တစ်ကမ္ဘာလုံး

တစ်ကမ္ဘာလုံး လိုက်အံ့ (အပိုင်း – ၃)

တစ်ကမ္ဘာလုံး လိုက်အံ့ (အပိုင်း – ၃)

ထို့နောက် စာရွက်တစ်ရွက်ကို အလယ်တည့်တည့်မှ မျဉ်းသားပြီးလျှင် တစ်ဘက်ထိပ်တွင် ‘အမြတ်’ ဟု ရေး၍ အခြားတစ်ဘက်ထိပ်တွင် ‘အရှုံး’ ဟူ၍ ရေးသားလေသည်။ အမြတ်ဘက်တွင် ‘ကပွဲခန်းမကြီး အား၍နေခြင်း’ ဟူ၍ ရေးသား၏။ ထို့နောက် ‘ဒီကပွဲခန်းမကြီး အားနေလျှင် ကပွဲတွေ၊ အစည်းအဝေးပွဲတွေအတွက် ငှားနိုင်ပါရဲ့၊ ဒါ ခင်ဗျားရဲ့ အမြတ်ပဲ၊ ဒါဟာလည်း စင်စစ်မှာတော့ အမြတ်ကြီးပဲ၊ ဘာဖြစ်လို့လဲဆိုလျှင် ဟောပြောပွဲတွေအတွက် ငှားတာက အခပိုရတယ်၊ အကယ်၍ ဒီရာသီမှာ ည ၂၀ လုံးလုံး ယူထားလိုက်လျှင် ခင်ဗျားရဲ့အလုပ်မှာ အတော်ကလေးနာမှာ အမှန်ပါပဲ။

‘ကဲ အရှုံးဘက်ကို တွက်ကြည့်ကြဦးစို့၊ ရှေးဦးစွာ ကျွန်တော့်ထံမှ ငွေအရမတိုးဘဲနှင့် ငွေအရတောင် လျော့သွားဦးမယ်၊ စင်စစ်မှာ ကျွန်တော့်ထံမှ တစ်ပြားမှ ခင်ဗျားရတော့မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် ခင်ဗျား တောင်းနေတဲ့အခန်းငှားခကို ကျွန်တော် မပေးနိုင်ပါ၊ ဒီတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဟောပြောပွဲများကို အခြားနေရာ တစ်ခုခုမှာ ကျင်းပရပါလိမ့်မည်။

‘အခြား အရှုံးတစ်ခုလည်း ရှိသေးတယ်၊ ဒီဟောပြောပွဲလုပ်ရင် ပညာတတ်များ အထက်တန်းစားများဟာ ခင်ဗျားရဲ့ ဟိုတယ်ကို ရောက်လာကြလိမ့်မည်၊ ဒါဟာ ခင်ဗျားအတွက် ကြော်ငြာကောင်းတစ်ခုပဲ မဟုတ်လား၊ စင်စစ်မှာ သတင်းစာထဲကနေပြီး ဒေါ်လာငွေငါးထောင်ဖိုး ကြော်ငြာတောင် ကျွန်တော် ဟောပြောပွဲတွေ ကျင်းပတာလောက် ခင်ဗျားရဲ့ ဟိုတယ်ကို လူတွေလာကြည့်အောင် လုပ်နိုင်မှာမဟုတ်ဘူး၊ ဒီလိုကြော်ငြာမျိုးဟာ ဟိုတယ်တစ်ခုအတွက် အလွန်အဖိုးတန်တယ် မဟုတ်လား။

စကားပြောရင်း ကျွန်ုပ်သည် ဤအချက် နှစ်ချက်ကို ‘အရှုံး’ ဘက်တွင် ရေးသား၍ ‘ခင်ဗျားရမယ့် အရှုံးနဲ့ အမြတ်နှစ်ခုကို ကောင်းကောင်းချိန်ဆပြီး ခင်ဗျား၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျွန်တော်အားပေးစေချင်ပါတယ်’ ဟု ပြောပြောဆိုဆို အခန်းတွင်းမှ ထွက်လာခဲ့၏။ နောက်တစ်နေ့တွင် အခန်းငှားခကို ရာခိုင်နှုန်း ၃၀၀ မတိုးတော့ဘဲ ရာခိုင်နှုန်း ၅၀ မျှသာ တိုုးမည်အကြောင်းနှင့် ပြန်ကြားစာတစ်စောင်ကို ကျွန်ုပ်ရရှိ၏။

ကျွန်ုပ်၏ အလိုရှိသည့် အရာနှင့် စပ်လျဉ်း၍ စကားတစ်လုံးမျှ အပြောရဘဲနှင့် ဤကဲ့သို့ လျှော့ခြင်းကို ကျွန်ုပ်ရသည်ကို သတိပြုပါ။ စ၍ပြောကတည်းကပင် သူအလိုရှိမည့်အရာနှင့် ထိုအရာကို မည်သို့ ရရှိနိုင်သည့် အကြောင်းကိုသာ ပြောပြခဲ့ပါသည်။

အကယ်၍ ပုထုဇဉ်တို့၏ ဓလေ့အတိုင်း ကျွန်ုပ်သည် မန်နေဂျာ၏ အခန်းတွင်းသို့ စိတ်ဆိုးမာန်ဆိုးနှင့် ဝင်သွားပြီးလျှင် ‘လက်မှတ်တွေနှိပ်ပြီး အားလုံးကြော်ငြာပြီးပြီ ဆိုတာကို သိတော့မှ ဒီအခန်းငှားခကို ရာခိုင်နှုန်း ၃၀၀ မြှင့်တင်လိုက်တာဟာ ဘယ်သဘောလဲ၊ ရာခိုင်နှုန်း ၃၀၀ တောင်၊ ဘယ်လောက်ရယ်စရာကောင်းသလဲ၊ မဖြစ်နိုင်တာတွေ ခင်ဗျားတောင်းနေတယ်၊ ကျွန်တော် မပေးဘူး’ စသည်ဖြင့် ဆူပူခဲ့လျှင် ဘယ်လိုများ ဖြစ်မည်လဲ။

ဧကန်မုချ အတိုက်အခံပြောကြရတော့မှာပဲ။ ဤကဲ့သို့ အတိုက်အခံပြောဆိုခြင်းမျိုးသည် ဘယ်နေရာမှာ အဆုံးသတ်သည်ကို သင်အသိဖြစ်၏။ အကယ်၍ ထမြောက်အောင်မြင်ရန်အတွက် နည်းကောင်းတစ်ခု ရှိသည်ဟု ဆိုပါလျှင် ထိုနည်းကောင်းသည် အခြားသူ၏ယူဆချက်များကို သူ့ဘက်နှင့် ကိုယ့်ဘက် နှစ်ဖက်စလုံး ကြည့်ပြီးမှ ဆုံးဖြတ်နိုင်သော အရည်အချင်းပင် ဖြစ်လေသည်ဟူ၍ ဟင်နရီဖို့က ပြောပြဖူးလေသည်။

ထိုစကားသည် အလွန်ကောင်း၏။ ထို့ကြောင့် ထိုစကားကို တစ်ဖန်ပြန်၍ ကျွန်ုပ် ဆိုချင်၏။ ‘အကယ်၍ ထမြောက်အောင်မြင်ရန်အတွက် နည်းကောင်းတစ်ခု ရှိသည်ဟု ဆိုပါလျှင် ထိုနည်းကောင်းသည် အခြားသူ၏ ယူဆချက်ကို ရအောင်စုံစမ်းပြီးနောက် လုပ်ရန် အလုပ်များကို သူ့ဘက်နှင့်ကိုယ့်ဘက် နှစ်ဖက်စလုံးကြည့်ပြီးမှ ဆုံးဖြတ်နိုင်သော အရည်အချင်းပင် ဖြစ်လေသည်။’

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts