ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆ နိဒါန်း

ဆော့ခရတ္တိ ၏ ကဗျာ့သဘော အယူအဆ နိဒါန်း

ဆော့ခရတ္တိ ၏ ကဗျာ့သဘော အယူအဆ နိဒါန်း ~~~~
အောက်ပါစာပိုဒ်နှစ်ခုသည် အိုင်အုန္န ကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ အိုင်အုန္နကထာသည် ထိုခေတ်တွင် ဂရိလောက၌ ကျော်စောသော ကွက်စိပ်ဆရာ (ဝါ) စာပြောဆရာ အိုင်အုန္နကို အကြောင်းပြု၍ အမည်ပေးထားသောစာ ဖြစ်သည်။

ရှေးခေတ် ဂရိပွဲတော်ကြီးများတွင် စာဟောပြိုင်ပွဲများလည်း ပါလေ့ရှိသည်။ ထိုစာဟောပြိုင်ပွဲများတွင် နာမည်ကျော် စာပြောဆရာတို့သည် ကွက်စိပ်ဟောသကဲ့သို့ ဂရိကဗျာများကို သရုပ်ဖော်ရွတ်ဆိုတတ်ကြသည်။ ကဗျာများတွင် ခေတ်ဦးက ရေးခဲ့သည်ဟု ဆိုသော ဂရိစာဆိုကြီး ဟိုးမား၏ အိလိယက်နှင့် အော့ဒီဆီ ကဗျာနှစ်ပုဒ်သည် အကျော်စောဆုံး ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ မဟာကဗျာနှစ်ပုဒ်အပြင် စာဆို ဟိဆိအော့၏ ကဗျာများကိုလည်းကောင်း၊ စာဆို အာခီလောခ၏ ကဗျာများကိုလည်းကောင်း ရွတ်ဆိုတတ်ကြသေးသည်။

အိုင်အုန္နကထာ၌ ဆော့ခရတ္တိနှင့် ဖက်ပြိုင်ပြောဆိုသူသည် စာပြောဆရာ အိုင်အုန္န ဖြစ်သည်။ ဆော့ခရတ္တိခေတ်အထိ ဂရိစာပေလောကတွင် ယူဆလက်ခံခဲ့ကြသော ကဗျာ့သဘော အယူအဆတစ်ခုသည် ဤသို့ဖြစ်သည်။ ထိုအယူအဆမှာ ဆေးပညာနည်းနာတို့ကို တတ်လျှင် ဆေးဆရာ ဖြစ်နိုင်သကဲ့သို့ လည်းကောင်း၊ လက်သမားပညာ နည်းနာတို့ကို တတ်လျှင် လက်သမား ဖြစ်နိုင်သကဲ့သို့ လည်းကောင်း ကဗျာဆိုင်ရာ နည်းနာတို့ကို တတ်လျှင်လည်း ကဗျာစာဆိုဖြစ်နိုင်သည် ဟူသော အာစရိယဝါဒ အယူအဆ ဖြစ်သည်။ အိုင်အုန္နသည် စိတ်ကူးဉာဏ်ရှိသော စာပြောဆရာ အကျော်အမော်တစ်ဦးဖြစ်သော်လည်း ထိုအယူအဆကိုသာ အစဉ်အလာရှိသည့်အတိုင်း လက်ခံနေသူ ဖြစ်သည်။ ထိုအယူအဆကို မယုံကြည်သူ ဆော့ခရတ္တိ နှင့် တွေ့သောအခါ စကားဝိုင်း ဖြစ်လာသည်။

ဆော့ခရတ္တိသည် ဆိုခဲ့သော အယူအဆကို မကြိုက်သူ ဖြစ်သည်။ သူကြိုက်သော သူ့အတ္တနောမတိ အယူအဆမှာ ကဗျာသည် ဆေးပညာ၊ လက်သမားပညာ စသော အတတ်ပညာတို့နှင့် မတူဟု လည်းကောင်း၊ သက်ဆိုင်ရာ နည်းနာတို့ကို တတ်ရုံမျှဖြင့် အကြောင်းအရာကို သိသော အသိရှိရုံမျှဖြင့် ပြောင်မြောက်သော ကဗျာ ဖြစ်လာအောင် ပြုနိုင်သည် မဟုတ်ဟု လည်းကောင်း၊ စိတ်တက်ကြွမှုလည်း ရှိလာသောအခါမှာမှ ပြောင်မြောက်သော ကဗျာ ဖြစ်လာအောင် ပြုနိုင်သည်ဟု လည်းကောင်း ယူသော အယူအဆ ဖြစ်သည်။ ဆော့ခရတ္တိ ၏ အတ္တနောမတိ အယူသစ်သည် ခိုင်မာလှသဖြင့် နောင်အခါတွင် ထိုအယူသစ်ကိုသာ လက်ခံလာကြ၍ ထိုအယူသစ်ပင်လျှင် အာစရိယဝါဒ ဖြစ်လာသည်။ စိတ်တက်ကြွမှု၏ အကြောင်းရင်းနှင့် စပ်လျဉ်း၍ နှောင်းခေတ်ဥရောပ ကဝိလောကတွင် ဆော့ခရတ္တိဆိုသည့်အတိုင်း ချွတ်စွပ်မဟုတ်တော့ဘဲ ခေတ်အသိဖြင့် စနစ်တကျ ယူတတ်လာခြင်းသာလျှင် ထူးသည်ဟု ဆိုနိုင်သည်။

စကားဝိုင်းတွင် အိုင်အုန္န ရှေးဦးစွာ ဝန်ခံသည်မှာ ဟိုးမားသည် အခြားသော စာဆိုတို့ကဲ့သို့ပင် စစ်ပွဲများအကြောင်း၊ လူ့လောကအကြောင်း၊ ဆက်ဆံလှုပ်ရှားနေကြသော လူကောင်းလူဆိုး၊ လူတော်လူဆိုး၊ လူတော်လူညံ့တို့၏ ကံသုံးပါး အမူအရာတို့အကြောင်းတို့ကိုသာ ဖွဲ့ဆိုသည်ဟု လည်းကောင်း၊ ဆိုဟန်ပုံ အရာ၌ကား ဟိုးမားသည် အခြားစာဆိုတို့ထက် သာသည်ဟု လည်းကောင်း ဝန်ခံသည်။ ထို့ပြင် ဟိုးမား၏ ကဗျာများကို သရုပ်ဖော်ရွတ်ဆိုသောအခါ အခြားတစ်ပါးသော ကဗျာများကို သရုပ်ဖော်ရွတ်ဆိုရသည်ထက် ပို၍ စိတ်ပါလက်ပါ ဖြစ်လေ့ရှိသည်ဟုလည်း ဝန်ခံသည်။ သို့ရာတွင် အိုင်အုန္နသည် ပို၍ စိတ်ပါလက်ပါဖြစ်ရခြင်း၏ အကြောင်းရင်းကို မတွေးတတ် ဖြစ်နေသည်။ ဤတွင် ဆော့ခရတ္တိသည် သူ့အယူအဆကို တင်ပြရှင်းလင်းသည်။ ဖော်ပြလတ္တံ့သော စာပိုဒ်နှစ်ခုတွင် ဆော့ခရတ္တိ၏ ရှင်းချက်ကို သိမြင်နိုင်သည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts