ဝါးတားဂိတ်

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၃)

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၃) ~~~~
အိမ်ဖြူတော်တွင် အတော်လေး တုန်လှုပ်သွားသည်။ ပြည်တွင်း တယ်လီဖုန်းလမ်းညွှန် စာအုပ်တွင် ဟန့်၏ ရုံးခန်းနှင့် ပက်သက်သည့် အချက်အလက်များကို ထိမ်ချန်ထားကြောင်း ယခုမှ တွေ့သွားကြသည်။ ဂျွန်ဒင်းက ဟန့်ကို သူ့လုပ်ဆောင်ချက်များနှင့် ပက်သက်ပြီး တိုင်းပြည်မှ ထွက်သွားရန် တိုတိုပြတ်ပြတ် ပြောလိုက်သည်။ လစ်ဒီသည် ရုပ်ရှင်ဆန်ဆန် လမ်းထောင့်တစ်နေရာတွင် ရပ်နေစဉ် သေနတ်နှင့် အပစ်ခံလိုက်ရသေးသည်။

ဂျွန်ဒင်းက မျက်နှာဖုံးဆောင်းပါးများကို ဖန်တီးကာ စစ်ဆင်ရေးတစ်ခုလုံးသည် လစ်ဒီနှင့် ပက်သက်နေပြီး သူ့အစီအမံအတိုင်း လုပ်နေရသယောင် ရှုပ်ထွေးအောင် လုပ်ကာ အကာအကွယ် ယူတော့သည်။ နှုတ်ပိတ်ခအဖြစ် ဖောက်ထွင်းရေးသမားများကိုလည်း ပေးသေးသည်။ ဟိုပိတ် သည်ဆို့နှင့် ဖြစ်ရပ်တစ်ခုလုံး လမ်းကြောင်း ပြောင်းမယောင်ယောင် ဖြစ်သွားရပြန်သည်။

ထိုအချိန်တွင် နောက်ထပ် ဝှက်ဖဲတစ်ချပ် ထပ်ထွက်လာပြန်သည်။ အက်ဖ်ဘီအိုင် သူလျှိုအဖြစ် ထည့်ထားသည့် ဘော်လ်ဒွင်က ဟန့်နှင့် လစ်ဒီတို့နှစ်ယောက် ပါဝင်ပက်သက်မှုကို ထုတ်ဖော်လိုက်သည်။ သို့ဖြင့် နစ်ဆင်သည် စုံစမ်းစစ်ဆေးမှု ခံရတော့သည်။ ၁၉၇၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့သည် ကြမ္မာဆိုးဝင်သည့်နေ့ဟု ဆိုနိုင်သည်။ နစ်ဆင်နှင့် ဟာဒီမန်းတို့ နှစ်ယောက် စီအိုင်အေကို အသုံးချပြီး အက်ဖ်ဘီအိုင်၏ စုံစမ်းစစ်ဆေးနေမှုများကို ပိတ်ဆို့တားဆီးနိုင်ရန် ဆွေးနွေးကြသည်။

ဟန့်နှင့် လစ်ဒီတို့သည် သားကောင်တွေ ဖြစ်ကြရတော့မည်။ သို့သော် ‘ဝါးတားဂိတ်နှင့်ခုနစ်ဦး’ အမှုကို ၁၉၇၃ ခုနှစ် ဇန်နဝါရီလတွင် စစ်ဆေးရန် သတ်မှတ်လိုက်သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် အဆင်ပြေစွာဖြင့် စစ်ဆေးနိုင်ရန် ဖြစ်သည်။ ရွေးကောက်ပွဲတွင် နစ်ဆင်သည် ပြန်လည်အနိုင်ရသွားသည်။ ဒီမိုကရက်များ ကစဉ့်ကလျား ဖြစ်နေသည်။ ဇူလိုင်လတွင် သူတို့က အမတ်လောင်း သောမတ်စ် အီးဂဲလ်တန်ကို ဒု-သမ္မတလောင်းအဖြစ် စာရင်းတင်သွင်းထားခဲ့ရာမှ ရုပ်သိမ်းသွားခဲ့သည်။ သောမတ်စ်သည် အာရုံကြော အားနည်းသည့်ဝေဒနာဖြင့် ဆေးရုံသို့ သုံးကြိမ်တိုင် တက်ခဲ့ရသောကြောင့် ဖြစ်သည်။ ဒီမိုကရက်တို့ သမ္မတလောင်းအဖြစ် စာရင်းတင်သွင်းခဲ့သည့် ဂျော့ မက်ဂါးဗန်းသည်လည်း စစ်ဆန့်ကျင်ရေးသမား တစ်ယောက် ဖြစ်သည်။ သို့သော် ထိုအချိန်က နစ်ဆင်သည် ဗီယက်နမ်စစ်တွင် ပါဝင်ပက်သက်မှုကို ဆွေးနွေးညှိနှိုင်းမှုများဖြင့် ခေတ္တရပ်ဆိုင်းလိုက်သဖြင့် မက်ဂါးဗန်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားသည်။

တရားရုံးတွင် အမှု စတင်စစ်ဆေးချိန်၌ မက်ကော့နှင့် လစ်ဒီတို့နှစ်ဦးစလုံး အပြစ်မရှိကြောင်း လျှောက်လဲကြသည်။ ဟန့်ကမူ ထူးထူးခြားခြား သူလျှောက်လဲချက်တွင် နောက်ဆုံး၌ အပြစ်ရှိကြောင်း ဝန်ခံသွားသည်။ ကြားနာစဉ် ကာလတစ်လျှောက်လုံး တရားသူကြီး ဂျွန် ဆီရီကာသည် အစိုးရရှေ့နေများကြောင့် အတော်လေး စိတ်မသက်မသာ ဖြစ်နေရသည်။ အစိုးရရှေ့နေများက တရားရင်ဆိုင်နေသူများကို ကြောက်ရွံ့ပြီး သိမ်မွေ့စွာ ကိုင်တွယ်နေသောကြောင့် ဖြစ်သည်။ တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အလွတ်မပေး။ အပေါင်းအပါ ခုနစ်ဦးစလုံးကို ဖောက်ထွင်းမှု၊ တရားမဝင် ဖုန်းခိုးနားထောင်မှုများဖြင့် စွဲချက်တွေ တင်ထားသည်။

သို့ရာတွင် သတင်းမီဒီယာ၌၊ အထူးသဖြင့် ဝါရှင်တန်ပို့စ် သတင်းစာတွင် ဤ ဖောက်ထွင်းရေးသမားများသည် အိမ်ဖြူတော်နှင့် တိုက်ရိုက်ပက်သက်နေမှုများကို ဖွင့်ချဖော်ထုတ်ပေးနေသည်။ ဝါးတားဂိတ် ဖောက်ထွင်းမှုသည် ရွေးကောက်မှုအတွက် ညစ်ပတ်သည့် လှည့်စားချက်များ ဖြစ်သည်ဟု ဖော်ထုတ်ရေးသားခဲ့သည်။ ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဆီးနိတ်လွှတ်တော်မှ လွှတ်တော်အမတ် ဆမ်အာဗင်ကို ခေါင်းဆောင်စေကာ သမ္မတ ရွေးကောက်ပွဲတွင် တရားနည်းလမ်းမကျသည့် လုပ်ရပ်များကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့ပေးခဲ့သည်။

အက်ဖ်ဘီအိုင်၏ ဒါရိုက်တာ ဂျွန်အက်ဂါဟူးဗားသည် ၁၉၇၂ ခုနှစ် မေလတွင် ကွယ်လွန်သွားခဲ့သည်။ နစ်ဆင်က အက်ဖ်ဘီအိုင် ခေတ္တဒါရိုက်တာအဖြစ် ပက်ထရစ်ဂရေးကို ခန့်အပ်လိုက်သည်။ သူ့နောက်ကြောင်း လုံစေရန် စီစဉ်လိုက်ခြင်း ဟု ဆိုနိုင်သည်။ လွှတ်တော်အမတ် ဆမ် အာဗင်သည် ကော်မတီကို စတင် ကိုင်တွယ်နေပြီ ဖြစ်သဖြင့် ပက်ထရစ် ဂရေးသည် ဆိနိတ် တရားရေးကော်မတီ ရှေ့မှောက်တွင် လာရောက် အစစ်ခံရတော့သည်။ ကော်မတီရှေ့မှောက်တွင် ဂရေးက အက်ဖ်ဘီအိုင်သည် ဝါးတားဂိတ် အမှုတွင် အရေးပါသည့်သူများကို တွေ့ဆုံစစ်ဆေးရန် ပျက်ကွက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ သမ္မတ၏ အကြံပေးအဖွဲ့မှ ဂျွန် ဒီးန်ကို အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးအနေဖြင့် စစ်ဆေး မေးမြန်းလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဒီးန်ကို တိုက်ရိုက်ပစ်မှတ်ထားရခြင်းမှာ ဖုံးကွယ်မှု မှန်သမျှကို ဦးဆောင်နေသူဟု ယူဆရသောကြောင့် ဖြစ်သည်။ အာဗင် ကော်မတီက လာရောက် အစစ်ခံရန် ဆင့်ခေါ်သော်လည်း ဒီးန်က ငြင်းဆိုလိုက်သည်။ နစ်ဆင်ကလည်း အိမ်ဖြူတော်မှ ဝန်ထမ်းများကို စစ်ဆေးခွင့် မပြုနိုင်ဟု အကာအကွယ် ပေးသည်။ အာဗင်က အိမ်ဖြူတော်ဝန်ထမ်း ဆိုသည်မှာ မြင့်မြတ်သည့် တော်ဝင်လူတန်းစား မဟုတ်၊ သို့ဖြစ်ရာ လာရောက် အစစ်ခံရမည်ဟု သတိပေးသည်။ တရားရုံးက သမ္မာန်စာဖြင့် ဆင့်ခေါ်ချိန်တွင် လိုက်နာရန် ပျက်ကွက်ပါက ဆိနိတ်မှ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းခိုင်းမည်ဟု ပြောလိုက်သည်။

မတ်လ ၂၃ ရက်နေ့တွင် တရားသူကြီး ဆီရီကာသည် ဝါးတားဂိတ်ဖောက်ထွင်းရေးသမားများကို ပက်ပက်စက်စက် ပြစ်ဒဏ်ချမှတ်တော့သည်။ လစ်ဒီကို ထောင်ဒဏ် နှစ် ၂၀၊ ဟန့်ကို ၃၅ နှစ်၊ ဘာကာ၊ ဂွန်ဇာလက်၊ မာတီနက်ဇ်နှင့် စတားဂိစ်တို့ကို နှစ် ၄၀ အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်သည်။ ကိုလံဘီယာဒေသအတွင်း လူသတ်မှုထက် ပိုသည့် ပြစ်ဒဏ်များ ဖြစ်သည်။ သို့သော် တရားသူကြီးဆီရီကာက ဤပြစ်ဒဏ်များသည် ယာယီသဘောသာ ဖြစ်ပြီး အာဗင်၏ ကော်မတီနှင့် မည်မျှ ပူးပေါင်းလုပ်ဆောင်သည်ဆိုသည့်အပေါ် မူတည်ပြီး ပြစ်ဒဏ် အလျှော့အတင်း ရှိနိုင်သည်ဟု သတိပေးသွားသေးသည်။

မက်ကော့ကို ထိုစဉ်က ပြစ်ဒဏ်မချမှတ်ခဲ့ပေ။ တရားသူကြီးက မက်ကော့ထံမှ ထွက်ဆိုချက်များကို ဖတ်ပြပြီး မက်ကော့သည် အပြစ်ရှိကြောင်း ဝန်ခံရန်နှင့် နှုတ်ပိတ်နေရန် နိုင်ငံရေးအရ ဖိအားတွေ အပေးခံထားရကြောင်း သုံးသပ်ပြသွားသည်။ တရားခံမက်ကော့သည် လိမ်လည်နေသည့် မုသားသက်သေခံ ဖြစ်ကြောင်း စွပ်စွဲလိုက်သည်။ သူတို့က ဝါးတားဂိတ် စစ်ဆင်ရေးတွင် တရားရုံးသို့ ရောက်မလာသေးသည့် ပါဝင်ပက်သက်နေသူများ ရှိလိမ့်ဦးမည်ဟု ယူဆနေကြသည်။ မက်ကော့ကို လွှတ်လိုက်ပြီး နောက်ပိုင်း လိုအပ်ချိန်တွင် ပြန်လည်စစ်ဆေးမည်ဟု ပြောကြားလိုက်သည်။

မတ်လ ၂၆ ရက်နေ့တွင် မက်ကော့သည် လော့စ်အိန်ဂျလိစ်တိုင်းမ်စ် သတင်းစာကြီးသို့ မာဂရူးဒါးနှင့် ဒီးန်တို့သည် ဝါးတားဂိတ်ဖောက်ထွင်းဝင်ရောက်မှုကို သိရှိကြောင်း ဖွင့်ချတော့သည်။ ဒီးန်တစ်ယောက် စိတ်မငြိမ်နိုင်တော့။ သူက နစ်ဆင်ကို ဝါးတားဂိတ်ပြဿနာသည် ကင်ဆာရောဂါလို ပွားလာနေပြီ ဖြစ်ကြောင်း သတိပေးသည်။ ဟန့်ကလည်း ငွေလိုနေပြီဟု ထပ်တောင်းနေသည်။ သူ့ကို ငွေ ထပ်မပေးလျှင် ယခင် ဖောက်ထွင်းဝင်ရောက်ခဲ့မှုများကိုပါ ဖော်ကောင်လုပ်မည်ဟု သတိပေးနေသည်။

ဧပြီလ ၈ ရက်နေ့တွင် ဒီးန်သည် သူ့ရှေ့နေမှတဆင့် အစိုးရရှေ့နေနှင့် စကားပြောခိုင်းသည်။ ဟာဒီမန်းနှင့် အားလ် လစ်ချမန်း တို့သည် မစ်ချဲလ်ကို အပြတ်ရှင်းနိုင်ရေးအတွက် ဖောက်ထွင်းဝင်ရောက်ရန် သူ့ကို ဖိအားတွေ ပေးခဲ့သည်ဟု ဝန်ခံခဲ့သည်။ ထိုစဉ် မာဂရူးဒါးက အစိုးရရှေ့နေကို မစ်ချဲလ်နှင့် ဒီးန်တို့သည် ဖြစ်ရပ်မှန်ကို ဖုံးကွယ်ပြီး လိမ်လည်ထွက်ဆိုရန် သူတို့ကို ညွှန်ကြားခဲ့သည်ဟု ဖြောင့်ချက်ပေးပြန်သည်။ သူက လစ်ဒီ၏ ကျောက်ရိုင်းစီမံချက်ကိုပင် အသေးစိတ်ပြောပြပြီး ဖောက်ထွင်းဝင်ရောက်ခဲ့သူများကို နှုတ်ပိတ်ခအနေဖြင့် ငွေပေးခဲ့ရကြောင်း ဖော်ကောင်လုပ်ခဲ့သည်။

အစိုးရရှေ့နေများ၏ ဖိအားပေးမှုကြောင့် ဒီးန်လည်း ဖြောင့်ချက်ပေးတော့သည်။ ဟာဒီမန်းသည် နှုတ်ပိတ်ခပေးရာတွင် ပက်သက်နေပုံ၊ အားလ် လစ်ချ်မန်းသည် ဟန့်၏ မီးခံသေတ္တာအတွင်းမှ သက်သေခံအချက်အလက်များကို ဖျောက်ဖျက်ပစ်ခဲ့ကြောင်းတို့ကို ဖွင့်ဟဝန်ခံခဲ့သည်။

နစ်ဆင်သည် ဒီးန်ကို သမ္မတ၏ ဘဲဥပုံ ရုံးခန်းအတွင်းသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။ ဒီးန်က သူ့ကို သမ္မတ ကြိမ်းမောင်းတော့မည်ဟု ထင်ထားသည်။ သို့သော် နစ်ဆင်က သတိထားပြီး စကားလုံးလှလှလေးများဖြင့် သုံးနှုန်းပြောဆိုသွားခဲ့သည်။ ပထမဦးဆုံးအနေဖြင့် ဒီးန်က သူတို့ရုံးခန်းအတွင်း ပြောခဲ့သည့်စကားများကို အသံဖမ်းထားလေမလားဟု သံသယ ဖြစ်သွားမိသည်။

နစ်ဆင်သည် ဒီးန်ကို ဝါးတားဂိတ်တွင် ပါဝင်ပက်သက်နေမှုမှ နှုတ်ထွက်သွားစေချင်သည်။ ဒီးန်က ငြင်းဆိုသည့်အခါတွင် သူ့လုပ်ပိုင်ခွင့်အာဏာများကို ရုပ်သိမ်းလိုက်သည်။ ဆိနိတ်ကော်မတီရှေ့မှောက်တွင် အစစ်ခံပြီး တရားစွဲခံရပါက သူ့ကို သမ္မတအာဏာဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ရန် ဖြစ်သည်။ သို့သော် ထိုလုပ်ရပ်က ဒီးန်ကို ဆန့်ကျင်ဘက်အတွေး သက်ရောက်သွားစေသည်။ ဒီးန်သည် အစိုးရရှေ့နေများနှင့် ပူးပေါင်းလိုက်ပြီး သူ့ကို အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရန် ကြံဆောင်တော့သည်။ သူက သတင်းမီဒီယာသို့ သူ့အနေဖြင့် ဝါးတားဂိတ်အမှုတွင် ကြားမှ အချောင်ဝင်ပြီး ခံလိုက်ရသူ ဖြစ်ကြောင်း၊ အိမ်ဖြူတော်တွင် သူ နေထိုင်ရစဉ်က ပစ္စည်းများကို စုဆောင်းပေးရပြီး လက်လွှဲပြောင်းပေးခဲ့ရကြောင်း ဖွင့်ဟ ဝန်ခံတော့သည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts