141

အရည်အသွေးကို ဘယ်လိုတိုင်းတာမလဲ

ကျွန်မဆက်ပြီး အရည်အသွေးကို ဘယ်လိုတိုင်းတာကြသလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးချင်ပါတယ်။ ပစ္စည်းကိုပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပဲဖြစ်ဖြစ် ဘယ်လောက်အရည်အသွေးရှိတယ်ဆိုတာကို ပညာရှင်တွေ စုစည်းလက်ခံထားတဲ့ အချက်လေးတွေရှိပါတယ်။ ဒါတွေကတော့ –
၁။  ဘယ်လောက်အထိ မှီခိုအားထားနိုင်သလဲ။
၂။  ဘယ်လောက်ကြာကြာခံသလဲ။
၃။  စံချိန်စံညွှန်းမီသလား။
၄။  အပြင်ပန်းအမြင်လှရဲ့လား။
၅။  စားသုံးသူ ကျေနပ်မှုရှိရဲ့လားဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ ပစ္စည်းကိုပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပဲဖြစ်ဖြစ် မှတ်ကျောက်တင်ကြည့်တဲ့အခါမှာ အရည်အသွေး ဘယ်လောက်စံချိန်ရှိတယ်ဆိုတာ ပေါ်လာမှာဖြစ်ပါတယ်။

အသုံးချနိုင်စွမ်း

ဘယ်လောက်အထိ မှီခိုအားထားနိုင်သလဲဆိုတာဟာ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုရဲ့ အသုံးချနိုင်စွမ်းအားကို ဆိုတာပါပဲ။ ကိုယ်ကပေးတဲ့ ဝန်ဆောင်မှုက မိမိနိုင်ငံ၊ မိမိအလုပ်ဌာနအတွက် အသုံးဝင်ရဲ့လား၊ ထိရောက်မှုရှိရဲ့လား၊ မတတ်သာလို့ သုံးနေရတာလား၊ ဒါကို မှန်မှန်ကန်ကန် ဆုံးဖြတ်ရပါမယ်။ မိမိရဲ့ ဝန်ဆောင်မှုဟာ ဌာနအတွက်၊ အလုပ်အတွက်၊ အလုပ်ရှင်အတွက် လိုအပ်နေတယ်ဆိုရင် အရည်အသွေးရှိတာ၊ ဒါဆိုရင် အရည်အသွေး Quality ရှိတယ်၊ ဒါမှမဟုတ် မရှိသုံးသုံးနေရတာ၊ စိတ်တိုင်းကျစရာ မရှိဘူးဆိုရင် အရည်အသွေးမရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

တာရှည်ခံခြင်း

အရည်အသွေးကို တိုင်းတာရာမှာ တာရှည်ခံခြင်းကလည်း အရေးကြီးတဲ့ အရည်အသွေးရဲ့ အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။ တာရှည်ခံတယ်ဆိုတာက ပစ္စည်းကိုယ်တိုင်က ကောင်းလွန်းလို့ အကြမ်းပတမ်းသုံးတာတောင် မပျက်မစီးဘဲ တာရှည်ခံတာက ပစ္စည်းအရည်အသွေးနဲ့ ပက်သက်တဲ့ တာရှည်ခံမှုဖြစ်ပြီး ဒီပစ္စည်းကို ရိုရိုသေသေကိုင်တွယ်လို့ တာရှည်ခံတာကတော့ တာရှည်ခံဝန်ဆောင်မှုအရည်အသွေးပါ။ နှစ်ခုစလုံး အရေးကြီးပါတယ်။

ဘယ်သူမဆို ကိုယ့်ပစ္စည်းဆို ကိုယ် Ownership ရိုရိုသေသေကိုင်တတ်ကြပါတယ်။ ကျောင်းမှာ ကျောင်းသားတွေ ပြောကြတာရှိပါတယ်။ စာအုပ်ဖိုးတစ်သိန်း၊ ငါးသောင်းလောက်ပေးပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးဝယ်ထားတဲ့ ပစ္စည်းကိုင်တာကတစ်မျိုး၊ စာကြည့်တိုက်က စာအုပ်ငှားကိုင်တာက တစ်မျိုးပါ။ ကိုယ့်ဟာကိုယ်ကိုင်တဲ့ တန်ဖိုးကြီးစာအုပ်ကျတော့ စာအုပ်ကို အဖုံးလေးအုပ်ပြီး ရိုသေလိုက်တာ၊ ဟော စာကြည့်တိုက်က ငှားလာတဲ့ ရှားပါးစာအုပ်ဟောင်းကျတော့ ပစ်စလက်ခတ်ကိုင်တတ်ကြပါတယ်။ ကိုယ့်စာအုပ်ကိုယ်ကိုင်တဲ့ပုံစံက ဝန်ဆောင်မှုအရည်အသွေးရှိတဲ့ ပုံဖြစ်ပြီး စာကြည့်တိုက်က စာအုပ်ကို ကိုင်ပုံကျတော့ အရည်အသွေးမရှိတဲ့ ပုံဖြစ်ပါတယ်။ အရည်အသွေးကို တည်ဆောက်ရာမှာ စိတ်နေစိတ်ထား အရေးကြီးပါတယ်။

ကဲ ကားပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ လက်မှတ်ရောင်းတွေလည်း ဒီလိုပါပဲ။ ကားပိုင်ရှင်တွေကတော့ သူ့ကားကို ရေဆေးမယ်၊ ဆီထိုးမယ်၊ အရိပ်တကြည့်ကြည့်နဲ့ နေမယ်။ ဒါဟာ အရည်အသွေး တည်ဆောက်တာပဲ၊ ယာဉ်မောင်းနဲ့ လက်မှတ်ရောင်းက သူတို့နေ့တွက်ရရင်ပြီးရောဆိုပြီး ကားကို ဆောင့်ကြီးအောင့်ကြီး မောင်းမယ်၊ ချိုင့်ကိုမရှောင်ဘူး၊ စီးတဲ့သူကလည်း ကားကူရှင်ထိုင်ခုံကို ဘလိပ်ဓားနဲ့လှီးတာတို့ ရှိဖူးပါတယ်။ ဒါဟာ အရည်အသွေး မတည်ဆောက်နိုင်တာပါပဲ။

တာရှည်ခံဖို့ဆိုတဲ့ အရည်အသွေးက အရေးကြီးပါတယ်။ ဟိုတယ်ကြီးတစ်ခု ဖွင့်ခါစကတော့ ဝန်ဆောင်မှုကောင်းတယ်။ အဲဒီဝန်ဆောင်မှုကို တာရှည်မထိန်းနိုင်ရင် အရည်အသွေးကျတာပဲ။ နောက် မုန့်ဟင်းခါးဆိုင်၊ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်စမှာတော့ ဆိုင် အဆောက်အဦကိုရော၊ ပန်းကန်ခွက်ယောက်ရော၊ အရသာရော ကောင်းပါတယ်။ ဒါကို တာရှည်မထိန်းထားနိုင်တာ အရည်အသွေးကျတာပဲ။

လက်မှတ်ရောင်းလေးက အသစ်ကလေး၊ အဝတ်အစားကလည်း သပ်သပ်ရပ်ရပ်လေးနဲ့၊ အပြောအဆိုကလည်း ကျောင်းကထွက်လာခါစဆိုတော့ ယဉ်ကျေးတယ်၊ အဲဒီကားလိုင်းမှာ စီးကြတဲ့ ခရီးသည်တွေက လက်မှတ်ရောင်း စပယ်ယာလေးကို ဝိုင်းချစ်ကြတယ်။ ဒါပေမယ့် ဒါက တာရှည်မခံဘူး။ ကြာတော့ အရင်လက်မှတ်ရောင်းတွေနဲ့ ရောပြီး အဝတ်အစားရော၊ အပြောအဆိုပါ ပျက်လာတယ်။ ဒါဟာ အရည်အသွေးကို မထိန်းနိုင်တာ ဖြစ်ပါတယ်။ ကောင်းတဲ့အရည်အသွေးကို တာရှည်ခံအောင် ထိန်းမှ အရည်သွေးဟာ တည်တံ့မယ်၊ အရည်အသွေးဆိုတာလည်း မထိန်းသိမ်းရင် ပျက်စီးတယ်လို့ မှတ်သားထားစေလိုပါတယ်။

စံချိန်စံညွှန်း

ဝန်ဆောင်မှုပဲဖြစ်ဖြစ်၊ ပစ္စည်းကိုပဲဖြစ်ဖြစ် ခုခေတ်မှာ စံချိန်စံညွှန်းသတ်မှတ်ချက်ဆိုတာ ရှိပါတယ်။ အဲဒီ စံချိန်စံညွှန်းသတ်မှတ်ချက်တွေ ပြည့်မီဖို့လိုပါတယ်။ ယာဉ်မောင်းများလိုက်နာရမယ့် စံချိန်စံညွှန်း၊ လက်မှတ်ရောင်း စပယ်ယာတို့ လိုက်နာမယ့် စံချိန်စံညွှန်း၊ ပိုင်ရှင်တွေ လိုက်နာရမယ့် စံချိန်စံညွှန်း၊ စည်းကမ်းတွေ၊ ခရီးသည်တွေ လိုက်နာရမယ့် စံချိန်စံညွှန်းတွေ၊ သတ်မှတ်တာတွေ ပြည့်စုံရပါတယ်။

ယာဉ်မောင်းတွေအတွက် ဂိတ်ရင်းဂိတ်ဖျား အချိန်ဘယ်လောက်ကြာရမယ်ဆိုတာ ရှိပါတယ်။ ယာဉ်ပိုင်ရှင်တွေအတွက်လည်း သန့်ရှင်းရမယ်၊ ဘီးတွေကောင်းရမယ်၊ တာယာတွေ ပန်းမရှိတာ မဖြစ်စေရဘူး။ စပယ်ယာတွေလည်း ယဉ်ကျေးစွာ ပြောဆိုရမယ်၊ တူညီဝတ်စုံ ဝတ်ရမယ်ဆိုတာတွေ၊ ခရီးသည်များကိုလည်း တွယ်မစီးရဘူး၊ ခေါင်မိုးပေါ်မှာ မစီးရဘူးဆိုတာတွေကို သတိပေးရမယ်။ ခရီးသည်များကလည်း ဒီခရီးနဲ့ ဒီခရီး၊ ခရီးသည်ပို့ဆောင်ခတွေ ဒါလောက်ပေးပြီးစီးရမယ်ဆိုတာ စံချိန်စံညွှန်း သတ်မှတ်ထားတာတွေ ရှိပါတယ်။ ဒါတွေဟာ အရည်အသွေးဆိုင်ရာ ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်တွေကို လိုက်နာတာဟာ အရည်အသွေး တည်ဆောက်တာပါပဲ။

အသွင်အပြင်

နောက်တစ်ချက်က အသွင်အပြင်ပါ။ အသွင်အပြင်ကလည်း အရေးကြီးပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဝန်ဆောင်မှုပေးတဲ့သူရဲ့ အသွင်အပြင် ကောင်းဖို့လိုပါတယ်။ အမြင်ကောင်းဖို့ လိုပါတယ်။ ခရီးသည်တင် ဘတ်စ်ကားကြီးက အထဲမှာ စက်ကတော့ အလွန်ကောင်းပါတယ်၊ ဒါပေမယ့် ရွှံ့တွေလည်းပေ၊ သပ်သပ်ရပ်ရပ်လည်း မရှိရင် ခရီးသည်ဟာ မလွှဲမရှောင်သာလို့ စီးရပေမယ့် မစီးချင်ကြပါဘူး။ စက်ကောင်းတာက နောက်၊ အမြင်သပ်ရပ်ဖို့လည်း လိုပါတယ်။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှာ တက်စီးလို့ရရင်ပြီးရော လုပ်လို့မရပါဘူး။ ပို့ဆောင်ပေးတဲ့ ကားပဲဖြစ်ဖြစ်၊ ရထားပဲဖြစ်ဖြစ်၊ လေယာဉ်ပဲဖြစ်ဖြစ်၊ သင်္ဘောပဲဖြစ်ဖြစ် သန့်သန့်ပြန့်ပြန့်ရှိဖို့ လိုပါတယ်။ ခရီးသည်များ ဘေးအန္တရာယ်ကင်းဖို့ လိုပါတယ်။ ကြံ့ခိုင်ဖို့၊ လှပဖို့တောင် လိုပါတယ်။ မော်တော်ကားဖြစ်ပြီးရော လုပ်လို့မရပါဘူး။

အရည်အသွေးဆိုရာမှာ အနှစ်သာရအရည်အသွေးသာမက အသွင်သဏ္ဍာန်ရဲ့ အရည်အသွေးကလည်း ထိပ်တန်းအရေးကြီးပါတယ်။ ဒါကို အသွင်သဏ္ဍာန်နဲ့ အနှစ်သာရလို့ ခေါ်လည်းရပါတယ်။ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အရည်အသွေးရှိဖို့ လိုပါတယ်။

အခု ကုန်ပဒေသာဆိုင်တွေသွားရင် ဖောက်သည်ဝယ်ပြီးတဲ့ပစ္စည်းကို သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီးမှ ပေးပါတယ်။ ထုပ်ပိုးမှု (Packing) ကို အထူးဂရုစိုက်ပါတယ်။ စက်ရုံက ထုတ်လိုက်ကတည်းက သူတို့ပစ္စည်းကို လှလှပပထုတ်ပိုးပြီးမှ ဈေးကွက်ထဲပို့ပါတယ်။

ကျေနပ်မှု

အရည်အသွေးတည်ဆောက်ရာမှာ စားသုံးသူကျေနပ်မှုဟာ အရေးကြီးပါတယ်။ ကျေနပ်မှုဆိုရာမှာ စားသုံးသူကျေနပ်မှုရှိဖို့ လိုသလို ပထမ ကိုယ့်ကိုယ်ကို ကျေနပ်ဖို့လိုပါတယ်။ ဝန်ဆောင်မှုပေးသူဟာ သူ့ဟာသူမှမကျေနပ်ရင် ဝန်ဆောင်မှုကို လက်ခံသူကရော ဘယ်ကျေနပ်နိုင်ပါ့မလဲ။ ဒါပေမယ့် ဝန်ဆောင်မှုကို လက်ခံရယူသူရဲ့ ကျေနပ်မှုက အရေးကြီးဆုံး ဖြစ်ပါတယ်။ စားသုံးသူရဲ့ ကျေနပ်မှုအရေးကြီးတယ်ဆိုရာမှာ စားသုံးသူမကျေနပ်ရင် သူက ကိုယ့်ပစ္စည်းကို မသုံးဆောင်တော့ဘူး၊ သူမသုံးရင် ကိုယ့်လုပ်ငန်းပျက်ပါရော။

ဒီမော်တော်ကားလိုင်းက စပယ်ယာက အပေါက်ဆိုးတယ်၊ အပြောအဆို မယဉ်ကျေးဘူး၊ ယာဉ်မောင်းကလည်း ကားကို ဆောင့်ကြီးအောင့်ကြီးမောင်းတယ်ဆိုရင် ယခုကာလမှာ တခြားမော်တော်ယာဉ်လိုင်းကို ပြောင်းစီးကြဖို့ စားသုံးသူတွေမှာ ရွေးချယ်ခွင့်တွေ ရှိလာတယ်။ စားသုံးသူဟာ သူကျေနပ်မှ ဝယ်ယူသုံးစွဲမှာဖြစ်လို့ စားသုံးသူကျေနပ်မှုရအောင် လုပ်ဆောင်ဖို့ဟာလည်း အရေးကြီးတယ်။ စားသုံးသူကျေနပ်မှုဟာလည်း အရည်အသွေးတစ်ရပ် ဖြစ်တယ်လို့ တင်ပြရပါတယ်။ အရည်အသွေးကို တိုင်းတာရာမှာ စားသုံးသူရဲ့ ကျေနပ်မှုပေတံနဲ့လည်း တိုင်းတာကြရမှာ ဖြစ်ကြောင်း တင်ပြရပါတယ်ရှင်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts