ရောကိုယ်ပါ ချီးမွမ်းနိုင်သော ပစ္စည်းတစ်ခုသည် သူ့တွင်ရှိသည်ကို ကျွန်ုပ် ရုတ်တရက် တွေ့ရလေသည်။ ထို့ကြောင့် သူသည် ကျွန်ုပ်၏စာအိတ်ကို ချိန်တွယ်နေစဉ် ‘ဒီမှာ မိတ်ဆွေ ခင်ဗျားခေါင်းက ဆံပင်တွေ တယ်ကောင်းပါလား၊ ကျွန်တော့်ခေါင်းပေါ်မှာလည်း ဒီလိုဆံပင်မျိုးတွေပေါက်ရင် ဘယ်လောက်ကောင်းမလဲလို့ အောက်မေ့နေတယ်’ ဟု သူ့ကို လှမ်း၍ ပြောလိုက်၏။

အနည်းငယ် အံ့အားသင့်သောမျက်နှာနှင့် ကျွန်တော့်ကို မော့ကြည့်ပြီးနောက် သူသည် ပြုံးနေလေသည်။ ‘ဟာ ဒီဆံပင်တွေ အရင်တုန်းကလောက် ကြည့်မကောင်းပါဘူးဗျာ’ ဟု သူသည် ပြန်၍ပြော၏။ ‘အရင်ကလောက် ကြည့်မကောင်းဘူးဆိုတာတောင် အတော်ဟုတ်သေးတာပဲ’ ဟု ကျွန်ုပ်က ထပ်၍ဆက်လိုက်ရာ သူသည် အလွန်ပီတိဖြစ်သွား၏။ အနည်းငယ် စကားဆက်၍ ပြောကြပြီးနောက် ‘ကျွန်တော့်ဆံပင်ကို လူတွေ တော်တော် ချီးမွမ်းကြတယ်’ ဟု ကျွန်ုပ် ထွက်လာကာနီးတွင် သူထပ်၍ ပြောလိုက်သေး၏။

ထိုနေ့တွင် နေ့လယ်စာစားရန် သွားသောအခါ ထိုစာရေးသည် အတော်ဘဝင်မြောက်နေလိမ့်မည်ဟု ကျွန်ုပ် လောင်းရဲသည်။ ထိုနေ့တွင် အိမ်သို့ ပြန်ရောက်သောအခါ ကျွန်ုပ်နှင့် တွေ့ခဲ့သည့်အကြောင်းကို သူ၏မိန်းမအား ပြန်၍ ပြောလိမ့်မည်ဟု ကျွန်ုပ် လောင်းရဲသည်။ ထိုစာရေးသည် မှန်ထဲကြည့်၍ ‘ငါ့ဆံပင်တွေ တယ်ကောင်းပါလား’ ဟု ပြောလိမ့်မည်ဟူ၍ ကျွန်ုပ်လောင်းရဲသည်။ ဤအကြောင်းကို ပရိသတ်များထဲတွင် ကျွန်ုပ် ပြန်ပြောဖူးရာ ကျွန်ုပ်သည် ထိုစာရေးထံမှ ဘာကိုအလိုရှိ၍ ထိုကဲ့သို့ ပြောရသနည်းဟု လူတစ်ယောက်က နောင်အခါတွင် မေးဖူး၏။

ဘာကိုမျှ လိုချင်၍ မဟုတ်ပါ။ ကျွန်ုပ်တို့သည် တစ်ဖက်သားထံမှ ရစရာရှိမှသာလျှင် ထိုတစ်ဖက်သားကို ပီတိဖြစ်အောင် ပြုလုပ်နိုင်မည်ဟူသော အလွန်ရွံစရာကောင်းသည့် စိတ်ယုတ်မာများ မွေးမြူခဲ့သော် ထိုစိတ်ယုတ်မာများနှင့် ထိုက်တန်သည့် ဆုံးရှုံးပျက်စီးခြင်းများကိုသာ ကျွန်ုပ်တို့ အစဉ်ရရှိပေလိမ့်မည်။ မည်သည့်အရာကို လိုချင်သောကြောင့် ဤကဲ့သို့ ပြောရသနည်းဟူသော မေးခွန်းကို မဖြေမနေရဆိုလျှင် လူတစ်ဖက်သားထံမှ တစ်စုံတစ်ခုကို မမျှော်လင့်ဘဲနှင့် ထိုလူကို ပီတိဖြစ်အောင် လုပ်ပေးခဲ့ရသည်ဟူ၍ မိမိကိုယ်ကို နှစ်သိမ့်ကျေနပ်စေလိုသောဆန္ဒသည် ကျွန်ုပ်အလိုရှိသောအရာပင် ဖြစ်ပါသည်ဟု ဖြေဆိုရမည် ဖြစ်၏။ ထိုသို့ ဆောင်ရွက်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ အတော်ကြာသော်လည်း ထိုသို့ ဆောင်ရွက်ရသည့်အတွက် ပီတိဖြစ်နေသော စိတ်တို့သည် ကျွန်ုပ်တို့၏ ရင်တွင်းတွင် ကိန်းအောင်းလျက်ရှိမည် ဖြစ်၏။

လူတို့၏အပြုအမူနှင့် စပ်လျဉ်းလျှင် ရွှေနှင့်စက်၍ အဖိုးတန်သော ဥပဒေတစ်ရပ် ရှိလေသည်။ ထိုဥပဒေကို လိုက်နာနေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့သည် ဘယ်အခါမျှ ဘေးမတွေ့နိုင်ရုံသာမက ထိုသို့ လိုက်နာခြင်းဖြင့် အခြွေအရံ မိတ်သင်္ဂဟ ပေါများခြင်း၊ ကာယသုခ စိတ္တသုခ အစဉ်တိုးတက်ခြင်းတို့နှင့် ပြည့်စုံပေလိမ့်မည် ဖြစ်၏။ သို့ရာတွင် ထိုဥပဒေကို ကျူးလွန်ဖောက်ဖျက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့သည် ဘေးတွေ့မည်မှာ မလွဲတည်း။ ထိုဥပဒေသည် ‘တစ်ဖက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးလေအောင် အစဉ်လုပ်ပေးပါ’ ပင် ဖြစ်လေသည်။ လူတို့တွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိုသော ဆန္ဒသည် အပြင်းဆုံးဆန္ဒဖြစ်သည်ဟု ပရော်ဖက်ဆာ ဂျွန် ဂျူဝီကဆို၍ မိမိအား တစ်ဖက်သား၏ အထင်ကြီးခြင်းကို ခံလိုသောဆန္ဒသည် လူတို့တွင် အပြင်းဆုံးဆန္ဒ ဖြစ်လေသည်ဟု ပရော်ဖက်ဆာ ဝီလျံဂျိမ်းက ဆိုသည်ဟူ၍ အထက်တစ်နေရာတွင် ကျွန်ုပ်တို့ ဖော်ပြခဲ့ဖူးလေပြီ။ ထို့ပြင်လည်း တိရစ္ဆာန်များနှင့် ကျွန်ုပ်တို့၏ ခြားနားခြင်း အကြောင်းရင်းသည် ထိုဆန္ဒပင် ဖြစ်လေသည်ဟူ၍လည်း ကျွန်ုပ်ကိုယ်တိုင် ဖော်ပြခဲ့ဖူးလေပြီ။ ကမ္ဘာကြီး၏ ယဉ်ကျေးသိမ်မွေ့မှုသည်လည်း ထိုဆန္ဒအပေါ်တွင်ပင် မှီလျက်ရှိ၏။

ပညာရှိကြီးများသည် မိတ္တဗလလုပ်နည်းများကို နှစ်ထောင်ပေါင်းများစွာကပင် အစပြု၍ ကြံဆခဲ့ကြရာ နောက်ဆုံးတွင် နည်းကောင်းတစ်နည်းကိုသာ တွေ့ရလေသည်။ ထိုနည်းသည် အသစ်အဆန်းမဟုတ်။ လူပေါ်စက ပေါ်လျက်ရှိသော လက်ဟောင်းနည်းကြီးပင် ဖြစ်လေသည်။ ဇိုရိုအက်စတားသည် နှစ်ပေါင်းသုံးထောင်ကျော်လောက်က မီးကို ကိုးကွယ်သော သူ၏တပည့် ပါရှန်လူမျိုးများအား ထိုနည်းကို သင်ခဲ့ဖူးလေသည်။ နှစ်ပေါင်း နှစ်ထောင့်လေးရာကျော်လောက်က ကွန်ဖူးဇီးသည် တရုတ်ပြည်တွင် ထိုနည်းကို ဟောခဲ့ဖူးလေသည်။ တအိုးဂိုဏ်းကို တည်ထောင်ခဲ့သူ လာအိုဇီသည်လည်း ဟန် တောင်ကြားတွင် သူ၏ တပည့်ဂိုဏ်းသားတို့အား ထိုနည်းကိုပင် ဟောပြောခဲ့ဖူးလေသည်။ ခရစ်မပေါ်မီ နှစ်ပေါင်းငါးရာကပင် မြတ်စွာဘုရားသခင်သည် မဇ္ဈိမဒေသတွင် ဤနည်းကို ဟောကြားတော်မူဖူးလေသည်။ ဟိန္ဒူကျမ်းစာအုပ်များတွင်လည်း နှစ်ပေါင်း သုံးထောင်ကျော်လောက်ကစ၍ ထိုနည်းကို ရေးသားထားသည်ကို တွေ့ရ၏။ ယေရှုသည် နှစ်ပေါင်းတစ်ထောင့်ကိုးရာကျော်လောက်က ထိုနည်းကိုပင် ဂျူးဒီးယားတောင်ပေါ်တွင် တစ်ဖက်သားက သင့်အား အကြင်နည်းဖြင့် ပြုစုသည်ကို သင်သည် အလိုရှိအံ့။ ထိုနည်းဖြင့် သင်သည် တစ်ဖက်သားကို ပြုစုလော့’ ဟူ၍ အကျဉ်းချုပ် ဟောပြောဖူးလေသည်။

သင်နှင့်တွေ့ဆုံရသော သူများထံမှ သင်သည် ထောက်ခံအားပေးခြင်းကို အလိုရှိသည်မှာ မှန်၏။ သင်သည် သင်နှင့် ထိုက်တန်သလောက် အချီးမွမ်းကို ခံလိုသည်မှာလည်း မှန်၏။ သင်နှင့်ဆိုင်သော နေရာတစ်ဝိုက်တွင် သင့်ကိုယ်ကိုသင် လူတွင်ကျယ်တစ်ဦး ဖြစ်သည်ဟု အထင်ရောက်လိုသည်မှာလည်း မှန်၏။ စိတ်ထဲကမပါဘဲနှင့် သင့်ကိုယ်ကိုသင် လူတွင်ကျယ်တစ်ဦး ဖြစ်သည်ဟု အထင်ရောက်လိုသည်မှာလည်း မှန်၏။ စိတ်ထဲကမပါဘဲနှင့် သင့်ကို မြှောက်ပင့်နေသော စကားများကို နားမထောင်ချင်ဘဲ အဟုတ်တကယ်ချီးကျူးသော စကားများကိုသာ သင်သည် နားထောင်ချင်သည်မှာလည်း မှန်ပေ၏။ သင်၏မိတ်ဆွေများက ချားရွှပ် ပြောဘိသကဲ့သို့ သင့်အပေါ်တွင် စိတ်ပါလက်ပါ ထောက်ခံ၍ ရက်ရက်ရောရော ချီးမွမ်းစေလိုသည်မှာလည်း မှန်ပေ၏။ ကျွန်ုပ်တို့အားလုံးလည်း ဤကဲ့သို့ပင် အလိုရှိကြပေ၏။ သည်အတိုင်းမှန်လျှင် ရွှေနှင့်စက်၍ အဖိုးတန်သော ဤနည်းကို လိုက်နာပြီးလျှင် အခြားသောသူများအား ကိုယ်ချင်းစာနာကြပါစို့။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts