ဆော့ခရတ္တိ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း

ဆော့ခရတ္တိ၏ သူရသတ္တိ အယူအဆ (အပိုင်း – ၅)

စာပိုဒ် ၂၄ ~~~~
နိုက်
။     ။ လက်ခီ၊ ကြောက်သင့်ကြောက်ထိုက်သောအရာ၊ ရဲသင့်ရဲထိုက်သော အရာတို့ကို သိသောအသိသည် ပုစ္ဆန်းနတ်ဆရာတွင် မရှိ၊ သူရသတ္တိ ရှိသူတွင်သာ ရှိသည်။ ပုစ္ဆန်းနတ်ဆရာ သိသည်မှာ သေမှု၊ နာမှု၊ ပစ္စည်းပျောက်မှု၊ စစ်အောင်မှု၊ စစ်ရှုံးမှု ပြိုင်ပွဲတွင် နိုင်မှုရှုံးမှုတို့နှင့် စပ်လျဉ်း၍ နောင်အခါဖြစ်လာမည့် နိမိတ်လောက်သာ ဖြစ်သည်။ ဆိုခဲ့သော အမှုတစ်ခုခုတွင် တစ်ဦးတစ်ယောက်သောသူ၏ အကျိုးအတွက် သေသည်က ကောင်း မကောင်း၊ နိုင်သည်က ကောင်း မကောင်း၊ ရှုံးသည်က ကောင်း မကောင်းဟူသော အဆုံးအဖြတ်ကိုကား ပုစ္ဆန်းနတ်ဆရာ ပေးနိုင်သည် မဟုတ်ပါ။ ပုစ္ဆန်းနတ်ဆရာ မဟုတ်သူလည်း ပေးနိုင်သည်မဟုတ်ပါ။

လက်။     ။ အချင်း ဆော့ခရတ္တိ၊ နိုက်စိအ၏ ဆင်ခြေကို ကျွန်ုပ် နားမလည်နိုင်ပါ။ နိုက်စိအ၏ ဆင်ခြေအရသော် ပုစ္ဆန်းနတ်ဆရာလည်း သူရသတ္တိရှိသူ မဟုတ်၊ ဆေးဆရာလည်း သူရသတ္တိရှိသူ မဟုတ်၊ မည်သူမျှ သူရသတ္တိရှိသူမဟုတ်ဟု ဆိုရာရောက်နေသည်။ ထိုသို့ဖြစ်လျှင် လောကတွင် နတ်ဒေဝါတို့သာလျှင် သူရသတ္တိရှိကြ၏ဟု ဆိုရချိမ့်မည်။ အချင်း ဆော့ခရတ္တိ၊ ကျွန်ုပ်၏ အထင်မှာ နိုက်စိအသည် လျှာအရိုးမရှိ ပြောချင်ရာပြောမိသည်ကို ဝန်ခံလိုဟန် မတူပါ။ ဖုံးကွယ်လိုသောကြောင့် ထမင်းရည်ပူလာ လျှာလွှဲ ပြောနေသည်ဟု ကျွန်ုပ် ထင်သည်။ သူ ပြောသကဲ့သို့ ပြောကြစတမ်းဆိုလျှင် အသင်လည်း ပြောတတ်သည်သာ။ တရားခုံရုံးရှေ့တွင် အမှုနိုင်ရေးသက်သက်အတွက် ချေပပြောဆိုနေရသည်ဖြစ်လျှင် ပြောပါတော့။ ယခုကဲ့သို့သော စကားဝိုင်းတွင်ကား ဆင်ခြေဆင်လက် ထူမနေသင့်ပါ။ အနှစ်သာရမရှိသော စကားတို့ဖြင့် မိမိကိုယ်ကိုမိမိ တန်ဆာဆင်ခြင်း မပြုသင့်ပါ။ အချိန်ကုန်လှပါသည်။

ဆော့။     ။ အချင်း လက်ခီ၊ နိုက်စိအ၏ စကားတွင် ထမင်းရည်ပူလာလျှာလွှဲ သဘောပါသည်ဖြစ်လျှင် ထိုစကားကို နိုက်စိအ မဆိုသင့်ဟု ကျွန်ုပ်လည်း ယူပါသည်။ သို့ရာတွင် နိုက်စိအတွင် ဆိုစရာအထူးရှိသေးဟန် တူသည်။ နိုက်စိအသည် ပြောချင်ရာကို စွတ်၍ပြောနေသည်ဟု ကျွန်ုပ်မထင်ပါ။ ထို့ကြောင့် နိုက်စိအကို ကျွန်ုပ်တို့က အရှင်းခိုင်းကြမည်။ နိုက်စိအတွင် ဆိုစရာအထူးရှိ၏ဟု ကျွန်ုပ်တို့သိကြရလျှင် ကျွန်ုပ်တို့က ကြည်ဖြူကြရလိမ့်မည်။ ဆိုစရာအထူးမရှိဟု သိကြရလျှင်ကား သူ လွဲနေသည်ကို ကျွန်ုပ်တို့က ဖြောင့်ပေးကြရလိမ့်မည်။

လက်။     ။ ကောင်းပါပြီ။ ကျွန်ုပ်မှာ မေးစရာ ကုန်သလောက်ဖြစ်နေပြီ။ အသင်မေးချင်လျှင် မေးပါ။

ဆော့။     ။ ကျွန်ုပ်တို့ နှစ်ဦးစလုံးကပင် သိချင်ကြသည် ဖြစ်သောကြောင့် မေးလျှင် မမှားဟု ထင်ပါသည်။

လက်။     ။ မမှားဟု အသင် ထင်လျှင် အသင် မေးပါ။

စာပိုဒ် ၂၅

ဆော့။     ။ အရှင် နိုက်စိအ၊ ကျွန်ုပ်မေးသည်ကို ဖြေပါဘိ။ ကျွန်ုပ် တစ်ဦးတည်းလည်း မဟုတ်ပါ၊ ကျွန်ုပ်တို့ နှစ်ဦးစလုံးပင် အတူတူသိချင်ကြသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ နှစ်ဦးစလုံးကိုပင် ဖြေပါ။ သူရသတ္တိဟူသည် ကြောက်သင့်ကြောက်ထိုုက်သည်ကို လည်းကောင်း၊ ရဲသင့်ရဲထိုက်သည်ကို လည်းကောင်း၊ သိသော အသိတရားဖြစ်၏ဟု အသင် ဆိုလိုပါသလော။

နိုက်။     ။ ဆော့ခရတ္တိ၊ ထိုသို့ပင် ဆိုခဲ့ပြီ။

ဆော့။     ။ ကောင်းပြီ၊ အသင်၏ ဆင်ခြေအရသော် လူတိုင်းလူတိုင်းတွင် ထိုသို့သော အသိတရားသည် မရှိ၊ ဆေးဆရာတွင်လည်း မရှိ၊ ပုစ္ဆန်းနတ်ဆရာတွင်လည်း မရှိ၊ ထိုအသိတရား မရှိသမျှ ကာလပတ်လုံး ဆေးဆရာလည်း သူရသတ္တိရှိသူ မဟုတ်။ ပုစ္ဆန်းနတ်ဆရာလည်း သူရသတ္တိရှိသူ မဟုတ်။ အသင်ဆိုလိုသည်မှာ ထိုသို့ပေလော။

နိုက်။     ။ ထိုသို့ပင်။

ဆော့။     ။ ထိုသို့တပြီးကား၊ ထိုအသိတရားသည် ဆိုရိုးရှိသည့်အတိုင်း ‘ဝက်တိရစ္ဆာန်တိုင်းသိသော’ တရား မဟုတ်နိုင်။ ထို့ကြောင့် ဝက်တိရစ္ဆာန်တွင် သူရသတ္တိ မရှိဟု ဆိုရလိမ့်မည်။

နိုက်။     ။ ဆိုရမည်ပါ့။

ဆော့။     ။ ထိုသို့ဆိုလျှင် ခရော်နိုင်အန္နယမ် ဝက်မ (နတ်မျိုးနွယ်အာဇာနည်ဖြစ်သော သိဆိအကိုပင် အန်တုရဲသော သားရဲတိရစ္ဆာန်) လောက်ကြီးသော ဝက်တိရစ္ဆာန်ကြီးတွင်ပင် သူရသတ္တိမရှိဟု အသင်ဆိုရလိမ့်မည်။ အချင်း နိုက်စိအ၊ ထိုစကားကို ကျွန်ုပ်ဆိုရာတွင် ပြက်ရယ်ပြုနေသည် မဟုတ်ပါ။ သူရသတ္တိဟူသည် ကြောက်သင့်ကြောက်ထိုက်သည်ကို လည်းကောင်း၊ ရဲသင့်ရဲထိုက်သည်ကို လည်းကောင်း သိသော အသိတရားဖြစ်၏ဟု အသင်ယူခဲ့ပြီ။ ထိုအခါ အသင်၏အယူကို ကြိုက်သူအဖို့မှာ လူသားအချို့အတွက် သိရန်ခက်ခဲလှသော ထိုအသိမျိုးသည် ခင်္သြေ့ကဲ့သို့သော၊ ကျားသစ်ကဲ့သို့သော၊ တောဝက်ကဲ့သို့သော သားရဲတိရစ္ဆာန်တို့တွင် သူတို့သဘာဝအလျောက် ရှိသင့်ရှိထိုက်သလောက်ပင် မရှိဟု သူ ရဲရဲငြင်းနိုင်ပါမည်လော။ သူရဲရဲငြင်းနိုင်မှသာ သားရဲတိရစ္ဆာန်တိုင်းတွင် သူရသတ္တိမရှိဟု သူ ဆိုနိုင်လိမ့်မည်။ ကောင်းပြီ၊ မေးချင်ပါသည်။ ခင်္သြေ့ဟု လည်းကောင်း၊ ဆတ်ဟု လည်းကောင်း၊ နွားသိုးဟု လည်းကောင်း၊ မျောက်ဟု လည်းကောင်း အမျိုးအစားအားဖြင့် ကွဲပြားကြပါသော်လည်း သူရသတ္တိသည် ထိုသားရဲတိရစ္ဆာန်တို့တွင် သူတို့ သဘာဝအလျောက် ရှိသင့်သလေက်ပင် မရှိဟု သူ ဆိုရဲပါမည်လော။ သူ ဆိုရဲမည် မဟုတ်ပါ။

လက်။     ။ ဆော့ခရတ္တိ၊ ကောင်းလေစွ။ အသင်၏ စောဒနာစကားသည် လက်ဖျားခါလောက်ပါပေသည်။ အချင်း နိုက်စိအ၊ မှန်မှန်ပြောပါဘိ။ သူရသတ္တိရှိကြပေ၏ဟု ကျွန်ုပ်တို့အားလုံး ယူဆလက်ခံထားကြသော ဤသားရဲတိရစ္ဆာန်တို့သည် အကယ်ပင် လူသားတို့ထက် ပို၍သိကြ၏ဟု အသင် ဆိုမည်လော။ သို့တည်းမဟုတ် အသင်သည် အများ၏ ယူဆလက်ခံထားချက်ကို ဖီလာပြုလျက် ဤသားရဲတိရစ္ဆာန်တို့တွင် သူရသတ္တိမရှိဟု အသင် ငြင်းဆိုမည်လော။ အချင်း နိုက်စိအ ဖြေပါဘိ။

နိုက်။     ။ အချင်း လက်ခီ၊ ဉာဏ်မရှိသော အကြောင်းကြောင့် ကြောက်သင့်ကြောက်ထိုက်သည်ကို မကြောက်သော သားရဲတိရစ္ဆာန်တွင် သူရသတ္တိရှိ၏ဟု ကျွန်ုပ် ဆိုရမည်လော။ ထိုသို့သော အခြားသတ္တဝါတွင်လည်း သူရသတ္တိရှိသည်၍ ကျွန်ုပ် ဆိုရမည်လော။ ကျွန်ုပ် မဆိုနိုင်ပါ။ ဉာဏ်လည်း မရှိ၊ အကြောက်လည်း မရှိ၊ မိုက်မဲ၏ဟုသာ ဆိုချင်ပါသည်။ ဘေးဖြစ်တတ်သည်ဟု မသိသော အကြောင်းကြောင့် ဘေးကို မကြောက်သော ကလေးသူငယ်တွင် သူရသတ္တိရှိ၏ဟူသော စကားကို ကျွန်ုပ်ဆိုလိမ့်မည်ဟု အသင် အထင်ရှိပါသလော။ အကြောက်မရှိခြင်းနှင့် သူရသတ္တိရှိခြင်းတို့သည် မတူကြပါ။ လူအချို့တွင်သာ အသိတရားနှင့် ယှဉ်သော သူရသတ္တိသည် ရှိ၏။ များလှစွာသော ယောက်ျား မိန်းမတို့တွင်ကား၊ များလှစွာသော ကလေးလူငယ်တို့တွင်ကား၊ များလှစွာသော သားရဲတိရစ္ဆာန်တို့တွင်ကား အသိတရားကင်းသော မကြောက်စိတ်သာ ရှိကြသည်ဟု ကျွန်ုပ် ထင်သည်။ ကမူးရှူးထိုးပြုချင်ခြင်း၊ အတင့်ရဲချင်ခြင်းတို့သာ ရှိကြသည်ဟု ကျွန်ုပ်ထင်သည်။ သူရသတ္တိ ရှိပါပေသည်ဟု အသင်တို့ကလည်းကောင်း၊ လူအများကလည်းကောင်း ယေဘုယျအားဖြင့် ပြောဆိုနေကြသော အမူအရာတို့ကို ကမူးရှူးထိုးအမူအရာတို့သာ၊ အတင့်ရဲသောအမူအရာတို့သာဟု ကျွန်ုပ် ဆိုချင်သည်။ သူရသတ္တိ ရှိပါပေသည်ဟု ကျွန်ုပ်ဆိုချင်သော အမူအရာတို့ကား အခြားမဟုတ်၊ အသိတရားနှင့်ယှဉ်သော ကိုယ်နှုတ်နှလုံး အမူအရာတို့သာ ဖြစ်သည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts