hapeye

တွေ့လျှင် တွေ့ချင်း သဘောကျစေရန်နည်း (အပိုင်း – ၂)

မည်သည့်နေရာတွင် မည်သည့်အခါမျိုးတွင်မဆို မည်ကဲ့သို့ စာနာရမည်နည်းဟူသော မေးခွန်းကို မေးသည်ရှိသော် နေရာမရွေး၊ အချိန်မရွေး စာနာပါဟူ၍ ပြန်လည်ဖြေဆိုရပေလိမ့်မည်။

သက်သေပြပါအံ့။ ရေဒီယို စီးတီး၏ စုံစမ်းရေးဌာနတွင် အလုပ်လုပ်နေသော စာရေးထံတွင် ဟင်နရီဆူးဗိန်း၏ အလုပ်ခန်းအမှတ်ကို ကျွန်ုပ်သည် တစ်ခါတုန်းက စုံစမ်းဖူးလေသည်။ ယူနီဖောင်းကို ကျနသေသပ်စွာ ဝတ်ဆင်ထားသော ထိုစာရေးသည် သူ၏အလုပ်တွင် ဂုဏ်ယူလျက် ‘ဟင်နရီဆူဗိန်း ၁၈ ထပ် အခန်းအမှတ် ၁၈၁၆’ ဟူ၍ စကားသုံးလုံးကို နှစ်ခါပိုင်းပြီးလျှင် ကျနသေသပ်စွာ ကျွန်ုပ်၏မေးခွန်းကို ပြန်လည်ဖြေကြားခြင်း ပြုလေသည်။

ထိုအဖြေကို ရလျှင်ရချင်း ကျွန်ုပ်သည် ဓာတ်လှေကားဆီသို့ ခပ်သုတ်သုတ် လျှောက်သွားပြီးမှ တစ်ဖန် ပြန်လှည့်လာပြီးလျှင် ‘စာရေးကြီးဖြေပုံကို ကျွန်တော် သိပ်ပြီး သဘောကျတယ်ဗျာ၊ တိုတိုတုတ်တုတ်နဲ့ ရှင်းလင်းပြတ်သားလိုက်တာ ဟန်မလုပ်ရဘဲနဲ့ မင်းသားကြီးလေ ပေါက်နေတာပဲ၊ လူတိုင်း မလုပ်နိုင်ဘူး’ ဟု ထိုစာရေးအား ပြောပြ၏။  

သူ၏မျက်နှာသည် ရွှင်၍လာပြီးလျှင် သူသည် အဘယ်ကြောင့် ဤကဲ့သို့ ပြောရသည့်အကြောင်းကို ကျွန်ုပ်အား ပြန်၍ပြော၏။ အနည်းငယ်မျှ ကျွန်ုပ်၏စကားလုံးများသည် ထိုစာရေးအား သူ့ကိုယ်ကို အတော်အထင်ကြီးသွားအောင် လုပ်ပေးခဲ့၏။ ဓာတ်လှေကားနှင့် အပေါ်ထပ်သို့ တက်သွားစဉ် ထိုနေ့ နေ့လယ်က စိတ်ချမ်းသာလျက်ရှိသော လူဦးရေစာရင်းတွင် ကျွန်ုပ်၏ပယောဂအားဖြင့် တစ်ဦးထပ်၍ တိုးပေးသည်ဟူသော စိတ်ဓာတ်များသည် ကျွန်ုပ်၏ ရင်တွင်းတွင် တဖွားဖွားပေါ်လျက် ရှိ၏။

နန်းရင်းဝန်ဖြစ်မှ ဤနည်းကို သုံးရမည်။ သူဌေးကြီးဖြစ်မှ ဤနည်းကို သုံးရမည် စသည်ဖြင့် အချိန်ရွေးစရာမလိုပါ။ နေ့စဉ်နေ့တိုင်းလိုပင် ဤနည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ဥဒါဟရုဏ် ထုတ်ပြပါအံ့။ အကယ်၍ ပျော်ပွဲစားရုံတစ်ခုတွင် သင်မှာသော ၁၂ မျိုးကြော်ကို မယူခဲ့ဘဲ အာလူးကြော်ကို စားပွဲထိုးသည် ယူလာသောအခါ ‘ဟာ အားနာစရာကြီး ဖြစ်နေပြီကွဲ့၊ ကျုပ်မှာတာက ၁၂ မျိုးကြော်လေ၊ ပြန်ကြော်မှာ သိပ်ပြီး ပင်ပန်းနေမလား’ စသည်ဖြင့် ပြောလျှင် ‘မပင်ပန်းပါဘူး’ ဟု စားပွဲထိုးက ပြန်ပြောပေမည်။ ထို့နောက် သင်က သူ့ကို အလေးဂရုပြုသောကြောင့် သင်လိုချင်သော အစာကို သူသည် ဝမ်းမြောက်ဝမ်းသာစွာနှင့် အပင်ပန်းခံ၍ ပြုလုပ်ပေးလိမ့်မည်။

‘ဒါကလေးကို ကျေးဇူးပြုပြီး တစ်ဆိတ် လုပ်ပေးစမ်းပါ’ ‘လုပ်ရတာ သိပ်ပြီး ပင်ပန်းနေမလား’ ‘အားနာပါရဲ့ကွယ်၊ သို့ပေမယ့်’ ‘ဘယ်လိုမှ စိတ်မရှိပါနဲ့နော်’ ‘ကျေးဇူးအထူးတင်ပါတယ်’ စသော စကားလုံးလေးများသည် နေ့စဉ်နေ့တိုင်း ဆက်သွယ်နေရသော အလုပ်ကိစ္စများတွင် အတော်တာသွားလေသည်။ ထိုစကားများသည် လူယဉ်ကျေးတို့၏ လက္ခဏာများ ဖြစ်ကြသည်။

အခြားသက်သေတစ်ခုကို ကြည့်ကြဦးစို့။ သင်သည် ဟောလ် ကိန်း ရေးသော ခရစ္စယန်း၊ ဒင်းမ်စတား၊ မင့်ခ်မန်း ဝတ္ထုများကို ဖတ်ဖူးရဲ့လား။ သန်းပေါင်းများစွာသော လူတို့သည် သူ၏ဝတ္ထုများကို ဖတ်ကြသည်။ သူသည် ပန်းပဲသမားတစ်ဦး၏ သားဖြစ်လေသည်။ ကျောင်းတွင် ၈ နှစ်ခန့် စာသင်ကြားဖူးသော်လည်း သူ သေသောအခါ ကမ္ဘာပေါ်ရှိ စာရေးဆရာများထဲတွင် သူသည် ပစ္စည်းအချမ်းသာဆုံး ဖြစ်ကြောင်း တွေ့ရ၏။

သူ၏အတ္ထုပ္ပတ္တိကို အကျဉ်းချုံး၍ ပြောပါအံ့။ ဟော်လကိန်းသည် ကဗျာဝါသနာပါ၍ ဒန်တီ ဂဗရီအယ် ရိုဇက်တီး ရေးသားသော ကဗျာများအားလုံးကို အရ ကျက်လေသည်။ ထိုမျှမကသေး။ ရိုဇက်တီ၏ ရေးပုံသားပုံတို့ကို ချီးကျူးထားသော စာတစ်ပိုဒ်ကို ဟောပြောရန်အတွက် ရေးသားပြီးလျှင် ရိုဇက်တီးထံသို့ မိတ္တူတစ်စောင် ပို့လိုက်၏။ ရိုဇက်တီးလည်း အလွန် အားရဝမ်းမြောက်ပေ၏။ ‘ငါ့ကို ဒါလောက် အထင်ကြီးတဲ့ သူငယ်လေးတစ်ဦးဟာ ဧကန်မုချ ဉာဏ်ထက်မြက်ရမည်’ ဟု ရိုဇက်တီးသည် သူ့ကိုယ်ကိုသူ ပြန်၍ ပြောကောင်းပြောပေမည်။ များမကြာမီ ဟော်လကိန်းကို လန်ဒန်သို့ လာရောက်ရန် ဖိတ်ကြားပြီးလျှင် သူ၏အတွင်းရေးမှူးအဖြစ်ဖြင့် ခန့်ထားလိုက်၏။ ရိုဇက်တီးနှင့် ဤကဲ့သို့ တွေ့ဆုံရခြင်းသည် ဟော်လကိန်း၏ နောင်ရေးကို တစ်မျိုးတစ်မည် ပြောင်းလဲစေခဲ့၏။ အကြောင်းမူကား ရိုဇက်တီး၏ အတွင်းရေးမှူးအဖြစ်ဖြင့် နေ့စဉ် ထိုအခါက နာမည်ကျော် စာရေးဆရာကြီးများနှင့် နေ့စဉ်နေ့တိုင်းလိုလိုပင် တွေ့နေရသောကြောင့် ထိုသူ၏ ကူညီအားပေးချက်အရ ဝတ္ထုများကို ကြိုးစား၍ ရေးသားခဲ့ရာ နောက်ဆုံးတွင် ဝတ္ထုစာရေးဆရာကြီးတစ်ယောက်အဖြစ်ဖြင့် ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားခဲ့လေသည်။

ကမ္ဘာအရပ်ရပ်မှ အင်္ဂလန်သို့လာသော ခရီးသည်များသည် ဂရီးဗားရဲတိုက် ခေါ် ဟော်လကိန်း၏အိမ်သို့ သွားရောက်လည်ပတ်ကြလေသည်။ သူ အနိစ္စ ရောက်သောအခါ ဒေါ်လာငွေ ၂ သန်းခွဲလောက် ကျန်ရစ်ခဲ့လေသည်။ အကယ်၍သာ ထင်ပေါ်ကျော်ကြားလျက်ရှိသော လူကြီးတစ်ဦးထံသို့ ချီးကျူးသော စာတစ်စောင်ကို ရေးသားပေးပို့ခြင်း မပြုခဲ့လျှင် ဟော်လကိန်းသည် ယခုကဲ့သို့ ထင်ပေါ်ကျော်ကြားသော ဝတ္ထုရေးဆရာကြီးတစ်ဦးအဖြစ်ကို ရောက်ချင်မှ ရောက်ပေလိမ့်မည်။

ဝမ်းထဲမှ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခြင်း၏ အကျိုးအာနိသင်သည် ဤမျှ ကြီးပေ၏။ ရိုဇက်တီးသည် သူ့ကိုယ်ကို ထင်ပေါ်သော စာရေးဆရာကြီးဟု အထင်ကြီးလေသည်။ ဤကဲ့သို့ အထင်ကြီးခြင်းသည် အထူးအဆန်းမဟုတ်။ လူတစ်ကိုယ် ထင်တစ်လုံးရှိမြဲမှာ ဓမ္မတာပင် ဖြစ်သည်။ မည်သည့်လူမျိုးမဆို သည်အတိုင်းပင် ဖြစ်၏။ သင့်ကိုယ်ကို ဂျပန်လူမျိုးထက် မြင့်မြတ်သည်ဟု အထင်ကြီးပါသလား။ အမှန်စင်စစ်မှာ ဂျပန်လူမျိုးကလည်း သင့်ထက် အဆပေါင်းများစွာ မြင့်မြတ်သည်ဟု သူ့လူမျိုးကို အထင်ရောက်မည် ဖြစ်၏။ ရှေးဆန်သော ဂျပန်တစ်ဦးသည် မျက်နှာဖြူတစ်ဦး ဂျပန်မတစ်ဦးနှင့် တွဲ၍ ကနေသည်မြင်လျှင် အလွန်ဒေါသထွက်၏။

သင့်ကိုယ်ကို ဟိန္ဒူလူမျိုးများထက် မြင့်မြတ်သည်ဟု အထင်ကြီးပါသလား။ ဤကဲ့သို့ အထင်ကြီးလိုလျှင် သင့်သဘောအတိုင်း ကြီးနိုင်၏။ သို့ရာတွင် သင့်ကိုယ်ရိပ်ကျပြီးသော အစာကို ဟိန္ဒူတို့သည် စားဖို့ဝေးစွ၊ လက်ဖျားနှင့်ပင် တို့မည် မဟုတ်ပေ။ ‘အက်စကီးမိုး လူမျိုးတို့ထက် သင့်ကိုယ်ကို မြင့်မြတ်သည်ဟု အထင်ကြီးလိုလျှင်လည်း သင့်သဘောအတိုင်းပေါ့။ သို့ရာတွင် အက်စကီးမိုးတစ်ဦးသည် သင့်အပေါ်တွင် မည်ကဲ့သို့ သဘောထားသည်ကို သင်သိပါ၏လော။ အက်စကီးမိုးလူမျိုးထဲတွင် အလုပ်မလုပ်ချင်သော လူဗလချာ လူပေါ်ကြော့များ ရှိကြလေသည်။ ထိုသူများကို အက်စကီးမိုးတို့က ‘မျက်နှာဖြူများ’ ဟူ၍ အလွန့်အလွန် ရှုတ်ချသောအနေဖြင့် ခေါ်ဝေါ်ကြသည်။

တိုင်းပြည်တစ်ပြည်သည် အခြားတိုင်းပြည်များထက် မြင့်မြတ်သည်ဟု ကိုယ့်ပြည်ကို ကိုယ်ထင်ကြ၏။ ဤကဲ့သို့ အထင်ကြီးခြင်းသည် မျိုးချစ်စိတ်ဓာတ်များကို ရင့်သန်စေသည်ဖြစ်ရာ ထိုမှတစ်ဖန် စစ်ပွဲများ ဖြစ်ပွားရလေသည်။ အမှန်မှာ သင်နှင့်တွေ့သမျှသော လူတိုင်းသည် သူ့ကိုယ်ကိုသူ အထင်ကြီးခြင်းသည် မျိုးချစ်စိတ်ဓာတ်များကို ရင့်သန်စေသည်ဖြစ်ရာ ထိုမှတစ်ဖန် စစ်ပွဲများ ဖြစ်ပွားရလေသည်။

အမှန်မှာ သင်နှင့်တွေ့သမျှသော လူတိုင်းသည် သူ့ကိုယ်ကိုသူ တစ်နည်းနည်းနှင့် အထင်ကြီးလျက် ရှိသည်ဖြစ်ရာ ထိုသူ့ကို သင့်ဘက်ပါအောင် ဆွဲနိုင်သော အညှာသည် သူ့ကိုယ်ကို အထင်ကြီးနေသော ထိုသူ၏အလိုကို စိတ်ရောကိုယ်ပါ ဖြည့်ပေးရန်ပင် ဖြစ်လေသည်။ ကျွန်ုပ်နှင့် တွေ့သမျှသော လူတိုင်းသည် ကျွန်ုပ်ထက် သာသည်ဟု အမှတ်ထားသဖြင့် ထိုလူအကြောင်းကို ကျွန်ုပ်သိရသည်ဟူ၍ အီမာဆန်ပြောသောစကားကို သတိရလိုက်ပါ။

သို့ရာတွင် ပညာ တစ်ရွေးသားမျှ မရှိသောသူများသည် မိမိတို့၏ မာနများကို နှိမ့်ချခြင်းမပြုဘဲ အလွန်မသတီစရာ ကောင်းသော စကားများကို ဖောင်လောက်အောင် ပြောကြားလျက်ရှိသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းလှပေသည်။ ထိုကဲ့သို့သော လူမျိုးကို အာဏာကလေး လက်တစ်ဆုပ်မျှရသည်နှင့် နတ်ပြည်ခြောက်ထပ်ကို အစိုးရသော သိကြားမင်းနှင့် အန်တုဖက်ပြိုင်မည်ဟု ကြိမ်းဝါးသော သူများဟု ရှိတ်စပီးယားက ခေါ်ထားလေသည်။ ကျွန်ုပ်၏ တပည့်သုံးဦးသည် ဤအခန်းတွင် ပါသော နည်းများကို အသုံးပြုသဖြင့် မည်ကဲ့သို့သော အကျိုးထူးများ ရရှိခဲ့သည်ကို ပြောပြပါအံ့။ ကွန်နက်တိကပ်မြို့မှ ရှေ့နေကြီးတစ်ဦးအကြောင်းကို စတင်၍ ပြောပါအံ့။ သူ၏နာမည်ကို ဖော်မပြပါနှင့်ဟု တောင်းပန်ထားသောကြောင့် သူ့ကို မစ္စတာအာ ဟူ၍ပင် ခေါ်ကြပါစို့။

ထိုရှေ့နေကြီးသည် ကျွန်ုပ်၏အတန်းတွင် လာရောက်သင်ကြားပြီးနောက် များမကြာမီတွင် သူ့မိန်းမ၏အဒေါ်ကြီး တစ်ဦးဆီသို့ သူ့မိန်းမနှင့်အတူတူ မော်တော်ကားစီး၍ သွားကြ၏။ အဒေါ်ကြီး၏အိမ်သို့ ရောက်သောအခါ သူ၏မိန်းမသည် အဒေါ်ကြီးနှင့် စကားပြောနေရန် သူ့ကို ထားခဲ့ပြီးလျှင် အခြားဆွေမျိုးများ ရှိရာသို့ ထွက်သွားလေသည်။ မိတ္တဗလနည်းများကို သင်ကြားလာခဲ့ပြီးနောက် မည်သူ့ကိုမျှ မစမ်းခဲ့ရသေးပေရာ ထိုအဒေါ်ကြီးကို စမ်း၍ကြည့်မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။ ထို့ကြောင့် စိတ်ရောကိုယ်ပါ ချီးမွမ်းနိုင်မည့် အရာတစ်ခုကို တွေ့လိုတွေ့ငြား သူသည် အိမ်တွင်းတွင် ဟိုဟိုဒီဒီ ကြည့်လေသည်။

‘ကြီးတော် ဒီအိမ်ကြီးကို ၁၈၉၀ ပြည့်နှစ်က ဆောက်တယ်မဟုတ်လား’ ‘အေး ဟုတ်တယ်၊ အဲဒီနှစ်မှာပဲ ဆောက်တယ်’ ‘ဒီအိမ်ကြီးကို မြင်ရတော့ ကျွန်တော့်ကို မွေးတဲ့အိမ်ကို သွားပြီး သတိရတယ်၊ ကြည့်လို့လည်း လှတယ်၊ ခိုင်လည်း ခိုင်၊ ကျယ်လည်း သိပ်ကျယ်တာပဲ၊ ဒီလိုအိမ်မျိုးကို ခုလူတွေ မဆောက်ကြတော့ဘူး ကြီးတော်ကြီးရဲ့’ ‘အေး ဟုတ်တယ်၊ လူငယ်တွေဟာ အိမ်လှလှကို ဆောက်ရမှန်း မသိကြဘူး၊ သူတို့ ဆောက်တာက အိမ်သေးသေးကလေး ဆောက်ပြီး အိမ်မှာ နားမနေဘဲ မော်တော်ကားတစ်စီးနဲ့ ထွက်နေကြတာပဲ၊ ဒီအိမ်ကို မင်းဦးကြီးနဲ့ ကြီးတော်တို့ နှစ်ပေါင်းအတော်ကြာကြာ စိတ်ကူးပြီးမှ ဆောက်တာကွယ့်၊ ဘယ်ဗိသုကာတစ်ယောက်ကိုမျှ မငှားပါဘူး’

ထို့နောက် အဒေါ်ကြီးသည် သူ့ကို အိမ်တွင်းအိမ်ပြင် လျှောက်၍ ပြလေသည်။ ထိုအဒေါ်ကြီးသည် တစ်သက်လုံး အမြတ်တနိုး စုဆောင်းလာခဲ့သော ပေ့စလေ လျှောစောင်များ၊ ရှေးကျသော အင်္ဂလိပ်လက်ဖက်ရည်ပန်းကန်များ၊ တရုတ် လက်ဖက်ရည်ပန်းကန်များ၊ ပြင်သစ်ကုလားထိုင်နှင့် ခုတင်များ၊ အီတာလျံ ပန်းချီကားများ၊ ပြင်သစ်ရဲတိုက်ကြီးတစ်ခုအတွင်းတွင် အသုံးပြုခဲ့ဖူးသော ပိုးခန်းဆီးစများကိုလည်း ထုတ်၍ ပြသရာ ကျွန်တော်သည် တစ်ခုပြီးတစ်ခု ကိုင်တွယ် ချီးမွမ်းလေသည်။ အိမ်တွင်းတွင် နှံ့သောအခါ မော်တော်ကားရုံသို့ ကျွန်တော်ကို ခေါ်သွားပါသည်။ မော်တော်ကားရုံထဲတွင် တုံးများပေါ်တွင် တင်ထားသော ပက္ကတ်မော်တော်ကားကြီးတစ်စင်းကို တွေ့ရပါသည်။

‘ကျေးဇူးတင်ပါတယ် ကြီးတော်၊ သို့ပေမယ့် ကျွန်တော်လက်ခံလို့ ဖြစ်ပါ့မလား၊ ကျွန်တော်က ဘာမဆိုင် ညာမဆိုင်ဘဲနှင့် ဒီကားကို ဝင်ပြီးယူတယ်ဆိုတော့
ကြီးတော်ရဲ့ တူရင်း တူမရင်းတွေကိုလည်း ထောက်ထားဖို့ ရှိသေးတယ် ကြီးတော်ရဲ့’ ‘ဒင်းတို့ကို ဂရုစိုက်မနေပါနဲ့ကွာ၊ ငါသေရင် ဒီကားကို သူတို့ရမှာပဲဆိုပြီး စောင့်နေကြတယ်လေ၊ ဒင်းတို့ကိုတော့ မပေးဘူး၊ မင်းပဲ ယူသွားပေတော့’ ‘သူတို့ကို မပေးချင်ရင် တစ်ပတ်ရစ်ကားများ ဝယ်တဲ့သူကို ရောင်းနိုင်သားပဲ ကြီးတော်ရဲ့’ ‘မလုပ်ပါနဲ့ မောင်ရင်ရယ်၊ ဒီကားကို သူစိမ်းတွေ စီးနေတာ မကြည့်ရက်ပါဘူးကွယ်၊ မင်းပဲ ယူသွားပါ’ ထိုသူလည်း ထိုမော်တော်ကားကို ယူရမည်စိုးသောကြောင့် လှည့်ပတ်ပြောသော်လည်း မရပေ။ ဇွတ်ငြင်းပြန်လျှင် အဒေါ်ကြီး စိတ်ဆိုးရုံသာ ရှိတော့မည် ဖြစ်၏။

အိမ်ကြီးတစ်အိမ်ထဲတွင် ပစ္စည်းများနှင့် ပြည့်စုံလျက်ရှိသော်လည်း ထိုအိမ်ကြီးနှင့် ထိုပစ္စည်းများကို စိတ်ပါလက်ပါ ချီးမွမ်းမည့်သူတစ်ဦး လိုလျက်ရှိလေသည်။ အဒေါ်ကြီးသည် ငယ်ရွယ်စဉ်က အလွန်လှပ၍ ပိုးပန်းသူအတော်များခဲ့၏။ ဤအိမ်ကြီးကို ဆောက်လုပ်ပြီးနောက် အလှဆင်ရန်အတွက် ဥရောပတိုက်မှ ပစ္စည်းအမြောက်အမြား မှာယူ၍ မွမ်းမံခြယ်လှယ်ခဲ့၏။ ယောက်ျား ဆုံးပြီးသည့်နောက် မိမိအိမ်ကြီးနှင့် မိမိသာ ကျန်ရစ်ခဲ့၍ သူ့ကို နှစ်သိမ့်ဖျော်ဖြေမည့် သူတစ်ဦး မပေါ်ပေါက်ခဲ့ပေ။ ထို့ကြောင့် သူ့ကို ဖျော်ဖြေမည့်သူတစ်ဦး ပေါ်ပေါက်လာသောအခါ ကျေးဇူးတင်မဆုံးသောအနေနှင့် ပက္ကတ်မော်တော်ကားကိုပင် လက်ဆောင်ပေးလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts