ဖောက်သည်တွေ

ဖောက်သည်တွေ ရဲ့ အကြိုက်ကိုသိထားဖို့လို

အရောင်းထိရောက်အောင်မြင်ရေးအတွက် ဖောက်သည်တွေ ကို သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ စိတ်ကြိုက်အလိုက် အုပ်စုခွဲထားလို့ရပါတယ်။ ဒါဆိုရင် နောက်ထပ်ရောက်လာတဲ့ ဖောက်သည်တွေ ကို အဲဒီအတိုင်းစိစစ်ပြီး သက်ဆိုင်ရာအုပ်စုထဲမှာ ထည့်ထားလို့ရပါတယ်။ အခုလိုအုပ်စုခွဲထားရာမှာ လူတွေရဲ့စိတ်နဲ့ သူတို့ရဲ့တခြား အထွေထွေအကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအုပ်စုခွဲထားတာကို Psychographic လို့ ဝေါဟာရတစ်ရပ် တီထွင်သတ်မှတ်ထားတယ်။ Psychological နဲ့ Demographic ဆိုတဲ့ စာလုံးနှစ်လုံးပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒီလိုအုပ်စုခွဲထားတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေဟာ မိမိတို့ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ စိတ်ကြိုက်အလိုက် အဆက်အစပ်ရှိရှိ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဖောက်သည်တွေရဲ့ ” အထာ ” ကို ” ပေါက် ” နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟာ ဘယ်ဈေးကွက်မှာ ဘာကိုရောင်းရမလဲဆိုတာသိပြီး လုပ်ငန်းပေါက်ရောက်အောင်မြင်မှာဖြစ်ပါတယ်။


အယူအဆ
    ” ပျော်ရွှင်ရေးအတွက် သော့ချက် ” လို့ခေါ်တဲ့ မိမိကိုယ်မိမိစိစစ် မေးမြန်းကြည့်တဲ့နည်းတစ်နည်းကို ClubMed ဆိုတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် တီထွင်ကြံဆထားတာရှိတယ်။ ဒီစီးပွားရေးလုပ်ငန်း ( ခရီးသွားလုပ်ငန်း ) က သူ့ဖောက်သည်တွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ သူပေးတဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြဘူးဆိုတာသိတော့ ဘာကြောင့်ပါ လိမ့်ဆိုပြီး လေ့လာကြည့်တယ်။ အပန်းဖြေခရီးထွက်ချင်သူတွေကို သူတို့ရဲ့ စရိုက်သဘာဝနဲ့ မကိုက်ညီတဲ့နေရာတွေကို ရွေးပေးမိခဲ့တာကို တွေ့ရပါ တယ်။ ဥပမာအားဖြင့် မိသားစုတွေဟာ တစ်ကိုယ်ရေးတစ်ကာယသမားတွေ အတွက်သာ သင့်တော်တဲ့အပန်းဖြေနေရာတွေကို ( အဲဒီလိုမှန်းမသိလို့ ) မှားပြီး ရွေးမိလျက်သားဖြစ်သွားကြတယ်။ အဲဒီလိုပဲ ဒေသခံကလူတွေရဲ့ ဓလေ့ထုံးစံတွေကို လေ့လာချင်လို့ အမျိုးသားနဲ့ အမျိုးသမီးအတွဲတစ်တွဲဟာ လူသူတစ်ဦးတစ်ယောက်မှမရှိတဲ့ကျွန်းကို မှားပြီးရွေးမိတဲ့ အဖြစ်မျိုးလည်း ရှိတယ်။ ဒီလိုဖြစ်ရပ်တွေကို ဆက်လက်လေ့လာကြည့်တဲ့အခါ ClubMed က အောက်ပါလူတန်းစားငါးမျိုးကို တွေ့ရပါတယ်။
၁။ မိသားစုနဲ့ အေးအေးဆေးဆေးနေချင်သူတွေ
၂။ လူအများနဲ့စုပြီး ပါတီပွဲလုပ်ချင်ကြသူတွေ
၃။ အဆင့်အတန်းမြင့်ပြီး ဇိမ်ခံယူနေချင်ကြသူတွေ
၄။ ရောက်သွားတဲ့နေရာဒေသရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ ကြည်နှုး နှစ်လိုဖွယ်ရာတွေကို သိချင်ကြသူတွေ
၅။ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်းလုပ်လိုကြသူတွေ
    အထက်ပါ ” ပျော်ရွှင်မှုအတွက်သော့ချက် ” နဲ့ ဆက်စပ်နေတဲ့ လူတန်းစားတွေထဲမှာ ဘယ်လိုလူတန်းစားအဖြစ် ပါဝင်နေသလဲဆိုတာ ဖောက်သည်တွေကိုယ်တိုင် ဆန်းစစ်ပြီး အပျော်ခရီးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း ကိုယ်တိုင်ကလည်း သက်ဆိုင်တဲ့မေးခွန်းတွေမေးပြီး ဖောက် သည်တွေနဲ့ သင့်လျော်မယ့် အရပ်ဒေသကို အကြံပြုရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဖောက်သည်တွေအနေနဲ့ လိုအင်ဆန္ဒပြည့်ဝနိုင်တဲ့အတွက် လောလောဆယ်ရေတိုကာလအတွက် လုပ်ငန်းတိုးတက်တယ်။ ဒီလိုဆန္ဒပြည့်ဝတဲ့ဖောက်သည်တွေ နောက်ထပ်ကိုယ့်ဆီမှာ ထပ်လာကြတဲ့အတွက် ရေရှည်အကျိုးစီးပွားလည်းဖြစ်ထွန်းသွားနိုင်တယ်။


လက်တွေ့ဆောင်ရွက်ရန်
    ကိုယ့်ဖောက်သည်တွေကို နားလည်အောင်ကြိုးစားပါ။ ဖောက်သည်တွေဟာ ဘယ်သူတွေလဲ၊ ကိုယ့်လုပ်ငန်းဆီက သူတို့ဘာတွေလိုချင်တာလဲ၊ ဒါတွေသိဖို့အတွက် ဖောက်သည်တွေရဲ့ ထင်မြင်ယူဆချက်တွေကို သိရှိထားရင် အထောက်အကူဖြစ်ပါတယ်။
    ဈေးကွက်ကို ဖောက်သည်တွေရဲ့ အမျိုးအစားအလိုက် အုပ်စုခွဲထားပါ။ ဖောက်သည်တွေရဲ့ စိတ်နေသဘာဝ၊ သူတို့ရဲ့ လိုအပ်ချက်စတဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး အုပ်စုခွဲထားဖို့ ဖြစ်ပါတယ်။
    အုပ်စုတစ်ခုချင်းစီရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်အောင်အမျိုးမျိုးကြံဆထားပါ။
    ဖောက်သည်တစ်ဦးချင်းဟာ ဘယ်ဖောက်သည်အုပ်စုမှာပါတယ်ဆိုတာ သိအောင်လုပ်ပါ။ သိရင် သူတို့တစ်ဦးချင်းအလိုက် အကြိုက်ဆောင်ပေးပါ။
    ကိုယ့်ရဲ့ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုဟာ ဖောက်သည်အုပ်စု တစ်စုချင်းထဲက ဖောက်သည်တစ်ဦးချင်းနဲ့ အဆင်ပြေမယ့်ဟာမျိုးတွေ ဖြစ်ဖို့လိုတယ်။ အထူးသဖြင့် ဈေးနှုန်းနဲ့ နောက်ထပ်အပိုကြေးတွေဟာ အဲဒီဖောက်သည်တွေနဲ့ အဆင်ပြေနိုင်ဖို့လိုတယ်။
    ကိုယ့်လုပ်ငန်းထဲက ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ အထက် ပါ ဖောက်သည်အမျိုးအစားတစ်ဦးချင်းစီရဲ့ လိုအင်ဆန္ဒတွေကို နားလည် တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့နဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ဖို့ ဂရုစိုက်ပေးပါ။
    နောက်ထပ်အုပ်စုအသစ်တွေကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းပါ။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာအယူအဆချက်များမှ ကူးယူဖော်ပြသည်

စီးပွားရေး

Open More Online

Related Posts