တစ်ကမ္ဘာလုံး

တစ်ကမ္ဘာလုံး လိုက်အံ့ (အပိုင်း – ၂)

‘တစ်ဖက်သားအပေါ် သြဇာညောင်းအောင်လုပ်နည်း’ စာအုပ်ထဲတွင် ‘အလုပ်သည် ကျွန်ုပ်တို့၏ အရင်းခံဆန္ဒမှ ပေါက်ဖွားလာလေသည်၊ အလုပ်တွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးတွင် ဖြစ်စေ တစ်ဖက်သားကို မိမိဘက်သို့ပါအောင် ဆွဲငင်လိုသည့်သူများသို့ပေးရန် အကောင်းဆုံးသော အကြံတစ်ခုမှာ ‘တစ်ဖက်သား၏ စိတ်ထဲတွင် ပြင်းပြသောဆန္ဒတစ်ခု ဖြစ်ပေါ်လာအောင် ရှေးဦးစွာ ဆွပေးပါ’ ဖြစ်၏။ အကြင်သူသည် ဤကိစ္စကို ဆောင်ရွက်နိုင်အံ့၊ ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့။ အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊ ထိုသူသည် တစ်ယောက်တည်း နေရအံ့’ ဟူ၍ ပရော်ဖက်ဆာ ဟယ်ရီအေအိုဗာစထရီ က ရေးသားထားလေသည်။

ဆင်းရဲစဉ်က တစ်နာရီလျှင် ၂ ဆင့်ကျနှင့် အလုပ်စ၍လုပ်ရသော်လည်း နောက်ဆုံးတွင် ဒေါ်လာသန်းပေါင်းသုံးရာ့ခြောက်ဆယ့်ငါးသန်းကိုလှူသွားသော စကော့လူမျိုး အန်ဒရူးကာနက်ဂျီသည် လူတို့ကို ကိုယ့်ဘက်ပါအောင် ဆွဲငင်ရန်အတွက် တစ်ခုတည်းသောနည်းသည် ထိုသူတို့အား သူတို့၏ လိုဘတ်ကို ပေးခြင်းဖြစ်သာကြောင်း ငယ်ရွယ်စဉ်ကပင် နားလည်ခဲ့၏။ သူသည် ကျောင်းတွင် လေးနှစ်သာ စာသင်ခဲ့ဖူး၏။ သို့သော်လည်း လူများကို အုပ်ထိန်းသည့်နည်းကို နားလည်၏။

ရှင်းဦးအံ့။ သူ၏ခယ်မတစ်ယောက်သည် သားနှစ်ယောက်အတွက် အတော်ပင် ရတက်ပွေလျက်ရှိ၏။ သူတို့သည် ယေး ယူနီဗာစီတီတွင် စာသင်လျက်ရှိကြ၏။ ကျောင်းတွင် သူတို့၏ကိစ္စများနှင့်သူတို့ အလုပ်ရှုပ်လျက်ရှိကြရာ အိမ်သို့ စာလည်းမရေးနိုင်။ သူတို့မိခင်က စိုးရိမ်ကြောင့်ကြပြင်းပြစွာနှင့် ရေးသားလိုက်သော စာများကိုလည်း ဂရုစိုက်၍ စာမပြန်နိုင်ချေ။

ထိုအခါ စာပြန်ပါဟု မမှာရဘဲနှင့် ချက်ချင်း စာပြန်ရစေမည်ဟု ကာနက်ဂျီသည် အခြားလူတစ်ဦးနှင့် ဒေါ်လာတစ်ရာကြေး အလောင်းအစားလုပ်ပြီးလျှင် ထိုသူငယ်များထံသို့ မာကြောင်းသာကြောင်း စာတစ်စောင်ရေးသား၍ သူတို့အဖို့ ဒေါ်လာငွေငါးကျပ်တန် စက္ကူတစ်ချပ် ပို့လိုက်ကြောင်း စာ၏အောက်နားက အမှတ်တမဲ့ ထပ်၍ ရေးထည့်လိုက်၏။ သို့ရာတွင် စာအိတ်ထဲတွင် ငွေစက္ကူများကို မထည့်လိုက်ချေ။ ချက်ချင်းပင် ကြင်နာစွာ ရေးပေးလိုက်သော စာအတွက် ‘ချစ်လှစွာသော ဦးလေးကြီး အန်ဒရူး’ ကို ကျေးဇူးတင်ကြောင်း အစရှိသောစာများ ပြန်လာလေသည်။ စာထဲတွင် အခြားမည်သည့်အကြောင်းများ ပါရှိဦးမည်ကို သင်တွေး၍သာ ကြည့်ပေတော့။

မနက်ဖြန်တွင် လူတစ်ဦးတစ်ယောက်ကို တစ်စုံတစ်ရာ လုပ်ရန် သင်ခိုင်းစေချင်လိမ့်မည်။ ဤသို့ မခိုင်းမီ ခေတ္တရပ်၍ ‘သူလုပ်ချင်အောင် ငါ ဘယ်လိုခိုင်းရပါ့မလဲ’ ဟု ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အခြားလူများအား မိမိ၏လိုအင်ဆန္ဒကိုသာ ဇွတ်တရွတ် လေကုန်ခံ၍ ပြောခြင်းမှ ထိုမေးခွန်းသည် ကျွန်ုပ်ကို တားမြစ်ပေလိမ့်မည်။ တစ်ရာသီလျှင် ညပေါင်း ၂၀ ကျ ကျွန်ုပ်တို့၏ ဟောပြောပွဲများကို ကျင်းပရန် နယူးယော့မြို့ရှိ ဟိုတယ်တစ်ခု၏ ကပွဲခန်းမကြီးကို ငှားထား၏။ တစ်ခါသော် ရှေးက ပေးခဲ့ရသော အခန်းငှားခထက် သုံးဆတိုး၍ ပေးရမည်ဟူသော အကြောင်းကြားစာတစ်စောင်ကို ကျွန်ုပ်သည် ရုတ်တရက် ရရှိလေသည်။ ထိုအကြောင်းကြားစာကို အားလုံးကြော်ငြာပြီးမှ လက်မှတ်များကို ပုံနှိပ်ရောင်းချပြီးမှ ရရှိသည်။

အမှန်အတိုင်းဆိုလျှင် ဤကဲ့သို့ တိုး၍တောင်းခြင်းကို ကျွန်ုပ်သည် မပေးချင်။ သို့ရာတွင် ကျွန်ုပ်သည် ဆန္ဒများကို ဟိုတယ်မန်နေဂျာအား ပြောပြခြင်းဖြင့် မည်မျှ အကျိုးရှိပါအံ့နည်း။ ဟိုတယ်မန်နေဂျာသည် သူအလိုရှိသည့် အရာတွင်သာ စိတ်စောလျက်ရှိ၏။ ထို့ကြောင့် နှစ်ရက်လောက်ကြာသောအခါ မန်နေဂျာနှင့် သွားတွေ့၏။

‘ခင်ဗျားရဲ့ စာကိုတော့ ကျွန်တော် အတော်လေး လန့်သွားမိပါတယ်၊ သို့ပေမယ့် ခင်ဗျားတို့ကိုတော့ နည်းနည်းမှ အပြစ်မတင်ပါဘူး၊ ခင်ဗျားနေရာမှာသာ ကျွန်တော် နေရရင်လည်း ဒီလိုပဲ ရေးကောင်းရေးမိမှာပဲ၊ ဒီဟိုတယ်ရဲ့ မန်နေဂျာအဖြစ်နဲ့ ခင်ဗျားရဲ့ဝတ္တရားဟာ အမြတ်ငွေကို များများရနိုင်သမျှရအောင် ကြိုးစားဖို့ပဲ၊ ခင်ဗျား ဒီလိုရအောင်မလုပ်ရင် ခင်ဗျားအထုခံရမှာပေါ့၊ ဒီလို အထုခံရမယ်ဆိုလည်း ခံသင့်တာပဲ၊ ကောင်းပြီ၊ စာရွက်လေးတစ်ရွက် ပေးစမ်းပါဗျာ၊ အခန်းငှားခကို မရ ရအောင် ခင်ဗျားတောင်းလျှင် ခင်ဗျားမှာ အရှုံးနဲ့ အမြတ် ဘယ်ဟာကများသလဲဆိုတာ တွက်ကြည့်ရအောင်’ ဟု ကျွန်တော်က ပြောပြ၏။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts