မြန်မာလူမျိုးတို့သည် ရှေးအခါက တစ်အိမ်နှင့်တစ်အိမ် ကူးလူးဆက်ဆံသွားလာ၊ လည်ပတ်လေ့ရှိလျှင် မိမိရောက်ရှိရာအိမ်၏ နေထိုင် စားသောက်မှု ဓလေ့ကို စူးစမ်းအကဲခတ်ကြ၏။ အလျှင်ဦးဆုံး အိမ်တစ်အိမ်သို့ ရောက်လျှင် ဖိနပ်ချွတ်၊ သောက်ရေအိုးစင်၊ ဘုရားခန်းနှင့် အိမ်ထောင်ပရိဘောဂ အထားအသိုကို ယေဘုယျ အကဲခတ်ကြသည်။
အချို့သောအိမ် ဖိနပ်ချွတ်နေရာတွင် မိမိအိမ်သားတို့၏ ဖိနပ်တို့အား စီစီရီရီ ထားရှိကြ၏။ ဖိနပ်စင်ရှိလျှင် စနစ်တကျ ထားသည်ကို တွေ့နိုင်သည်။
အချို့သော အိမ်များကား ဖိနပ်တို့သည် ဟိုတစ်ဖက်၊ သည်တစ်ဖက်နှင့် ဖရိုဖရဲ ရှုပ်ပွေစွာ ရှိကြ၏။ လှန်သောဖိနပ်၊ ဇောက်ထိုးမှောက်ခုံဖြစ်သော ဖိနပ်ဖြင့် မျက်စိပသာဒ မရှိပေ။ ထိုကိုကြည့်ခြင်းအားဖြင့် ဤအိမ်ရှိ သူတို့အား … စည်းကမ်းသေဝပ်မှုမရှိ၊ ပေါ့ပေါ့တန်တန်နေသူများ၊ ဖြစ်ကတတ်ဆန်း နေတတ်သူများ၊ ပလွှားတတ်သူများအဖြစ် ယူမှတ်ရာသည်။
စည်းကမ်းရှိသောအိမ်၊ သန့်ရှင်းမှုကို နှစ်သက်သော အိမ်တို့၏ အထားအသိုနှင့် မနှစ်သက်သော အိမ်တို့၏ အထားမှာ ကွာခြားသည်။ လူတိုင်းသန့်ရှင်းမှုကို လိုလားကြသော်လည်း မလိုက်နာခြင်း၊ မလုပ်ဆောင်ခြင်းကြောင့်သာ ဤကဲ့သို့ ကွဲလွဲချက်များ မြင်နေရခြင်း ဖြစ်သည်။
တစ်ဖန်သောက်ရေအိုးကို မည်သို့စီမံထားသိုသည်ကို ကြည့်၏။ သန့်ရှင်းမှုရှိ၏လော။ သောက်ရေရှိ၏လော။ သောက်ရန်ရေခွက်၊ ဖန်ခွက်တို့ မည်သို့ စီမံထားလေသနည်း စသည်တို့ကို စူးစမ်းအကဲခတ်ကြ၏။ အချို့အိမ်သားတို့သည် သောက်ရေအိုးတွင် သောက်ရန်ရေကို အလျှော့မခံတတ်။ အေးချမ်းအောင် ပြု၍ ပြည့်ဝအောင် ထားရှိပေး၏။ “စီးပွားတက်ခြင်း အိမ်အေးချမ်းခြင်း” နိမိတ်ကို ဆောင်သည်ဟု ယူမှတ်၏။
အချို့အိမ်တို့ကား … သောက်ရေခမ်းလျက်၊ သောက်စရာခွက်ပက်လက်၊ အဖုံးအအုပ်ကင်းကွာ၍ ပေါ့တန်စွာ ထားကြ၏။ ထိုအိမ်မျိုးကို ရှေးမြန်မာ လူကြီးသူမတို့က အိမ်စီးပွားမတက်၊ အိမ်မအေးချမ်း ဟု အယူမှတ်၏။ “စားစရာမရှိလျှင်နေစေ၊ သောက်ရေတော့ဖြည့်ထား” ဟု လက်ဆင့်ကမ်း စကားအမှာထားကြသည်။
မိမိအိမ်သို့လာသူတစ်ဦးအဖို့
၁။ ဖိနပ်ချွတ်မည်။
၂။ ရေသောက်မည်။
၃။ ဧည့်ခန်းတွင် ဝင်ထိုင်မည်။
၄။ မျက်စိအကြည့်ဖြင့် စူးစမ်းမည်။
၅။ အထားအသို၊ ပြင်ဆင်မှုကို အကဲခတ်မည်။
၆။ ထိုသူပြန်သောအခါ၊ စိတ်တွင်းမှ ကောက်ချက်ချမည်။ (ယင်းကို အတင်းပြောသည်ဟု မှတ်ယူကြသည်။)
အထက်ပါအချက်များသည် မိမိကိုယ်တိုင် သူတစ်ပါးအိမ်သို့၎င်း၊ ကိုယ့်အိမ်သို့ သူတစ်ပါးလာလျှင်၎င်း၊ အလျှင်ဆုံး ပြုမူကြုံတွေ့ရမည့် အချက်များဖြစ်သည်။
ဧည့်ခန်းတွင် ဧည့်သည်တစ်ဦးတစ်ယောက် ထိုင်မိသည်နှင့် ယဉ်ကျေးပျူငှာစွာ ဧည့်ဝတ်ပြုခြင်း၊ ဧည့်ခံစကားပြောခြင်း၊ အပူ၊ အအေး၊ စားသောက် ဖွယ်ရာ တည်ခင်းကျွေးမွေးခြင်း စသည်တို့ကို မည်သို့ လုပ်ဆောင်သနည်း ဟူ၍ အကဲဖြတ်ကြသည်။ ကြည်လင်သောမျက်နှာ၊ ချိုသာသော စကား၊ တည်ငြိမ်သော အမူအယာဖြင့် ဧည့်ခံဝတ်ပြုတတ်သူကား စိတ်ထားမြတ်သော အထက်တန်းစားပီသသူ ဖြစ်၏။ ယဉ်ကျေးမှုမရှိသော ဧည့်ခံမှု၊ ဝတ်ကျေတန်းကျေ ခေါ်ပြောမှုနှင့် ရှုပ်ထွေးပွေလီနေသော ဧည့်ခန်း၊ ညစ်ပတ်နေသော စားပွဲခုံတို့သည် ထိုသူမိသားစု၏ အောက်တန်းကျသော စိတ်ပိုင်းဆိုင်ရာကို ဖော်ကျူးသည်။
သပ်ရပ်သော ဧည့်ခန်း၊ အစီအရီရှိသော ပစ္စည်းများ၊ သူ့နေရာနှင့်သူ နေသားတကျ ရှုမောဖွယ်ဖြစ်ရန် စီမံထားမှု၊ မျက်စိပသာဒဖြစ်စေရန် ထားသိုမှုတို့သည် ထိုအိမ်သူအိမ်သားတို့၏ စိတ်ပိုင်းဆိုင်ရာ မြင့်မားမှုကို ဖော်ကျူးသည်။ အချို့သောအိမ်တို့တွင် အဝတ်တန်းလန်းဆွဲ၊ အိမ်ရှိပစ္စည်းများ ပြန့်ကျဲလျက် မျက်စိရှုပ်စရာမြင်ကွင်းကို တွေ့နိုင်သည်။ ထိုအနိဋ္ဌာရုံတို့မှာ အိမ်သူအိမ်သားတို့၏ ကျင့်ဝတ်စည်းကမ်း၊ မည်မျှလိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို ဖော်ပြနေခြင်း ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့နီတိအခန်းတွင် “အိမ်တွင် ယဉ်ကျေးခြင်း” ဟူ၍
အထူးပြုထည့်သွင်းသင်ယူစေခဲ့ကြခြင်း ဖြစ်သည်။ လူကြီးများအဖို့
မိမိတို့ရင်သွေးငယ်တို့အား ငယ်စဉ်အခါမှပင် စတင်၍ အိမ်တွင်
ယဉ်ကျေးမှုရှိစေရန် သွန်သင်ဆုံးမပေးရန် လိုအပ်သည်။ ပြည်သူ့နီတိဖြစ်သော
အိမ်တွင် ယဉ်ကျေးခြင်းကို အောက်ပါအတိုင်း တွေ့နိုင်ပေသည်။
* မိမိနှင့် သင့်လျော်သောနေရာတွင် နေထိုင်ခြင်း။
* လူကြီးများနှင့် ဧည့်သည်များထံသို့ မခေါ်ဘဲနှင့် မသွားရ။
* ရွှင်ပျသော မျက်နှာထား၊ အမူအရာရှိအပ်၏။
* ကျယ်လောင်စွာ စကားပြောခြင်း၊ ဆူညံခြင်း မရှိစေရ။
* လူငယ်အချင်းချင်း သင့်တင့်စွာ နေရမည်။
* လူကြီးများအလုပ်ကို တတ်နိုင်သလောက် ကူညီရာ၏။
အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာနေလှန်းပေးရ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကိုတင်၍ စောင်၊ ခေါင်းအုံး စသည်တို့ကို နေရာတကျဖြစ်စေရန် ထားရှိရာ၏။ သူများမနိုးမီ သင်နိုးလျှင် အသံကျယ်စွာ မပြုနှင့်။ အိပ်နေသောသူများ မနိုးအောင် မသိပြုရာ၏။
တစ်စုံတစ်ရာလူကြီးများကပေးလျှင် လက်နှစ်ဖက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင်လည်း လက်နှစ်ဘက်ဖြင့် ပေးရာ၏။ ဝင်းတံခါး၊ ပြူတင်းတံခါး၊ အိမ်တံခါးတို့ကို ဖြည်းညှင်းစွာ ပိတ်ရာ၊ ဖွင့်ရာ၏။ အိမ်တွင်းသို့ ဝင်သောအခါ ဘိနပ်တွင် ကပ်ပါလာသော ဖုံ၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဘိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်ထားရာ၏။ ခွင့်မပြုသော နေရာတို့တွင် ဘိနပ်မစီးရာ။
မိမိတို့အိမ်သို့ ရောက်လျှင် စိုသောဘိနပ်၊ ခြေအိပ်စသည်တို့ကို ချက်ချင်းချွတ်၍ လှမ်းရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။ အစားအသောက် စားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးစားမှ အစာကြေ၏။ အလျင်စလို စားခြင်းနှင့် ထမင်းလုတ်ကြီးကြီး ယူငင်ခြင်း၊ ထမင်းလုတ် သွင်းပြီးလျက် စကားပြောခြင်း မပြုရာ။
ညီအစ်ကို၊ မောင်နှမအချင်းချင်း မျှတ၍ စားပါ။ လု၍ မစားပါနှင့်။ ထမင်းလုတ် အနားမရောက်မီ ပါးစပ်ဟထားခြင်းဖြင့် မစားရာ။ ပြတ်ပြတ်ဟူသော အသံမြည်စွာ မစားရာ။ ဟင်းရည်ခပ်သောက်လျှင် အသံမမြည်စေရာ။ ဇွန်းနှင့်မိမိသွားကို မထိခိုက်အောင် သတိထားပါ။ ဇွန်းသံ၊ ပန်းကန်သံ မကြားရအောင် တိတ်ဆိတ်စွာ စားရာ၏။ ဟင်းခတ်သောအခါ ဟင်းကို ထမင်းစားလက်ဖြင့် မကိုင်ရာ။ ထမင်းနှင့်ဟင်းကို လူမြင်မသင့်အောင် ရော၍ မနယ်ရာ။
လက်ကို ဟင်းရေ မပေစေရ။ ထမင်းမကပ်စေရ။ ဟင်းပန်းကန်ကို လက်နှင့် မနှိုက်ရ။ ထမင်းစားပြီးလျှင် သွားစုပ်ခြင်း မပြုရာ။ သွားကြားထိုးလိုလျှင် သူတစ်ပါးမမြင်ရာကွယ်၍ လုပ်ဆောင်ပါ။ ထမင်းစားပွဲပေါ် မတင်ရ။ တည့်မတ်စွာ ထိုင်၍ စားရာ၏။ တစ်စုံတရာ လိုအပ်၍ ဝေးနေလျှင် အနီးဆုံးလူကို တိုးတိုးကပ်တောင်းရာ၏။
သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟပ်ခြင်း စသည်တို့ မပြုအပ်။ စား၍ဝလျှင် မိမိကဦးစွာ မထပါနှင့်။ အကယ်၍ ဦးစွာ ထရန်ဖြစ်ခဲ့သော် ခွင့်တောင်းပြီးမှ ထရာ၏။ စားပွဲပေါ်မှ ဟင်းခွက်များကို အိန္ဒြေမရစွာ ဟိုရွှေ့သည်ရွှေ့ မပြုပါနှင့်။ လူကြီးမိဘနှင့် ဧည့်သည်တို့ ဘာကိုအလိုရှိသနည်းဟူသည်ကို သတိနှင့် ကြည့်ရာ၏။
သိလျှင် အသံမကြားစေရဘဲ ဖြည်းညှင်းစွာ ပြုလုပ်ပေးရာ၏။ မိဘတို့နှင့် ဧည့်စားပန်းကန်တို့ကို ဆေးကြောရန် အလိုက်သတိ သိမ်းဆည်းရာ၏။ ကာဖီ၊ လ္ဘက်ရည်တည်ခင်းရာတွင် အောက်ခံပန်းကန်ပြားထဲသို့ ထည့်မသောက်ရာ။ အချို့က ဤအပြုအမူသည် မယဉ်ကျေးဟု ထင်မှတ်၍ အောက်ခံပန်းကန်ပြားမှ ဖိတ်စင်မကျရန်၊ မပေစေရန် အောက်ခံပေးခြင်း ဖြစ်သည်။ မိဦး၊ ဖဦး နှိုက်ယူမစားရ။
ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ ကိုက်၍မစားပါနှင့်။ ထမင်းစားစဉ် စကားများများမပြောရ။ ရွှင်ပျဖွယ်နှစ်သက်ဖွယ်၊ ဝမ်းသာဖွယ် စကားမျိုသာ ပြောရာ၏။
ဤကား … ပြည်သူ့နီတိ အစဉ်လာလိုက်နာရာတို့ ဖြစ်ကုန်၏။ ယခုအခါ “ယဉ်ကျေးလိမ္မာသင်တန်း” များကလည်း ဤပြည်သူ့နီတိပါ အချက်များကိုပင် ဆုံးမနာယူစေရန် သင်ပြဆိုဆုံးမကြလေသည်။
အိမ်တွင် ယဉ်ကျေးခြင်းရှိမှသာလျှင် မည်သည့်အရပ်ဒေသမဆို၊ မိမိ၏ယဉ်ကျေးခြင်းကို အုပ်ထိန်းသူများတွင် တာဝန်အရှိဆုံးဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ လိုက်နာကြစေရန် သင်ပြပေးရပေမည်။
လောကတွင် လိုက်နာကျင့်ဆောင်အပ်သော စကားရပ်တို့ကို ကန်တော်မင်းကျောင်းဆရာတော်က “လောကသာရပျို့” နှင့် ဤသို့ ညွှန်ပြသွားခဲ့သည်။
* * သူကြီးမိဘ၊ ဆရာစသား
စိုးရသခင်၊ ကျေးဇူးရှင်တို့
ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း
ဝမ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့
ဆိုတုံ့မဝံ့၊ စောင်မာန်ညွှံ့၍
ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်
ကောင်းနေနှလုံး ယဉ်စေမင်း။
* * ကိုယ်နှုတ်နှလုံး၊ စောင့်သုံးမြဲစွာ
သတ္တဝါကို၊ မေတ္တာသက်ဝေ
ပေးဘို့ဝေ၍၊ စိတ်စေကြည်သန်
သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ
ချမ်းသာစီးပွား၊ နှစ်ပါးမြင်တတ်
သူတော်မြတ်ကို၊ မပြတ်ချစ်ခင်
မိတ်ကျွမ်းဝင်၍
မြဲပင်စင်းလျင်း ပေါင်းယှဉ်မင်း။
* * မိခင်၊ ဘခင်၊ ကျေးဇူးရှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး
သိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ
ရိုတုပ်ကွလျှက်၊ ကြီးထသက်အို
မျိုးဆွေကိုလည်း၊ ကြည်ညိုညွတ်တိမ်း
ပိုက်ထုတ်သိမ်း၍
ခပ်သိမ်းမယွင်း ငြိမ်းစေမင်း။
* * ပျူပျူငှာငှာ၊ လူတကာကို
သာသာချိုချို၊ ချစ်ဘွယ်ဆို၍
စိုစိုပြည်ပြည်၊ ကျင့်မှုနည်ဖြင့်
လည်လည်ပတ်ပတ်၊ လောကဝတ်တွင်
ပြတ်ပြတ်သားသား၊ အပြားပြားလျှင်
မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျှက်
သူစိမ်းသူကျက်၊ ပေါင်းဘက်သရွေ့
မိဘတွေ့သို့၊ မွေ့မွေ့လျှော်လျှော်
ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်
ဝတ်စားထောက်ပင့်၊ ဖြန့်ဖြူးဆင့်လျှက်
အတင့်ကျွန်ကျေး၊ ဆွေသားမြေးကို
ကျွေးမွေးမညှိုးငယ်စေနှင့်မင်း
(လောကသာရပျို့)
ထို့အတူ လောကဝတ်အတွက် မိဘတို့သည် မိမိတို့သားသမီးတို့အား ယဉ်ကျေးလိမ္မာစေရန် ဆုံးမစာတစ်ရပ် စီကုံးညွှန်ပြခဲ့သည်။ ထိုဆုံးမစာကို ရှင်မဟာရဋ္ဌသာရ စီကုံးခဲ့ပြီး ယနေ့တိုင် လိုက်တာကျင့်ဆောင်လျှက် ပြည်သူ့နီတိအဖြစ် ပြဋ္ဌာန်းခဲ့သည်။
* * မိခင်ဖခင်၊ ကျေးဇူးရှင်နှင့်
ထို့ပြင်တစ်ခြား၊ ဘိုးနှင့်ဘွားကို
ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်
စိတ်ကထင်လျှက်၊ ဦးတင်လက်ထား
အစားအဝတ်၊ မလွတ်စေရ
ရေပူရေအေး၊ လိုရာပေး၍
ကျွေးမွေးကြပေ။
အစ်ကိုကြီးအား၊ ညီငယ်များလည်း
စကားနှုတ်ဆက်၊ ဖက်၍မဆို
ရိုသေလှစေ၊ ကိုကြီးအစ်မ
သည်နှစ်ဝကို
မိဘကဲ့သို့ မှတ်ပါလေ။
* * ဆွေကြီး မျိုးကြီး၊ အဘကြီးနှင့်
ဦးရီးသားချင်း၊ ဘထွေးရင်းက
ဟူသမျှကို၊ ဂုဏဝုပ၊ ပစာယန
စိတ်ကသိစေ၊ ပြစ်မှားမိက မသင့်ချေ။
(ရှင်မဟာရဋ္ဌသာရ)
ရှင်မဟာသီလဝံသကလည်း လူငယ်လူရွယ်များ လိုက်နာဆောင်ရွက်ရမည့် အင်္ဂါရပ်တို့ကို ဤသို့ ဆိုဆုံးမပြသွားခဲ့ပြန်၏။
* * ကြီးသူခေါ်က၊ ကြွကြွလည်းလာ
ဗျာပါကျွန်ုပ်၊ ပုဆစ်တုပ်လျှက်
ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်သက်သည်
ကျောင်းထွက်လူပေ၊ ခေါ်ထိုက်စေ။