144

အရည်အသွေးကိုတိုးတက်လျှင် အမြတ်အစွန်း တိုးပွားမည်

ကျွန်မတို့အရည်အသွေးအကြောင်းကို ဆက်ပြောကြရအောင်ပါ။ အရည်အသွေးဆိုရင် ပစ္စည်းကို အရင်ကြည့်ဖို့လိုပါမယ်။ ပစ္စည်းကိုကြည့်လို့ ပစ္စည်းက အရမ်းကောင်းနေရင် လူတွေရဲ့စိတ်ထဲမှာက –
၁။  ဈေးတော့ကြီးမှာပဲ
၂။  ပြန်ရောင်းရင် အမြတ်နည်းမယ်လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ လက်တွေ့မှာ အဲသလိုချည်းတော့ မဟုတ်ပါဘူး။ အရည်အသွေးကို မြှင့်တင်နိုင်ရင် လမ်းကြောင်းနှစ်ကြောင်း ဖြစ်ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းနှစ်ရပ်ကို သတိထားကြရပါမယ်။ ဒါကဘာလဲဆိုတော့ –
ပထမလမ်းကြောင်းက အရည်အသွေးရှိတဲ့ ပစ္စည်းကို ကိုယ်က ပြန်ရောင်းတဲ့အခါ ပိုပြီးအောင်မြင်တာကို တွေ့ရပါတယ်။

ဒုတိယတစ်ချက်ကတော့ ပစ္စည်းဟာ အရည်အသွေးကောင်းတဲ့အတွက် အသုံးပြုရတာ တာရှည်ခံတာရယ်၊ ပြုပြင်ရတဲ့စရိတ် သက်သာတာရယ်တို့ကြောင့် အရည်အသွေးရှိတဲ့ ပစ္စည်းတွေသုံးရင် ကုန်ကျစရိတ်သက်သာတာကိုလည်း တွေ့ရပါတယ်။

အရည်အသွေးကောင်းတဲ့ပစ္စည်းကို စားသုံးသူက ပိုပြီးလက်ခံတတ်ပါတယ်။ စားသုံးသူဟာ တတ်နိုင်ရင် သူက အရည်အသွေးရှိတာကို မက်မောတာပါ။ အရည်အသွေးကောင်းတဲ့ ပစ္စည်းများ ကိုယ့်လက်ထဲမှာ ရှိတယ်ဆိုရင် ပြန်ရောင်းတဲ့အခါမှာလည်း ဈေးတင်ပြီး ရောင်းလို့ရပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေဟာ အသိအမှတ်ပြုလည်း ခံရပါတယ်။ ဘယ်တံဆိပ်လေးကတော့ ကောင်းတာပဲ၊ ဆီဆိုရင်လည်း မွှေးနေတာပဲ၊ အကြော်ခံတယ်၊ သန့်နေတာပဲ စသည်ဖြင့်  အသိအမှတ်ပြုပြောကြားတဲ့နေရာမှာ အဝတ်အစားပဲဖြစ်ဖြစ်၊ လူသုံးကုန်ပစ္စည်းပဲဖြစ်ဖြစ် ဒီလိုပဲ ပြောတတ်ကြပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့ကိစ္စပါ။

လူတွေက အရည်အသွေးကောင်းတဲ့ ပစ္စည်းကို အသိအမှတ်ပြုလိုက်တာနဲ့ အဲဒီအသိအမှတ်ပြုခံရတဲ့ တံဆိပ် ‘Brand’ ဟာ ထင်ပေါ်လာတယ်။ ‘Branded’ ဖြစ်လာတယ်။ ဒီတံဆိပ်ဟာ အသိအမှတ်ပြုခံလာရတယ်။

စားသုံးသူတွေဟာ တံဆိပ်တွေအကြောင်းကို အများကြီးပြောကြတယ်။ ဥပမာ-စားသောက်ဆိုင်ဆိုပါတော့ ‘ရွှေဘဲ’ ဟာ တံဆိပ်တစ်ခုပါပဲ …။

ရွှေဘဲက ဘဲကင်မှ ကောင်းတာ၊
ရွှေဘဲ ဘဲကင်က မွှေးနေတာပဲ၊
ရွှေဘဲ ဘဲကင်က ကြွပ်တယ်၊ ရွရွလေးဆိုတာတွေဟာ ရွှေဘဲရဲ့ အရည်အသွေးတွေပါပဲ။

ရွှေဘဲဟာ သူ့ဘဲကင်ရဲ့ အရည်အသွေးကို ထိန်းထားရင် သူ့တံဆိပ်ဟာလည်း လူသိများလာပြီး လူတိုင်းလက်ခံလာမယ်ဆိုရင် ရောင်းအားလည်း တိုးလာမှာသေချာပါတယ်။ ဒါကြောင့် အမြတ်အစွန်းရဖို့ဆိုရင် အရည်အသွေးကို ဂရုစိုက်ရပါမယ်။

နောက်တစ်ခါကျတော့ အရည်အသွေးဟာ ကုန်ကျစရိတ်ကို လျှော့ချနိုင်တယ်လို့ ကျွန်မပြောရင် နားထဲမှာ အဆန်းဖြစ်သွားမှာ အမှန်ပါပဲ။ အမှတ်တမဲ့ဆိုရင် နားမလည်နိုင်အောင်တောင် ဖြစ်နိုင်ပါတယ်။

ဒါကို ကျွန်မ ရှင်းပြပါမယ်။

အရည်အသွေးတိုးတက်လာမယ်ဆိုရင် အရည်အသွေးရှိတဲ့ ပစ္စည်းတွေဟာ ပြန်လည်ပြင်ဆင်ရတာ လျော့သွားမယ်။ ဒါက ဘာဆိုလိုလဲဆိုတော့ လျှပ်စစ်ပစ္စည်းတွေအတွက် အာမခံကတ်ပြား ‘Warranty Card’ ထုတ်ပေးထားတယ်။ သူက တစ်နှစ်အာမခံတယ်။ သူများတကာတွေရဲ့ လျှပ်စစ်ပစ္စည်းတွေကလည်း တစ်နှစ်အာမခံတော့ မိမိပစ္စည်းကိုလည်း အာမခံရတာပေါ့။ အာမခံပြီးတော့ ကိုယ့်ပစ္စည်းအရည်အသွေး မကောင်းလို့ တစ်နှစ်အတွင်း ခဏခဏပြန်ပြင်ပေးနေရရင်၊ ပြန်လျော်ပေးနေရရင်၊ နာမည်လည်းပျက်၊ ငွေလည်းထပ်ကုန်၊ လူလည်းပင်ပန်း ဖြစ်ရတတ်ပါတယ်။

ကိုယ့်ပစ္စည်းက အရည်အသွေးရှိရင် တစ်နှစ်အတွင်း ပြန်ပြင်ပေးရတာ၊ အာမခံအတိုင်း လုပ်ပေးရတာမရှိရင် ပိုက်ဆံလည်း ထပ်မကုန်၊ ဝန်ဆောင်မှုလည်း ထပ်မပေးရဘဲ အမြတ်အစွန်းထဲက ဖဲ့ပြီး မပေးရဘူးပေါ့။

ခုနစားသောက်ဆိုင်မှာလည်း ဒီလိုပါပဲ။ ဟင်းတစ်မယ်ကို အသားဝယ်ကတည်းက အရည်အသွေးရှိအောင် လုပ်ထားမယ်၊ ခုတ်ထစ်ကတည်းက ချက်ပြုတ်ပြင်ဆင်ကတည်းက အရည်အသွေးရှိရင် စားသုံးသူက နှစ်ခြိုက်တာပေါ့။ ဒါမှမဟုတ် ဟင်းကငန်မယ်၊ ပေါ့မယ်၊ အတုံးတုံးတာ မလှဘူးဆိုပြီး စားသုံးသူက ဟင်းကို ကြေး(ဂျီး)များရင် ပြန်လည်း ပြင်ပေးရဦးမယ်၊ နာမည်လည်းပျက်မယ်။ ငန်လိုက်တာလို့ စားသုံးသူက လိုက်ပြောရင် ဖောက်သည်တောင် ထပ်ပျက်နိုင်သေးလို့ အရည်အသွေးကို ကျွန်မတို့ ဂရုစိုက်ကြရပါမယ်။

ဒါကြောင့် ပစ္စည်းကို စ,ထုတ်ကတည်းက အရည်အသွေးရှိတဲ့ ပစ္စည်းကိုထုတ်ရင် အလျော်အစားပေးရတာလည်း အင်မတန် နည်းသွားမယ်။ ကိုယ့်ဘက်က ကုန်ထုတ်လုပ်မှု ဖြစ်စဉ်တစ်လျှောက်လုံး အရည်အသွေးကို သတိထားရင် ပစ္စည်းတိုင်းအရည်အသွေးမီထုတ်နိုင်လို့ ကုန်ကျစရိတ်လည်း လျော့ကျလာဦးမှာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရင်ပြောမနေနဲ့၊ အမြတ်အစွန်းက တက်လာမှာပါပဲ။

ဒါကြောင့် အရည်အသွေး ‘Quality’ ရှိရင် ဈေးကြီးမယ်၊ ဈေးကြီးရင် ကိုယ့်အတွက် မကျန်ဘူးလို့ ယူဆလို့မရပါဘူး။ အရည်အသွေး ‘Quality’ ကောင်းရင် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကလည်း အလွန်ကောင်းတာ တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ဟာ ကုန်ပစ္စည်းထုတ်လုပ်ရာမှာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပေးရာမှာပဲဖြစ်ဖြစ် အရည်အသွေးကို ဂရုစိုက်ရမည့်အကြောင်း အရည်အသွေးကို မျက်ကွယ်ပြုလို့မရတဲ့အကြောင်း တင်ပြရပါတယ်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts